ရှုံးနိမ့်မှုမှ ရုန်းထပြီး အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည့် ONE Championship ကစားသမား ၄ ဦး

DUX-0286.jpg

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်သည် စိန်ခေါ်လာသော ပြိုင်ဘက်ကို အနိုင်ရကာ ၎င်း၏ ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့သော်လည်း အခြား မြန်မာ ကစားသမားများ ဖြစ်ကြသည့် ဖိုးသော်နှင့် ဘိုဇီနာ အန်တိုနီယာ တို့မှာ ပြိုင်ဘက်များကို အသီးသီးရှုံးနိမ့်ခဲ့ကြသည်။ ရှုံးနိမ့်မှုသည် အားကစားသမား တစ်ဦး၏ ဘဝတွင် ရှောင်လွှဲမရ နိုင်သည့် အရာများ ထဲမှ တစ်ခုဖြစ်ပြီး ယင်းကို မှန်ကန်စွာ အသုံးချနိုင်လျှင် အောင်မြင်မှုများ အတွက် လှေကားထစ် တစ်ခု ဖြစ်လာ နိုင်သည်။ ထိုသို့ ရှုံးနိမ့်မှုများကို သင်ခန်းစာယူရုန်းထပြီး အကောင်းဆုံး စွမ်းဆောင်ရည် ပြန်ရခဲ့သည့် ONE Championship ကစားသမားများ အနက် ထင်ရှားသည့် ကစားသမား ၄ ဦးအကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

(၁) အောင်လအန်ဆန်

လက်ရှိတွင် ONE Championship ၏ မြန်မာ ကစားသမားများထဲတွင်သာမက ပြိုင်ပွဲတစ်ခုလုံး၏ အကောင်းဆုံး ကစားသမားကို ပြပါ ဆိုလျှင် “မြန်မာစပါးအုံး” အောင်လအန်ဆန် ကိုသာ ပြရမည် ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီး ဝိတ်တန်းတွင် ချန်ပီယံ ခါးပတ်များကို သိမ်းပိုက်ထား ရုံသာမက စိန်ခေါ်သူတိုင်းကို အလဲထိုး အနိုင်ယူထားနိုင်သူဖြစ်သည်။ နောက်ဆုံး ယှဉ်ပြိုင် ခဲ့သည့်ပွဲတွင် ၎င်းထက် ဝိတ်တန်းမြင့်သော ဟဲဗီးဝိတ် ချန်ပီယံ၏ စိန်ခေါ်မှုကိုပင် ရင်ဆိုင်ခဲ့ကာ အလဲထိုး ရလဒ်ဖြင့် အနိုင်ယူခဲ့သည်။ ထို့ကြောင့် ၂ဝ၁၈ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပင် UFC ၏ နာမည်ကျော် ချန်ပီယံများကို ကျော်ဖြတ်ကာ ဆွတ်ခူးထားသူ ဖြစ်သည်။ အောင်လအန်ဆန်၏ ယင်းအောင်မြင်မှုများသည် ရှုံးပွဲတစ်ပွဲမှ အစပြုခဲ့သည်ဟု ပြော၍ပင်ရနိုင်သည်။

ONE Championship တွင် အောင်လအန်ဆန်၏ ပထမဆုံးနှင့် နောက်ဆုံး ရှုံးပွဲဖြစ်သည့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း Vitali Bigdash ကို ရှုံးနိမ့်ခဲ့သည့် ပွဲသည် ပရိသတ်များ မမေ့နိုင်သည့် အမှတ်တရ တစ်ခုဖြစ်သည်။ ထိုစဉ်က ကမ္ဘာ့ ချန်ပီယံ ခါးပတ် တစ်ခုမှ မရသေးသည့် အောင်လအန်ဆန်သည် ချန်ပီယံ Bigdash ကို စိန်ခေါ်ခဲ့ခြင်း ဖြစ်ပြီး ငါးချီတိုင်တိုင် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သို့သော် အောင်လအန်ဆန်သည် အဆိုပါ အရှုံးအတွက် စိတ်ဓာတ် မကျဘဲ Bigdash ကို နောက်တစ်ကြိမ် စိန်ခေါ်ခဲ့ရာ အမှတ်ဖြင့် ပြန်လည် အနိုင်ရပြီး ချန်ပီယံ ဖြစ်လာခဲ့သည်။ ယင်းပွဲမှ စတင်ကာ ၇ ပွဲ ဆက်တိုက် အနိုင်ရခဲ့သည့် အောင်လ အန်ဆန်သည် ကမ္ဘာ့ ချန်ပီယံ ခါးပတ်နှစ်ခုနှင့် ချန်ပီယံ ကာကွယ်ပွဲ ၄ ကြိမ် အနိုင်ရခဲ့သည်။

(၂) Martin Nguyen

ONE Championship တွင် ဝိတ်တန်းနှစ်ခု ချန်ပီယံဘွဲ့ကို အောင်လအန်ဆန်ထက် အရင် ရခဲ့ဖူးသည့် ကစားသမားမှာ Martin “The Situ-Asian” Nguyen ဖြစ်သည်။ Nguyen သည် လိုက်ဝိတ်တန်းနှင့် ဖယ်သာဝိတ်တန်း တို့၏ ချန်ပီယံ ခါးပတ်နှစ်ခုကို တစ်ပြိုင်တည်း ပိုင်ဆိုင်ခဲ့ဖူးသူ ဖြစ်ပြီး ဘန်တန်ဝိတ်တန်း ချန်ပီယံကိုပါ သွားရောက် စိန်ခေါ်ခဲ့ဖူးသူဖြစ်သည်။ ယင်းပွဲသာ အနိုင်ရခဲ့ပါက Nguyen သည် ကမ္ဘာပေါ်တွင် ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ဝိတ်တန်း ၃ ခု ချန်ပီယံ ဖြစ်လာမည် ဖြစ်သော်လည်း အမှတ်ဖြင့် ရှုံးနိမ့်ခဲ့၍သာ ယင်းအိပ်မက်ကို လက်လျှော့ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိ လိုက်ဝိတ်တန်း ချန်ပီယံ Christian Lee ကို နှစ်ကြိမ်တိုင်တိုင် အနိုင်ရခဲ့ဖူးသူ Nguyen သည် ကမ္ဘာ့ ချန်ပီယံဟောင်းများ ဖြစ်သည့် Eduard Folayang, Marat Gafurov, Jadamba Narantungalag တို့ကိုလည်း အနိုင်ရခဲ့ဖူးသည်။

ယင်းသို့ အောင်မြင်မှုများသည် Gafurov ကို Nguyen ပထမ တစ်ကြိမ် ရင်ဆိုင်စဉ်က ရှုံးနိမ့်ခဲ့သည့် ပွဲနောက်ပိုင်းတွင်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ONE Championship သို့ ရောက်ရှိပြီး ဒုတိယပွဲတွင်ပင် ချန်ပီယံ လုပွဲ ကစားခွင့် ရခဲ့သည့် Nguyen သည် Gafurov ကို ရှုံးနိမ့်ခဲ့သဖြင့် ဖယ်သာဝိတ်တန်း ချန်ပီယံဆုကို စောစီးစွာ ဆွတ်ခူးခွင့် လက်လွှတ်ခဲ့ရသည်။ ယင်းပွဲနောက်ပိုင်းတွင် အမှားများ ပြန်လည် ပြင်ဆင်ကာ အကောင်းဆုံး လက်စွမ်း ရအောင် ကစားနိုင်ခဲ့သည့် Nguyen သည် ၆ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ကမ္ဘာ့ ချန်ပီယံ ခါးပတ် ၂ ခုနှင့် ချန်ပီယံကာကွယ်ပွဲ ၃ ကြိမ် အနိုင်ရခဲ့သည်။

(၃) Kiamrian Abbasov

လောလောလတ်လတ် ဝယ်သာဝိတ်တန်း ချန်ပီယံ ဖြစ်လာသည့် ကာဇက်စတန် ကစားသမား Kiamrian “Brazen” Abbasov သည်လည်း ရှုံးနိမ့်မှုမှ ရုန်းထကာ ချန်ပီယံဖြစ်သည်အထိ တက်လှမ်းနိုင်ခဲ့သူ တစ်ဦးဖြစ်သည်။ Abbasov သည် ONE Championship သို့ ၂ဝ၁၈ ခုနှစ်ကတည်းက ရောက်လာခဲ့သူ ဖြစ်သော်လည်း ပွဲဦးထွက် ပွဲတွင်ပင် ဘရာဇီးလ်သား Luis Santos ကို ရှုံးနိမ့်ခဲ့ရသည်။ အဆိုပါ ရှုံးပွဲကြောင့် Abbasov သည် ONE Championship တွင် နောက်ထပ် ပွဲများ ဆက်ကစားခွင့် မရခဲ့ဘဲ ပြိုင်ပွဲနှင့် ကိုးလကြာ ဝေးကွာသွား ခဲ့သည်။ သို့သော် Abbasov သည် ယင်းကာလအတွင်း ၎င်း၏ ကြိုးစား အားထုတ်မှု အရှိန်အဟုန်ကို လျှော့ချခြင်း မပြုဘဲ အပြင်းအထန် လေ့ကျင့်ခဲ့သည်။

ONE Championship နှင့် ဝေးကွာနေသည့် ကာလအတွင်း Abbasov သည် ရုရှားမှ WFCA ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ နိုင်ပွဲ ရရှိခဲ့သည်။ ထို့နောက် ONE Championship သို့ တကျော့ပြန် ရောက်ရှိလာပြီး နာမည်ကြီး ကစားသမားများ ဖြစ်ကြသည့် Agilan Thani နှင့် Yushin Okami တို့ကို ဆက်တိုက် အနိုင်ရရှိ ခဲ့သည်။ ထို့ကြောင့် Abbasov သည် တတိယမြောက် ပွဲတွင်ပင် ချန်ပီယံ Zebaztian Kadestam ကို ရင်ဆိုင်ခဲ့ရပြီး အမှတ်ဖြင့် အနိုင်ရကာ ချန်ပီယံသစ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

(၄) Christian Lee

ONE Championship တွင် ထူးထူးခြားခြား မောင်နှမ နှစ်ယောက်စလုံး တပြိုင်နက် ချန်ပီယံ ဖြစ်နေသည့် Angela Lee နှင့် Christian “The Warrior” Lee တို့ မောင်နှမတွင် Christian Lee သည် ရှုံးနိမ့်မှုကို အသုံးချကာ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သူ ဖြစ်သည်။ Lee သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် အတွင်းက Martin Nguyen နှင့် Edward Kelly တို့ နှစ်ဦးကို ဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ လက်စွမ်း ထက်သည့် ချန်ပီယံ Nguyen ကို ရှုံးနိမ့်ခဲ့ခြင်းက မထောင်းသာ သော်လည်း Kelly ကို စည်းကမ်း ဖောက်ဖျက်မှုကြောင့် အရှုံးပေးခဲ့ ရခြင်းက Lee အတွက် စိတ်ပျက်စရာ ဖြစ်ရပ်ဖြစ်ခဲ့သည်။

သို့သော် Lee သည် ယင်းရှုံးပွဲများကို သင်ခန်းစာ ယူကာ မိမိကိုယ်ကို အကောင်းဆုံး ကစားသမား ဖြစ်အောင် တည်ဆောက်ခဲ့သည်။ အဆိုပါရလဒ် အေနောက်ပိုင်း ကစားသည့် ၄ ပွဲဆက်တိုက် အနိုင်ရခဲ့ကာ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အပြင် ရှုံးထွက် GP ခါးပတ်ကိုပါ သိမ်းပိုင်နိုင်ခဲ့သည်။ ၎င်းအနိုင်ရခဲ့သည့် ပွဲများထဲတွင် Lee ထက် များစွာ ဝါရင့်သည့် ကမ္ဘာ့ချန်ပီယံ Shinya Aoki နှင့် ရှေ့တွင် တစ်ကြိမ် ရှုံးနိမ့် ခဲ့ဖူးသည့် Kelly တို့၏ ပွဲများ ပါဝင်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top