ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် အကောင်းဆုံး ONE Championship ပြိုင်ပွဲ (၅) ပွဲ

one.jpg

မြန်မာနိုင်ငံတွင် ONE Championship ပြိုင်ပွဲကြီးများကို ၂ဝ၁၅ ခုနှစ်မှစတင်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၉) ပွဲအထိ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ၂ဝ၁၇ ဇူလိုင်တွင် ကျင်းပရန်စီစဉ်ခဲ့သည့် ပြိုင်ပွဲတစ်ပွဲကို ပယ်ဖျက်ခဲ့သည်မှလွဲ၍ ကျန်ပွဲများအားလုံး မြိုင်မြိုင်ဆိုင်ဆိုင်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။ အဆိုပါပြိုင်ပွဲများအနက်မှ အကောင်းဆုံးနှင့် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပြိုင်ပွဲ (၅) ပွဲကို ရွေးချယ်တင်ပြလိုက်ပါသည်။

ONE: Union of Warriors

၂ဝ၁၆ မတ်လက ကျင်းပသော ONE: Union of Warriors ပြိုင်ပွဲကြီးသည် ရန်ကုန်မြို့တွင် ဒုတိယ အကြိမ်ကျင်းပသည့် ONE Championship ပြိုင်ပွဲဖြစ်ပြီး “ မြန်မာ စပါးအုံး” အောင်လအန်ဆန် မြန်မာ့မြေတွင် ပထမဆုံးယှဉ်ပြိုင်ကစားခွင့်ရသည့် ပြိုင်ပွဲဖြစ်သည်။ အောင်လအန်ဆန်သည် အဆိုပါ ပြိုင်ပွဲတွင် အီဂျစ်ကစားသမား Mohamed Ali နှင့် အဓိကတွဲဆိုင်းတွင်ရင်ဆိုင်ခဲ့ရကာ ပထမအချီ တွင်ပင် မြေပြင်ချုပ်ကွက်ဖြင့်အနိုင်ယူပြီး ပရိသတ်သြဘာကိုရရှိခဲ့သည်။

ထို့ပြင် ဒုတိယအဓိကတွဲဆိုင်းအဖြစ် ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Adriano Moraes နှင့် စိန်ခေါ်သူ ဖိလစ်ပိုင်ကစားသမား Eugene Toquero တို့ ထိုးသတ်ခဲ့ကြပြီး Moraes က ပထမအချီတွင်ပင် ပြိုင်ဘက်ကို အရှုံးပေးအောင်ဖမ်းချုပ်နိုင်ခဲ့သည်။ အခြားစိတ်ဝင်စားစရာ ပွဲကောင်းများမှာ ယခု လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်နေသည့် စင်္ကာပူကစားသမား Christian Lee နှင့် နယ်သာလန် ကစားသမား Anthony Engelen တို့ တွဲဆိုင်း၊ ဖိလစ်ပိုင် ကစားသမား Edward Kelly နှင့် သြစတြေးလျကစားသမား Jordan Lucas တို့ တွဲဆိုင်းများ ဖြစ်ကြသည်။

ထို့ပြင် ယင်းပွဲတွင် မြန်မာရိုးရာလက်ဝှေ့သမားများကိုလည်း ပွဲထုတ်ခဲ့ပြီး သပြေညိုနှင့် ကြယ်စင်ဖြိုး၊ ကြယ်လင်းအောင်နှင့် သွေးသစ်အောင်၊ ဖိုးသော်နှင့် စောအယ်လေး၊ သားအသဲတစ်ပွင့်နှင့် ကျော်ကြား၊ ရဲရင့်အောင်နှင့် စန်းသူဦးတို့ တွဲဆိုင်းများကလည်း ပရိသတ်အကြိုက် အကြိတ်အနယ်ထိုးသတ်ခဲ့ကြသည့် ပွဲများဖြစ်ခဲ့သည်။

ONE: Quest for Gold

၂ဝ၁၈ ဖေဖော်ဝါရီလက ကျင်းပခဲ့သော ONE: Quest for Gold ပြိုင်ပွဲကြီးသည် ရန်ကုန်မြို့တွင်ဆဋ္ဌမအကြိမ်ကျင်းပသည့်ပြိုင်ပွဲဖြစ်ကာ အောင်လအန်ဆန်ကို ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်စေခဲ့သော ပွဲလည်း ဖြစ်သည်။ အောင်လအန်ဆန်သည် အဆိုပါပြိုင်ပွဲတွင် လစ်လပ်နေသော လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ဘရာဇီးလ်သား Alexandre Machado နှင့် အဓိကတွဲဆိုင်းတွင်ထိုးသတ်ခဲ့ရခြင်းဖြစ်ကာ ပထမအချီတွင်ပင် အလဲထိုး/ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

ဒုတိယအဓိကတွဲဆိုင်းအဖြစ် ကစားခဲ့သည့်ပွဲတွင်လည်း မလေးရှားနှင့် နယူးဇီလန်နှစ်နိုင်ငံ ကိုယ်စားပြုသည့် နာမည်ကြီး ကစားသမား Ev Ting နှင့် ကော်စတာရီကာ ကစားသမား Ariel Sexton တို့ ထိုးသတ်ခဲ့ပြီး Ev Ting က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် “ဘူရှီဒို” ဖိုးသော်သည် ၎င်း၏ ပထမဆုံး နိုင်ငံခြားသားပြိုင်ဘက်အဖြစ် ကမ္ဘောဒီးယားသား Sor Sey နှင့် ရင်ဆိုင်ခဲ့ပြီး ပထမအချီတွင်ပင် ဒိုင်ပွဲရပ်/အလဲထိုးဖြင့်အနိုင်ရခဲ့သည်။

မြန်မာကစားသမားများ ဖြစ်ကြသော စောမင်းမင်းနှင့် ရဲသွေးနီ၊ ဘိုဇီနာအန်တိုနီယာနှင့် ရွှေစင်တို့၏ ပွဲများကိုလည်း ပရိသတ်အကြိုက်တွေ့ခဲ့ကြသည်။

ONE: Reign of Valor

ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံတွင် နောက်ဆုံးကျင်းပသွားခဲ့သည့် ONE: Reign of Valor ပြိုင်ပွဲကြီးသည်လည်း အကောင်းဆုံးပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ဝယ်လ်တာဝိတ်တန်းကမ္ဘာ့ချန်ပီယံ Zebaztian Kadestam သည် စိန်ခေါ်သူ ကာဇက်စတန် နိုင်ငံသား Georgiy Kichigin နှင့် ရင်ဆိုင်ခဲ့ရပြီး ဒုတိယအချီတွင် အလဲထိုး/ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် မြန်မာကစားသမားများနှင့် နိုင်ငံခြားသားများထိုးသတ်ခဲ့သည့် တွဲဆိုင်း (၃) တွဲ ပါဝင်ပြီး ဖိုးသော်က အင်ဒိုနီးရှားသား Yohan Mulia Legowo ကို ပထအချီတွင်ပင် အလဲထိုး/ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း၊ တီရဲလ်ထန်က ကမ္ဘောဒီးယားသား Rin Saroth ကို အမှတ်ဖြင့် လည်းကောင်း၊ ဘိုဇီနာ အန်တိုနီယာက မလေးရှားသူ Audreylaura Boniface ကို ဒုတိယ အချီတွင် အလဲထိုး/ဒိုင်ပွဲရပ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရခဲ့ကြသည်။

ထို့ပြင် စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Yoshitaka Naito နှင့် ဝူရှူးကမ္ဘာ့ချန်ပီယံ Rene Catalan တို့ပွဲကလည်း အကြိတ်အနယ်ရှိခဲ့ပြီး Catalan က ပထမအချီတွင်ပင် အလဲထိုး/ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

ONE: Pursuit of Greatness

၂ဝ၁၈ အောက်တိုဘာက ကျင်းပခဲ့သော ONE: Pursuit of Greatness ပြိုင်ပွဲသည်လည်း အကောင်းဆုံးပြိုင်ပွဲများအနက်မှ တစ်ပွဲဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဝိတ်တန်နှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်ကာကွယ်သည့်ပွဲ အဖြစ် လက်ဘနွန်သား Mohammad Karaki နှင့် ရင်ဆိုင်ခဲ့ရသည်။

အောင်လအန်ဆန်သည် Phoenix မစ်ဒယ်ဝိတ်ချန်ပီယံ Karaki ကို ပထမအချီတွင်ပင် အလဲထိုး/ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သောကြောင့် ပရိသတ်လက်ခုပ်သံများညံခဲ့သည့်ပွဲတစ်ပွဲ ဖြစ်သည်။ သို့သော် ဒုတိယအဓိကတွဲဆိုင်းတွင် ဖိုးသော်က မလေးရှားသား Keanu Subba ကို ပထမအချီတွင်ပင် အချုပ်ခံရပြီးအရှုံးပေးခဲ့ရသဖြင့် ပရိသတ်များ အားမလိုအားမရ ဖြစ်ခဲ့ရသည်။ ရဲသွေးနီနှင့် မိုက်ရိုင်းတို့၏ တွဲဆိုင်းမှာလည်း ONE ကြိုးဝိုင်းအတွင်း ရိုးရာလက်ဝှေ့ပွဲကောင်းတစ်ပွဲကို ကြည့်ရှုခွင့်ရခဲ့သည့် တွဲဆိုင်းဖြစ်သည်။ Super Series Kick Boxing တွဲဆိုင်း (၃) တွဲလည်း ထည့်သွင်းကျင်းပခဲ့ပြီး အကြိတ်အနယ်ရှိခဲ့သည့်ပွဲများ ဖြစ်ခဲ့သည်။

ONE: Light of a Nation

၂ဝ၁၇ ဇွန်လတွင် ကျင်းပခဲ့သည့်ONE: Light of a Nation သည် မြန်မာပြည်အတွက် ကမ္ဘာ့ချန်ပီယံတစ်ယောက် မွေးထုတ်ပေးခဲ့သည့်ပြိုင်ပွဲ ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် အောင်လအန်ဆန်သည် ၎င်း၏ ပထမဆုံး မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ရုရှားနိုင်ငံသား Vitaly Bigdash ကို စိန်ခေါ် ထိုးသတ်ခဲ့သည်။

Bigdash သည် အောင်လအန်ဆန်နှင့် တစ်ကြိမ်ထိုးသတ်ခဲ့ဖူးသူ ဖြစ်ပြီး ထိုစဉ်က အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ယခုတွဲဆိုင်းတွင်လည်း ငါးချီပြည့်အောင် ရေကုန်ရေခမ်းထိုးသတ်ခဲ့ကြပြီးမှ အောင်လအန်ဆန်က အမှတ်ဖြင့် တစ်ကျော့ပြန်အနိုင်ရခဲ့သည်။ ONE ၏ နာမည်ကြီးအမျိုးသမီး ကိုယ်ခံပညာကစားသမားများဖြစ်ကြသော Jenny Huang နှင့် Mei Yamaguchi တို့ တွဲဆိုင်းမှာလည်း ပရိသတ်အကြိုက်တွေ့ခဲ့ပြီး Yamaguchi က ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်။

ယင်းပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်းမြန်မာတံခွန်စိုက်ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ကာ စောမင်းမင်းက နှစ်ပွဲဆက်အနိုင်ကစားပြီး ချန်ပီယံဖြစ်ခဲ့သည်။

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင်ကျင်းခဲ့သည့် ONE Championship ပြိုင်ပွဲများ

  • ONE Championship 29: Kingdom of Warriors 18 July 2015
  • ONE Championship 40: Union of Warriors 18 March 2016
  • ONE Championship 48: State of Warriors 7 October 2016
  • ONE Championship 56: Light of a Nation 30 June 2017
  • ONE Championship 62: Hero’s Dream 3 November 2017
  • ONE Championship 68: Quest for Gold 23 February 2018
  • ONE Championship 75: Spirit of a Warrior 29 June 2018
  • ONE Championship 82: Pursuit of Greatness 26 October 2018
  • ONE Championship 91: Reign of Valor 8 March 2019

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top