ဆေးလိပ်ဖြတ်နိုင်ဖို့ အဆင့် (၅) ဆင့်

How-to-Quit-Smoking-Naturally-At-Fresh-Start-Health-Retreat.jpg

ဆေးလိပ်သောက်တာ ကိုယ့်အတွက်ရော ပတ်ဝန်းကျင်ကလူတွေအတွက်ပါ အန္တရာယ်ရှိမှန်း လူတိုင်းသိပါတယ်။ ဒါပေမဲ့ နီကိုတင်းဓာတ်ကိုစွဲလမ်းမှုကြောင့် ဆေးလိပ်ဟာ (ဖြတ်ချင်ရင်တောင်မှ) အင်မတန်မှ ဖြတ်ရခက်ပါတယ်။ အခုဆောင်းပါးမှာ ဆေးလိပ်ဘယ်လိုဖြတ်ရမလဲဆိုတဲ့ အဆင့် (၅) ဆင့်ကို မျှဝေပေးထားပါတယ်။

အဆင့် (၁) အစီအစဉ်ဆွဲပါ

ဆေးလိပ်စဖြတ်မယ့်ရက်ကို သတ်မှတ်ပါ။ တကယ်လို့ သင့်အနေနဲ့ ရုံးချိန်တွေမှာ ဆေးလိပ်သောက်ချင်စိတ် ပိုဖြစ်လေ့ရှိတယ်ဆိုရင် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေတွေမှာ ဆေးလိပ်စဖြတ်ပါ။ ပိတ်ရက်တွေမှာ ဆေးလိပ်သောက်လေ့ရှိသူဆိုရင် ဒါမှမဟုတ် သင့်အလုပ်မှာ ဆေးလိပ်ပေးမသောက်ဘူးဆိုရင် ဆေးလိပ်ဖြတ်တဲ့ စစ်ဆင်ရေးကို ကြားရက်တစ်ရက်ရက်မှာ စတင်ပါ။ ဆိုလိုရင်းကတော့ သင် ဆေးလိပ်သိပ်မသောက်ဖြစ်တဲ့ ရက်မျိုးမှာ စတင် ခိုင်းတာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ဘက်ဖလိုတက္ကသိုလ်ကပညာရှင်တွေပြုလုပ်တဲ့လေ့လာချက်တခုအရ အစားအသောက်ဟာ စီးကရက်နဲ့ ဆေးရွက်ကြီးစွဲလမ်းမှုကို လျော့နည်းစေတယ်လို့သိရတဲ့အတွက် သင့်အနေနဲ့ ဆေးလိပ်စဖြတ်မယ့်ရက်ကိုသတ်မှတ်ပြီးပြီဆိုရင် အစားအသောက်ကိုပိုပြီးအာရုံစိုက်သင့်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဆေးလိပ်သောက်လိုစိတ်ကိုလျော့နည်းစေတာမို့ သူတို့ကို များများစားသင့်ပါတယ်။ ဒါ့အပြင် Duke သုတေသန တက္ကသိုလ်ကပညာရှင်တွေရဲ့ အလိုအရ နို့သောက်ခြင်းဟာ ဆေးလိပ်ဖြတ်ရာမှာ အင်မတန်အထောက်အကူပြုတယ်လို့ သိရပါတယ်။ အကြောင်းရင်း ကတော့ နို့သောက်အပြီး လျှာပေါ်မှာစွဲကျန်ခဲ့တဲ့ အရသာက လူတွေကို ဆေးလိပ်မသောက်ချင်အောင်လုပ်ပေးတာကြောင့်လို့ဆိုပါတယ်။

အဆင့် (၂) တစ်ယောက်တည်း ကြိတ်မဖြတ်ပါနဲ့

တကယ်လို့သင်ဟာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို အသိမပေးဘဲ တစ်ယောက်တည်းကြိတ်ပြီး ဆေးလိပ်ဖြတ်မယ်ဆိုရင် သင့်အနေနဲ့ မအောင်မြင်ဖို့ များပါတယ်။ သင်ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သူတို့ကိုအသိပေးပါ။ သူတို့ဆီက အားပေးထောက်ခံမှုကိုရယူပါ။ အောင်မြင်စွာ ဆေးလိပ် ဖြတ်ထားသူတွေနဲ့တွေ့ဆုံပြီး အကြံဉာဏ်တောင်းပါ။ ဒါလေးတွေဟာ သင့်အတွက် တန်ဖိုးရှိလာပါလိမ့်မယ်။

အဆင့် (၃) အလုပ်များအောင်နေပါ

လူအများစုဟာ စိတ်ဖိစီးမှုတွေများတဲ့အချိန်၊ ပျင်းရိတဲ့အချိန် အစရှိတဲ့အချိန်တွေမှာ ဆေးလိပ်သောက်လေ့ရှိကြတာမို့ သူတို့အနေနဲ့ ဆေးလိပ်ဖြတ်ရတာ ခက်ပါတယ်။ စိတ်သက်သာရာရစေဖို့အတွက် နီကိုတင်းရဲ့အကူအညီမယူပါနဲ့။ ကိုယ်လက်လေ့ကျင့်ခန်းတွေဟာ သင့်ကျန်းမာရေးအတွက် အင်မတန် အကျိုးများတဲ့အပြင် မကောင်းတဲ့စိတ်ခံစားချက်တွေကိုလည်း ရှင်းထုတ်ပေးနိုင်တာမို့ စိတ်အပြောင်းအလဲအနေနဲ့ အားကစားလုပ်သင့်ပါတယ်။ ဒါ့အပြင် ချွေးထွက်များခြင်းဟာ သင့်စိတ်ခံစားမှုအခြေအနေကိုကောင်းစေပြီး မိမိကိုယ်ကိုယ်ချုပ်ထိန်းနိုင်စွမ်းကို မြှင့်တင်ပေးတဲ့အပြင် ဆေးလိပ်စွဲလမ်းမှုကိုလည်း လျော့ပါးစေပါတယ်။

အဆင့် (၄) ဆေးလိပ်သောက်မိဖို့ တွန်းအားဖြစ်စေတဲ့အရာမှန်သမျှကို ရှောင်ပါ

ဆေးလိပ်သောက်တတ်သူတွေနဲ့တွေ့တာ ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့နေရာတွေမှာ ကြာကြာနေမိတာမျိုးတွေကို ရှောင်ပါ။ ဒါတွေဟာ သင့်ရဲ့ အကျင့်ဆိုးကိုပြန်ခေါ်ထုတ်လာနိုင်လို့ပါ။ အဲဒီအစား ဆေးလိပ်မသောက်တတ်သူတွေ ဒါမှမဟုတ် ဆေးလိပ်ကို အောင်မြင်စွာဖြတ်လိုက်နိုင်သူတွေနဲ့ မကြာမကြာတွေ့ဆုံပေးပါ။ သင့်မှာရှိတဲ့ ဆေးလိပ်နဲ့ ဆိုင်တဲ့အရာအားလုံး (စီးကရက်၊ ဆေးရွက်ကြီး၊ မီးခြစ်၊ ပြာခွက်) အားလုံးကို လွှင့်ပစ်ပါ။

အဆင့် (၅) သင့်ကိုသင် ဆုချပါ

ဆေးလိပ်ဖြတ်တာဟာ သင်ထင်သလောက်မလွယ်ပါဖူး။ ဒါကြောင့် ဆေးလိပ်မသောက်ဘဲ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့နေ့တိုင်းဟာ သင့်အတွက် အောင်မြင်မှုပါ။ တစ်ရက်ပြီး တစ်ရက်ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး သင့်ကိုယ်သင် ဆုချဖို့ မမေ့ပါနဲ့။ အရင်ကဆို ပိုက်ဆံတွေကို ဆေးလိပ်သောက်ဖို့ သုံးရလေ့ရှိပြီး အခုဆေးလိပ်အတွက် ကုန်စရာမလိုတော့တာမို့ တခြားသင်ကြိုက်ရာမှာသုံးနိုင်ပါပြီ။

ဟုတ်ပါတယ်။ ဆေးလိပ်ဖြတ်ရတာ ခက်ပါတယ်။ ဒါပေမဲ့ ဒါဟာထိုက်တန်ပါတယ်။ ဆေးလိပ်များများသောက်လေ၊ ကြာကြာသောက်ဖြစ်လေ ကင်ဆာနဲ့ စောစောသေဖို့နီးစပ်လေဖြစ်လို့ပါ။ ဒါကြောင့် သင်ဟာ ဆေးလိပ်သောက်တတ်သူဆိုရင် အမြန်ဆုံးဖြတ်ဖို့ ကြိုးစားပါ။ တကယ်လို့ သင့်မှာ မရှင်းလင်းတာ၊ မေးမြန်းချင်တာတွေ ရှိတယ်၊ စိုးရိမ်ပူပန်မှုတွေရှိတယ် ဒါမှမဟုတ် အကူအညီလိုအပ်တယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတွေဆီ သွားရောက် ဆွေးနွေးအကြံဉာဏ်တောင်းခံပြီး ကုသမှုခံယူဖို့ ဝန်မလေးပါနဲ့။

Ref: Hello ဆရာဝန်
ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top