အောင်လအန်ဆန်နှင့် တီရဲလ်ထန်တို့က မြန်မာမီဒီယာများနှင့် အွန်လိုင်းမှ တိုက်ရိုက်တွေ့ဆုံမေးမြန်းမှုပြုလုပ်

Aung-La-X-Tial.jpg

အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစားပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိသော ONE Championship™ (ONE) သည် မီဒီယာများနှင့် အွန်လိုင်းတိုက်ရိုက်တွေ့ဆုံမေးမြန်းမှုကို ဝမ်းမစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် မြန်မာနိုင်ငံနွယ်ဖွား ချင်းတိုင်းရင်းသား Dragon Leg တီရဲလ်ထန် တို့နှင့်အတူ မကြာသေးခင်က ပြုလုပ်ခဲ့သည်။

ဝမ်းမစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ မြန်မာ့စပါးအုံးအောင်လအန်ဆန်က “ကျွန်တော့်အနေနဲ့ ဒီပွဲမှာ အနိုင်ရမယ်ဆိုတာယုံကြည်တယ်။ ကန်နဲ့ အရင်ကလည်းထိုးသတ်ခဲ့ဖူးတဲ့အတွက် သူဘယ်လိုလဲဆိုတာသိတယ်။ နောက် ကျွန်တော် မြန်မာနိုင်ငံမှာမထိုးသတ်ခင်က အခြားနိုင်ငံတွေမှာလည်းထိုးသတ်ခဲ့ဖူးတာကြောင့် အခု ဂျပန် နိုင်ငံမှာထိုးသတ်ရမှာကို ကျွန်တော်မစိုးရိမ်ပါဘူး။ ဘယ်မှာပဲထိုးသတ်ရပါစေ ကြိုးဝိုင်းထဲရောက်ရင် ကျွန်တော် Fighting နဲ့ ပတ်သက်လို့ ခံယူထားတဲ့သဘောထားနဲ့ အမြင်က အတူတူပါပဲ။ ကျွန်တော် အခုလာမယ့် ပွဲအတွက်လည်း အကောင်းဆုံးအားစိုက်ထားပြီးတော့ ပြင်ဆင်ထားပါတယ်။ အခု ကန်နဲ့ အတူတူ ထိုးသတ်ရမယ့်ပွဲက ကျွန်တော်ထိုးခဲ့သမျှပွဲတွေထဲမှာ အကောင်းဆုံး ပွဲဖြစ်မယ်လို့ ထင်ပါတယ်။ အကောင်းဆုံးပွဲ ဖြစ်အောင်လည်း ကြိုးစားသွားပါမယ်။ ကျွန်တော့်ကိုချစ်ကြတဲ့ ပရိတ်သတ်တွေရဲ့အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော့်ကိုအားပေးသလို တီရဲလ်ကိုလည်းအားပေးကြဖို့လည်းပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ လာမယ့် ပွဲအတွက် အကောင်းဆုံးကြိုးစားနေသလို ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေအတွက်လည်း အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့သည်။

ONE ၏ ကစားသမား တီရဲလ်ထန်က “ကျွန်တော်အတွက်တော့ ဝမ်းချန်ပီယံရှစ်မှာ ကစားဖြစ်ဖို့ရယ်၊ နောက်ပြီး ကိုအောင်လက လေ့ကျင့်သင်ကြားပေးတယ်ဆိုတာရယ်က အမြဲတမ်းမက်ခဲ့ရတဲ့ အိပ်မက်ပါ။ ကျွန်တော့်အနေနဲ့ အခုလာမယ့်ပွဲအတွက် ကျွန်တော်လုပ်နိုင်သမျှ နေ့တိုင်းလေ့ကျင့်မှုတွေ၊ ပြင်ဆင်မှုတွေကို အမြဲလုပ်နေပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကိုအောင်လကို အပြည့်အဝယုံကြည်တယ်။ ကျွန်တော့်ရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက်အဖြစ် အမြဲစံထားရတဲ့လူပါ။ ကျွန်တော်အခုလာမယ့်ပွဲမှာ အနိုင်ရမယ်ဆိုတာကိုလည်း ယုံကြည်တယ်။ နပန်း ဒါမှမဟုတ် ဒိုင်ပွဲရပ်တစ်ခုခုနဲ့ ပထမအချီ ဒါမှမဟုတ် ဒုတိယအချီမှာ အနိုင်ယူနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်အမိမြေမှာထိုးသတ်ရမယ့် အတွက်လည်း အရမ်းကိုပျော်ရွှင်မိပါတယ်။ နောက်ပြီး ကျွန်တော့် ပရိသတ်တွေနဲ့လည်း အရမ်းတွေ့ချင်နေပါပြီ။ ကျွန်တော် မတ်လ (၈) ရက်နေ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ အားလုံးပဲလာအားပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ယခုနှစ် မတ်လ (၃၁) ရက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ONE: A NEW ERA ပွဲ၌ Ken Hasegawa နှင့်ယှဉ်ပြိုင်ထိုးသတ်ကာ ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသား ချင်းလူမျိုး အသက် ၂၅ နှစ် အရွယ် ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်သည့် “The Dragon Leg” တီရဲလ်ထန်သည် ONE: REIGN OF VALOR ပွဲကြီး၌ ဝမ်းချန်ပီယံရှစ် ဖယ်သာဝိတ်တန်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် ချင်းပြည်နယ်၏ မြို့တော် ဟားခါး၌ Greco-Roman စတိုင်လ် နပမ်းကို လေ့ကျင့်ခဲ့ပြီး Hard Knocks 365 တွင်မူ ယှဉ်ပြိုင်ရန်အရည်အချင်းပြည့်မီသည့် ကိုယ်ခံပညာကစားသမားတစ်ဦးဖြစ်လာခဲ့သည်။ အပျော်တန်းပွဲများတွင်အနိုင်ရရှိခဲ့ပြီးနောက် ၎င်းသည် ၎င်း၏ ကျွမ်းကျင်အားကစားသမားဖြစ်လိုသည့်အိပ်မက်ကိုသိရှိလာခဲ့ပြီး မတ်လ (၈) ရက်နေ့ ရန်ကုန်မြို့၌ ကျင်းပမည့် ONE: REIGN OF VALOR ပွဲကြီးတွင် ကမ္ဘောဒီယားခမာလက်ဝှေ့ကစားသမား Rin Saroth နှင့် (၆၈) ကီလို ဝိတ်တန်း၌ ထိုးသတ်သွားမည်ဖြစ်သည်။ အဆိုပါပွဲသည် ၎င်း၏ ဝမ်းချန်ပီယံရှစ်တွင် ပထမဦးဆုံး ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲဦးထွက် ပြိုင်ပွဲလည်း ဖြစ်သည်။

Ref: ONE Championship™

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top