ဘာနေဗျူးကွင်းမှာ ရီးရဲလ်ကို (၃) ဂိုးပြတ် အနိုင်ယူပြီး စပိန်ဘုရင့်ဖလားမှာ စံချိန်သစ်ရေးထိုးခဲ့တဲ့ ဘာစီလိုနာ

sp2.jpg

ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ရီးရဲလ်ကို (၃) ဂိုးပြတ် အနိုင်ယူပြီး (၂) ကျော့ပေါင်းရလဒ် (၁-၄) ဂိုးနဲ့ ဗိုလ်လုပွဲ တက်လှမ်းသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ရီးရဲလ်က အသာရခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု (၂) ကြိမ် လုပ်နိုင်ခဲ့ပေမဲ့ ဘာစီလိုနာကတော့ ပထမပိုင်းမှာ အခွင့်အရေး မရခဲ့ပါဘူး။

ပွဲချိန် (၅၀) မိနစ်မှာ ဒမ်ဘီလီ ထိုးပေးတဲ့ ဘောလုံးကို ဆွာရက်ဇ် ကန်သွင်းရာမှာ ရီးရဲလ်ဂိုးသမား ကေလာနာဗက်စ် ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကနေ ဝင်သွားလို့ ရီးရဲလ် ဂိုးပေးခဲ့ရပါတယ်။

ရီးရဲလ်က ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားချိန်မှာ ဘာစီလိုနာက တန်ပြန်တိုက်စစ် ကစားခဲ့ပါတယ်။ ရီးရဲလ်ဘက်က ရီဂွယ်လွန်ရဲ့ခေါင်းတိုက်ချက်ကို ဘာစီလိုနာ ဂိုးသမား စတီဂျန် လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကာဗာဂျယ်ရဲ့ကန်ချက်ကိုလည်း စတီဂျန်က ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။

ပွဲချိန် (၆၈) မိနစ်မှာ ညာတောင်ပံကနေ ဒမ်ဘီလီ ထိုးပေးလိုက်တဲ့ဘောလုံးကို ဆွာရက်ဇ် မပိတ်နိုင်အောင် ဗရာနီ ပြေးဝင်တားဆီးခဲ့ပေမဲ့ သူ့ခြေထောက်နဲ့ထိပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ရီးရဲလ်ဟာ ဘယ်တောင်ပံက ဗင်နီရှပ်ဂျူနီယာရဲ့ မွှေနှောက်မှုကို အဓိက အားကိုးခဲ့ရပြီး ဘန်ဇီမာကလည်း လူကပ်ခံထားရလို့ မလှုပ်နိုင်ခဲ့ပါဘူး။

ဗင်နီရှပ်ဂျူနီယာဟာ တစ်ပွဲလုံးမှာ ဂိုးပေါက်ခြိမ်းခြောက်မှု (၆) ကြိမ် လုပ်နိုင်ခဲ့ပေမဲ့ တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ ဘာစီလိုနာကတော့ ဂိုးပေါက်ခြိမ်းခြောက်မှု (၄) ကြိမ်လုပ်ပြီး (၃) ဂိုး သွင်းနိုင်ခဲ့တာပါ။

ပွဲချိန် (၇၁) မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဧရိယာအတွင်း ဆွာရက်ဇ် လှည့်ထွက်ချိန်မှာ ကက်စမဲရိုးက သူ့ခြေထောက်ကို တက်နင်းခဲ့လို့ ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီပင်နယ်တီကို ဆွာရက်ဇ်ပဲ ကန်သွင်းပြီး ဘာစီလိုနာအတွက် ပွဲသိမ်းဂိုး သွင်းပေးခဲ့တာပါ။

နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ တစ်ဂိုးစီ သရေကျခဲပေမဲ့ ဘာနေဗျူးကွင်းမှာ ရီးရဲလ်ကို ဂိုးပြတ်အနိုင်ယူပြီး စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ ဘာစီလိုနာဟာ စပိန်ဘုရင့်ဖလားမှာ ဗိုလ်လုပွဲ (၆) ကြိမ်ဆက်တိုင် တက်လှမ်းနိုင်ခဲ့တဲ့ ပထမဆုံးလာလီဂါအသင်းအဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top