အစားစားရင်း အခန့်မသင့်လို့ အရိုးစူးနေပြီလား…ဒါလေးတွေလုပ်ကြည့်ပါ

45ff2190802f9793d44160c4e551925c_XL.jpg

နေ့စဉ် အစာစားပြီးရှင်သန်နေရတဲ့ လူတစ်ယောက်အနေနဲ့ ဘဝမှာ တစ်ခါတော့ အစာအစားရင်း ငါးရိုးစူးတာ၊ ကြက်ရိုးစူးတာတွေကို ကြုံဖူးကြမှာပါ။ အစားတစ်လိုင်းတွေဆို ပိုဆိုးမှာပေါ့။ စားလို့ကောင်းနေပါတယ်ဆိုမှ အရိုးကစူးနေတော့ တော်တော်ကသိကအောက်ဖြစ်စရာပဲ မဟုတ်လား။ အဲဒီအခါကျရင် ပူထူပြီး အရိုးကျအောင် လုပ်မိလုပ်ရာတွေလုပ်တတ်ကြပါတယ်။ မကျတဲ့အပြင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် အစာစားရင်း အရိုးစူးပြီဆိုတာနဲ့ ဘာတွေ လုပ်ရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

ဘာအရိုးတွေက အစားစားရင်း အများဆုံးစူးတတ်သလဲ
အဖြစ်အများဆုံးကတော့ ငါးရိုးစူးတာ၊ ကြက်ရိုးစူးတာတွေ ဖြစ်ပါတယ်။ အရိုးများတဲ့ငါးကို အသားနွှင်စားရင်းပဲဖြစ်ဖြစ်၊ မုန့်ဟင်းခါးစားရင်း ဟင်းရည်ထဲမှာ အရိုးပါလာတာပဲဖြစ်ဖြစ်၊ ကြက်သားသုပ်တွေမှာ အရိုးနည်းနည်းပါလာတာပဲဖြစ်ဖြစ် မသိလိုက်မိဘဲ စားမိ မျိုချမိလိုက်တဲ့အခါ အရိုးစူးတတ်ကြပါတယ်။အဲဒီလိုဖြစ်လာပြီဆို ထူပူပြီး မလုပ်သင့်တာတွေလုပ်မိရင် အရိုးမကျဘဲနဲ့ ပိုပြီးနစ်ဝင်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အရိုးစူးပြီဆို ဘာတွေလုပ်ကြမလဲ
အရိုးစူးတာက အသက်အန္တရာယ်မရှိတတ်ပေမဲ့ ဆေးရုံဆေးခန်း သွားရလောက်တဲ့ အထိ တစ်ရံတစ်ခါဒုက္ခပေးတတ်ပါတယ်။ အခန့်မသင့်ရင် ခွဲစိတ်ရတဲ့အထိတောင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရိုးစူးပြီဆို သေချာဂရုစိုက်ဖို့လိုပါတယ်။ ဆေးခန်းရောက်တဲ့အထိမပြင်းထန်အောင် အိမ်မှာအမြန်လုပ်လို့ရတဲ့ အရိုးကျနည်းလေးတွေ ပြောပြချင်ပါတယ်။

ချောင်းဆိုးထုတ်ကြည့်ပါ
ချောင်းဆိုးတယ်ဆိုတာ အပြင်ကဝင်လာတွေကိ ုပထမဆုံးတုံ့ပြန်တဲ့ ကိုယ်ခန္ဓာရဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ချောင်းဟပ်လိုက်ပြီဆိုတာနဲ့ လည်ပင်းကြွက်သားတွေက ကျုံ့လိုက်တော့ စူးနေတဲ့ငါးရိုးကို ညှစ်လိုက်သလိုဖြစ်ပြီး ငါးရိုးက စူးနေတဲ့နေရာကနေ ပြုတ်ထွက်ကာ ချွဲတွေနဲ့အတူ အပြင်ကို ထွက်ရင်ထွက်၊ မထွက်ရင် အစာအိမ်ထဲ ရောက်သွားပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အထိ ချောင်းဟပ်လို့မှ စူးနေတုန်းဆိုရင် ဆက်မလုပ်တော့ဘဲ တခြားနည်းပြောင်းကြည့်ပါ။

သံလွင်ဆီ သောက်ချကြည့်ပါ
ချောင်းဆိုးထုတ်တာနဲ့တင် မရဘူးဆိုရင် ထမင်းစားတဲ့နေရာနဲ့ အနီးဆုံးဖြစ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို အသုံးချကြည့်ပါ။ သံလွင်ဆီတစ်ဗူးတွေ့ပြီဆိုရင် ဝမ်းသာလိုက်ပါတော့။ သံလွင်ဆီက သောက်ချရင်လည်း လူကိုဒုက္ခမပေးနိုင်တဲ့အပြင် အရိုးစူးတာမဟုတ်ဘဲ ကပ်နေတာမျိုးတွေ ဖြစ်ခဲ့ရင် ချောထွက်သွားစေမှာဖြစ်လို့ လည်ချောင်းထဲ အရိုးစူးသလို ခံစားရရင် ဒီနည်းလမ်းလေးကို စမ်းကြည့်တာလည်း မမှားပါဘူး။

ထမင်းတစ်ဆုပ်မျိုချပါ
လူတော်တော်များများ လုပ်ဖြစ်တဲ့နည်းလေးပါ။ အရိုးစူးပြီဆိုတာနဲ့ ထမင်းဖြစ်ဖြစ် ၊ ပေါင်မုန့်ဖြစ်ဖြစ် အလုတ်ကြီးကြီးမျိုချလိုက်ပါ။ ရေမသောက်ဘဲမျိုချရင် ပိုကောင်းပါတယ်။ လည်ချောင်းနံရံမှာစိုက်နေတဲ့ အရိုးကိုပွတ်ချပြီး အရိုးကျ သွားစေမှာဖြစ်ပါတယ်။ အရမ်းကြီး လုပ်လို့လည်း မကောင်းပါဘူး။ ၃ ခေါက်ထက်ကျော်လို့မှ အရိုးမကျရင် ရပ်လိုက်ပါတော့။ တော်ကြာ အရိုးကျမသွားတဲ့အပြင် လည်ချောင်းအသားထဲ နစ်ဝင်သွားတတ်လို့ပါ.။ သံပုရာသီး ( သို့မဟုတ်) ရှာလကာရည်လေးနည်းနည်းသောက်ကြည့်ပါ။

ငါးရိုးဆိုတာ သိပ်အထူကြီးမဟုတ်လို့ သံပုရာရည်၊ ရှာလကာရည်တို့မှာပါတဲ့အပျော့စား အက်စစ်နဲ့ ထိရင် ပါးပြီးပျော်ဝင်သွားတတ်တဲ့အရာပါ။ သံပုရာရည်ဆိုရင် ဒီအတိုင်း ပါးစပ်ထဲကိုညှစ်ချလို့ရပြီး ရှာလကာရည်ဆိုရင်တော့ရေ အနည်းငယ်ရောပြီးမှ သောက်သင့်ပါတယ်။ စမ်းကြည့်သင့်တဲ့နည်းတစ်ခုဖြစ်ပါတယ်။

ဆရာဝန်ဆီ သွားပါ
ဖော်ပြထားတဲ့ နည်းတွေနဲ့ဘယ်လိုမှ မရတော့ဘူးဆိုရင် အတင်းလုပ်နေမယ်အစား ဆရာဝန်ဆီ သွားသင့်ပါပြီ။ ဆရာဝန်ဆီမသွားချင်လို့ အတင်းဆက်လုပ်နေမယ်ဆိုရင် ပိုဆိုးသွားတတ်ပြီး အပ်နဲ့ထွင်းရင်ရမယ့်အရာကို ပုဆိန်နဲ့ ထွင်းရတတ်ပါတယ်။ စူးနေ၊ ကပ်နေတဲ့အရိုးက အသားထဲစိုက်ဝင်သွားပြီဆိုရင် ဆွဲထုတ်လို့မရတော့ဘဲ ခွဲထုတ်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ငါးစားပြီ၊ ကြက်သားသုပ်တွေစားပြီဆိုရင် အရိုးမစူးအောင် ဂရုစိုက်ပြီး စားသင့်ပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးပါ။ ဖြစ်လာပြီဆိုရင် လည်း စိတ်အေးအေးထားပြီး အခုဖော်ပြထားတဲ့နည်းတွေ တစ်ခုချင်းလုပ်ကြည့်ပါ။ ပြောပြထားတဲ့နည်းတစ်ခုခုနဲ့ အဆင်ပြေသွားကြတာကများပါတယ်။ နောက်ဆုံးမရတော့ရင်လည်း ပေကပ်မနေဘဲ ဆရာဝန်ဆီ သွားလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Ref: Hello ဆရာဝန်
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top