ONE: Age of Dragons ပြိုင်ပွဲမှ ပရိသတ်များအား ဖမ်းအစားနိုင်ဆုံး တွဲဆိုင်း ၄ ခု

yyl-026-6.jpg

အာရှ၏ အခမ်းနားဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး ONE Championship သည် လာမည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ တကျော့ပြန် ရောက်ရှိ လာတော့မည် ဖြစ်သည်။ ဘေဂျင်းမြို့တွင် နိုဝင်ဘာ ၁၆ ရက်၌ ကျင်းပတော့မည့် ONE: Age of Dragons ပြိုင်ပွဲကြီးတွင် Kickboxing ကမ္ဘာ့ချန်ပီယံ လုပွဲ နှစ်ပွဲနှင့်အတူ တွဲဆိုင်းပေါင်း ၁၁ ဆိုင်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။ ယင်းပွဲများ အနက်မှ ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံး တွဲဆိုင်းအချို့ အကြောင်း စုစည်းတင်ပြလိုက်ရပါသည်။

(၁) Ilias Ennahachi နှင့် Wang Wengfeng

ပြိုင်ပွဲ၏ အဓိကပွဲဖြစ်သော ONE ဖလိုင်းဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံ နယ်သာလန်/မော်ရိုကို နိုင်ငံသား Ilias “Tweety” Ennahachi နှင့် စိန်ခေါ်သူ အိမ်ရှင်တရုတ်နိုင်ငံသား “Metal Storm” Wang Wenfeng တို့၏ပွဲမှာ စိတ်ဝင်စားဖွယ် အကောင်းဆုံး တွဲဆိုင်းဖြစ်သည်။ Ennahachi သည် လွန်ခဲ့သည့် ၃ လကမှ ထိုင်းနိုင်ငံသား Petchdam Petchyindee Academy ကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သူ ဖြစ်သဖြင့် ယခုပွဲသည် ၎င်း၏ ပထမဆုံးချန်ပီယံကာကွယ်ပွဲ ဖြစ်လာသည်။ နည်းစနစ်ပိုင်း ကြေညက်ပြီး ကြိုးဝိုင်းအတွင်း ခြေကွက်ရွေ့လျားမှု ကောင်းများဖြင့် ပြိုင်ဘက်များကို အခက်တွေ့စေတတ်သူ Ennahachi သည် WFL, BLADE နှင့် Eufusion ပြိုင်ပွဲ ၃ ခုတွင် ချန်ပီယံ ဖြစ်ခဲ့ပြီး ၃၅ ပွဲနိုင် ၃ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသူဖြစ်သည်။

၎င်းနှင့် ရင်ဆိုင်ရမည့် Wang မှာ Ennahachi နှင့် စိမ်းသူမဟုတ်ဘဲ ယခင်က နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ဖူးသည့် ပြိုင်ဘက် ဖြစ်သည်။ Wang သည် Ennahachi ၏ ပထမဆုံး ကစားသမားဘဝ ပွဲဦးထွက်ပွဲတွင် ရင်ဆိုင်ခဲ့ရသူ ဖြစ်ကာ ထိုစဉ်က နယ်သာလန်တွင် တွေ့ဆုံခြင်း ဖြစ်သဖြင့် အိမ်ရှင် Ennahachi က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော် ၃ နှစ်အကြာတွင် Wang ၏ နိုင်ငံဖြစ်သော တရုတ်တွင် နောက်တစ်ကြိမ် ထပ်မံရင်ဆိုင်ခဲ့ရပြီး ယင်းပွဲတွင်တော့ အိမ်ရှင် Wang က အမှတ်ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ အိမ်ကွင်း – အဝေးကွင်း တကျော့စီနိုင်ထားသည့် ကစားသမားနှစ်ဦး တတိယအကြိမ် တွေ့ဆုံမှုက စိတ်ဝင်စားဖွယ်ကောင်းပြီး စိန်ခေါ်သူ Wang ၏ နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် ကျင်းပသည့်ပွဲဖြစ်သဖြင့် Ennahachi အတွက် ချန်ပီယံကာကွယ်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

(၂) Tarik Khbabez နှင့် Roman Kryklia

ဒုတိယအဓိကပွဲဖြစ်သည့် ONE Championship ၏ ပထမဆုံး လိုက်ဟဲဗီးဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံ လုပွဲတွင် မော်ရိုကို ကစားသမား Tarik “The Tank” Khbabez နှင့် ယူကရိန်းကစားသမား Roman Kryklia တို့ တွေ့ဆုံကြမည် ဖြစ်သည်။ ONE Championship တွင် ပွဲပေါင်း ၄ ပွဲ ကစားထားပြီး ပရိသတ်နှင့် ရင်းနှီးပြီးသား ကစားသမား ဖြစ်သည့် Khbabez သည် ယင်းပွဲ အားလုံးကို လက်စွမ်းပြအနိုင်ယူခဲ့ကာ ချန်ပီယံဖြစ်ရန် ထိုက်တန်သူဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ အသက် ၂၇ နှစ်သာ ရှိသေးသော်လည်း SUPERKOMBAT ပြိုင်ပွဲ၏ ဟဲဗီးဝိတ်ချန်ပီယံ ၂ ကြိမ်၊ WKA ကမ္ဘာ့ချန်ပီယံ တစ်ကြိမ်၊ ကမ္ဘာ့မွေထိုင်း ကောင်စီ၏ ကမ္ဘာ့ ချန်ပီယံ ၅ ကြိမ် ဖြစ်ထားသူ Khbabez သည် ၄၆ ပွဲနိုင်၊ ၅ ပွဲရှုံး၊ ၁ ပွဲသရေ ရလဒ် ပိုင်ဆိုင်ထားသူဖြစ်သည်။

Khbabez နှင့် ချန်ပီယံ လုရမည့် Kryklia မှာမူ ယခုပွဲတွင်မှ ONE Championship ကြိုးဝိုင်းထဲ စရောက်ဖူးသူ ဖြစ်သော်လည်း လက်ရှိ Kunlun Fight ဟဲဗီးဝိတ် တံခွန်စိုက် ချန်ပီယံ ဖြစ်သလို ပြီးခဲ့သည့် ၃ နှစ်အတွင်း ကမ္ဘာ့ချန်ပီယံ ခါးပတ် ၈ ခုထက် မနည်း ရရှိထားသူ ဖြစ်သည်။ ၂၀၁၆ ခုနှစ်က Combat Press သတင်းဌာနမှ ရွေးချယ်သော တစ်နှစ်တာ အကောင်းဆုံး တိုက်ခိုက်ရေး သမားဆု ရရှိခဲ့သူ Kryklia သည် Khbabez နှင့် စိမ်းသူမဟုတ်ဘဲ လွန်ခဲ့သည့် ၄ နှစ်က တစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသည်။ ထိုစဉ်က Khbabez သည် Kryklia ကို အနိုင်ယူကာ SUPERKOMBAT ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ခဲ့ဖူးသဖြင့် ယခုပွဲတွင် ယင်းရှုံးကြွေးကို ပြန်ဆပ် နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

(၃) Meng Bo နှင့် Laura Balin

ပြီးခဲ့သည့် မေလ ကတည်းက ကျင်းပရန်စီစဉ်ခဲ့သည် တရုတ် အမျိုးသမီး ချန်ပီယံ Meng Bo နှင့် အာဂျင်တီးနား အမျိုးသမီး ချန်ပီယံ Laura “La Gladiadora” Balin တို့ ပွဲကို ယခု ပြိုင်ပွဲတွင်မှ ထည့်သွင်း ကျင်းပနိုင်ခြင်း ဖြစ်သည်။ Meng Bo သည် ယခုပွဲကို ၎င်း၏ ပထမဆုံး ONE Championship ပွဲဦးထွက်ပွဲ အဖြစ် ကစားခြင်းဖြစ်သလို ကြိုးဝိုင်းနှင့် တစ်နှစ်ကျော် ဝေးကွာနေရာမှ တကျော့ပြန် ဝင်ရောက် လာခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အမျိုးသမီး ချန်ပီယံ နှစ်ကြိမ် ဖြစ်ခဲ့သူ Meng Bo သည် နယ်ပယ်သစ်တွင် ပထမဆုံးပွဲကို အိမ်ကွင်းတွင်ကစားခွင့်ရခြင်း ဖြစ်သဖြင့် ပရိသတ်များ စိတ်မပျက်ရစေရန် အကောင်းဆုံး လက်စွမ်း ပြမည့်သူ ဖြစ်သည်။

ဝါရင့် ကစားသမားကြီး Balin မှာလည်း စတောဝိတ်တန်း အထိ တက်ကာ ချန်ပီယံ Xiong Jing Nan ကို စိန်ခေါ်ခဲ့ဖူးသူ ဖြစ်သည်။ အာဂျင်တီးနားမှ Gladiadores ပြိုင်ပွဲတွင် စတောဝိတ်တန်း အမျိုးသမီးချန်ပီယံ ဖြစ်ခဲ့သူ Balin သည် ONE Championship တွင်တော့ သုံးပွဲ ကစားပြီးချိန်အထိ နိုင်ပွဲမရရှိ သေးသဖြင့် အက်တမ် ဝိတ်တန်းသို့ဆင်းကာ ယှဉ်ပြိုင် နေသူလည်း ဖြစ်သည်။ ကစားသမား ဘဝ တစ်လျှောက် နိုင်ပွဲ ၁၁ ပွဲ ရရှိခဲ့ရာတွင် ၄ ပွဲကို အလဲထိုးခဲ့ပြီး ၆ ပွဲကို ချုပ်ကွက်ဖြင့် အနိုင်ရထားသူ Balin သည် အိမ်ရှင် Mang Bo ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက် တစ်ဦး ဖြစ်သည်။

(၄) Enriko Kehl နှင့် Armen Petrosyan

ယခုပြိုင်ပွဲတွင် Kickboxing ပွဲကောင်း အမြောက်အမြား ပါဝင်သည့် အနက် နောက်ထပ် စိတ်ဝင်စားဖွယ် ပွဲကောင်းတစ်ပွဲမှာ ဂျာမန် မွေထိုင်း ကစားသမား Enriko “The Hurricane” Kehl နှင့် နာမည်ကြီး Kickboxing ကစားသမား Giorgio Petrosyan ၏ ညီဖြစ်သူ Armen Petrosyan တို့၏ ပွဲဖြစ်သည်။ Kehl သည် မွေထိုင်းတွင်ရော Kickboxing တွင်ပါ ချန်ပီယံ ခါးပတ်များ အများအပြားရရှိခဲ့သူ ဖြစ်ပြီး နာမည်ကျော် ကစားသမား ပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ဖူးသည့် အတွေ့အကြုံ ရင့် ကစားသမားတစ်ဦး ဖြစ်သည်။ ပြီးခဲ့သည့် ONE ဖယ်သာဝိတ်တန်း Kickboxing Grand Prix တွင် ကွာတားဖိုင်နယ် အဆင့်မှ ဝင်ပြိုင်ခွင့် ရခဲ့သော်လည်း အမှတ်ဖြင့် ရှုံးနိမ့်ပြီး ထွက်ခွာ ခဲ့ရသဖြင့် Kehl သည် ၎င်း၏ လက်စွမ်းကို ပြန်လည် သက်သေပြရန် ဆန္ဒရှိနေသူ ဖြစ်သည်။

ပြိုင်ဘက်ဖြစ်သူ Petrosyan မှာ အစ်ကိုဖြစ်သူ၏ အနီးကပ် သွန်သင် ညွှန်ပြမှုများကြောင့် ကစားသမားကောင်း တစ်ဦး ဖြစ်လာခဲ့ သော်လည်း အစ်ကို၏ အောင်မြင်မှု လောင်းရိပ်အောက်ကို မကျော်နိုင်ဘဲ ရုန်းကန်နေရသူ ဖြစ်သည်။ ONE Championship တွင်လည်း ၎င်းပါဝင် ကစားခဲ့သည့် နှစ်ပွဲစလုံး ရှုံးနိမ့်ထားသဖြင့် ပထမဆုံး နိုင်ပွဲကိုဆာလောင် နေသူလည်း ဖြစ်သည်။ Haarlem Fight Night, ISKA, MTA, WMTA နှင့် WPKC ပြိုင်ပွဲများ၏ ချန်ပီယံ ဖြစ်ခဲ့ဖူးသူ Petrosyan အနေဖြင့် ၎င်း၏ လက်စွမ်းအမှန်ကို ယခုပွဲတွင် ထုတ်ပြန်ရန် ကြိုးစားမည် ဖြစ်ရာအကြိတ်အနယ် ရှိမည့် ပွဲကောင်းတစ်ပွဲ ဖြစ်သည်။
ONE: Ace of Dragon ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ Cadillac Arena အားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top