တစ်နှစ်တွင် လေးလသာ ဖူးမျှော်ခွင့်ရနိုင်သော အလောင်းတော် ကဿပမထေရ်စံကျောင်းတော်

katapa-i.jpg

အလောင်းတော်ကဿပ ဘုရားဖူးခရီးစဉ်သို့ သွားရောက်ဖူးမျှော်လိုလျှင် ဒီဇင်ဘာလမှ မတ်လအထိ တစ်နှစ်တွင် လေးလအတွင်းသာ သွားရောက်နိုင်သည်။

တောတောင်ထူထပ်သော သဘာဝဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းတွင် တည်ရှိသောကြောင့် ရာသီဥတုမှာ အေးစိမ့်စိမ့်နိုင်လှသဖြင့် ဖေဖော်ဝါရီလသည် သွားရောက်ဖို့ အကောင်းဆုံးလဖြစ်သည်။

ယခုအခေါက်နှင့်ဆိုလျှင် အလောင်းတော်ကဿပသို့ သွားရောက်သည်မှာ နှစ်ကြိမ်မြောက်ဖြစ်သည်။ ရန်ကုန်မှတဆင့် မန္တလေး၊ စစ်ကိုင်း၊ မုံရွာရှိ တန်ခိုးကြီးဘုရားများကို ရှေးဦးစွာဖူးမျှော်ပြီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပသို့ ရှေ့ဆက်ရန်အတွက် ကပိုင်ရွာသို့ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ကပိုင်ရွာတွင် ခရီးတထောက်နားပြီးနောက် မှန်လုံကားငယ်ဖြင့် ဘေးမဲ့ကြိုးဝိုင်းရှိရာသို့ မြေသားလမ်းအတိုင်း ကားစီးရသည်။ ကပိုင်ရွာမှ စထွက်ပြီဆိုသည်နှင့် ကားဆရာတို့မှ ကားပေါ်မှလမ်းပေါ်သို့ တံတွေးမထွေးချရန်၊ စကားကြမ်းကြမ်းမပြောကြရန် နှင့် ပါးစပ်စည်းကမ်းရှိကြရန် ရှေးဦးစွာ မှာပါလေတော့သည်။ တောတောင်ကြီးလှသဖြင့် အမှားအယွင်း မခံပေ။ ရောမရောက်ရင် ရောမလိုကျင့် ဆိုရိုးအတိုင်း အခြားအရပ်ဒေသတို့၏ ဓလေ့ထုံးစံကို လေးစားလိုက်နာ သင့်ပေသည်။ တောင်တက်မြေသားလမ်းလည်းဖြစ် ချောင်းမြောင်းတွေလည်း ဖြတ်သန်းရသောကြောင့် ကားကြံ့ခိုင်မှုမှာ အထူးအရေးကြီးလှသည်။

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းရှိ ဆင်လိမ္မာများ

ကားလမ်းဆုံးသောအခါ အချို့က ဆင်စီးပြီး အချို့က ခြေကျင်တက်ကြသည်။ သစ်တောကြိုးဝိုင်းမှဆင်များနှင့် ပုဂ္ဂလိကကိုယ်ပိုင်ဆင်များလည်း ပါဝင်ကာ ခရီးသည်တစ်ဦးလျှင် ၂၀၀ဝကျပ်ပေးရသည်။ ကျွန်မသွားသောအချိန်သည် ဘုရားဖူးများ အလွန်များပြားသဖြင့် ဆင်အကောင်ရေ ၈ဝကို အသုံးပြုထားကြောင်းသိရသည်။ ကျွန်မလည်း ဆင်စာကျွေးရန်အတွက် ရန်ကုန်မှ သယ်လာသော ဖီးကြမ်းငှက်ပျောသီး၂ဖီး၊ ကင်မရာတစ်လုံး၊ ကျောပိုးအိတ်တစ်အိတ်လွယ်ပြီး တောင်ပေါ်သို့ ခြေကျင်စတက်ပါတော့သည်။ တောင်ပေါ်မှ ခရီးသည်များနှင့် ဆင်းလာသောဆင်တစ်ကောင်ကို တွေ့သဖြင့် ငှက်ပျောသီးတစ်လုံးဖြုတ်ကာ ကျွေးရန်ပြင်တော့သည်။ အနားမှ ဘုရားဖူးတစ်ဦးကလည်း ကြံတစ်ချောင်းကို ဆင်နှာမောင်းထဲထည့်ပေးသည်။ ဆင်ကြီးသည် ငှက်ပျောသီး၁လုံးနှင့် ကြံကိုတွန်းဖယ်က လက်ထဲမှ ငှက်ပျောသီး၂ဖီးကိုသာ နှာမောင်းဖြင့် တို့ကာတို့ကာ တောင်းလေတော့သည်။ ကျွန်မမှာ ငှက်ပျောသီးကို သိုင်းထားသော ပလစတစ်ကြိုးစကို ဆွဲထုတ်နေစဉ်တွင်ပင် ငှက်ပျောဖီး၂ဖီးမှာ ဆင်၏နှာမောင်းဖြင့် ရစ်ပတ်ပြီး ပါးစပ်ထဲတန်းသွင်းခြင်းခံရတော့သည်။ ၂၀၁၅ခုက အလောင်းတော်ကဿပခရီးစဉ်တွင် ဆင်စာအဖြစ် နှင်းသီး၊ ပန်းသီး၊ ပျားလိမ္မော်သီး၊ ကြံချောင်း ကျွေးဖြစ်သည်။ အသီးအရွယ်အစားသေးသဖြင့် ဆင်နှာမောင်းဖြင့် အစာကို ရစ်ပတ်ရာတွင် လက်ပါပြီး အရေပြားအနည်းငယ်မျှ ပွန်းဖူးသဖြင့် ငှက်ပျောဖီးကို ပြန်လည်းမလုရဲပေ။ ဆင်ဝမ်းဗိုက်ထဲသို့ ဝင်သွားမည့် ငှက်ပျောသီးသိုင်း ပလက်စတစ်ကြိုးစ၂စကို တွေးပြီး စိတ်မချမ်းမသာဖြစ်ရသည်။ နောက်နှစ်ထပ်သွားလျှင် ငှက်ပျောသီးများကို ၃လုံးတစ်ဖြတ်ကြိုဖြတ်ထားပြီး ငါးကိုးအိတ်ကြီးဖြင့်သာ သယ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ကျွတ်ကျွတ်အိတ်နှင့် ပလက်စတစ်စများသည် အစာခြေနိုင်စွမ်းမရှိသဖြင့် ငါးစာကျွေးရင်ပဲဖြစ်ဖြစ်၊ အခြားတိရိစ္ဆာန်များကို အစာကျွေးရင်ပဲဖြစ်ဖြစ် ကျွတ်ကျွတ်အိတ်များကို သတိထားဖယ်ပြီးမှသာ ကျွေးကြရန် မေတ္တာရပ်ခံချင်ပါတယ်။

အလောင်းတော်ကဿပ - ရှင်သူငယ်ထွက်ပေါက်အလောင်းတော်ကဿပ – ရှင်သူငယ်ထွက်ပေါက်

အလောင်းတော်ကဿပ စံကျောင်းတော်အလောင်းတော်ကဿပ စံကျောင်းတော်

အလောင်းတော်ကဿပ စံကျောင်းတော်ရှိ ကဿပမထေရ်၏ ရုပ်ပွားတော်အလောင်းတော်ကဿပ စံကျောင်းတော်ရှိ ကဿပမထေရ်၏ ရုပ်ပွားတော်

၄၅မိနစ်မျှ ခြေကျင် တောင်တက်ပြီးသော် ရှင်သူငယ်ထွက်ပေါက်ကို သွားကြည့်ဖြစ်သည်။ ပြီးနောက် အလောင်းတော်ကဿပစံကျောင်းတော်၊ ထို့မှတဆင့် စံကျောင်း၏ အထက်ဘက်ရှိ ကြေးစည်ဆောင်၊ သစ္စာရေတွင်း၊ ကိုးနဝင်းစေတီတို့ကို သွားရောက်ဖူးမျှော်သည်။ ပြီးနောက် စံကျောင်းတော်၏ ညာဘက်အောက်ချိုင့်ရှိ အလောင်းတော်စံရာ ပတ္တမြားကျောက်လိုဏ်ဂူသို့ သွားရောက်ရာတွင် ဘုရားဖူးများ အင်မတန်များလှသဖြင့် တိုးဝှေ့စီတန်းကာ ဆင်းရသည်။ ကဿပမထေရ်မြတ်အား ရည်မှန်းပြီး ပတ္တမြားဂူပေါက်ရှိ ကျောက်တံခါးကို ရွှေသင်္ဃန်းကပ်လှူပူဇော်ကာ နိဗ္ဗာန်ဆုတောင်းဖြစ်သည်။ အလောင်းတော်ကဿပမထေရ်မြတ် နှင့် ပတ်သတ်ပြီး မှတ်သားဖူးသမျှကို ပြန်လည်သတိရမိသည်။

သစ္စာရေတွင်းအလောင်းတော်ကဿပ – သစ္စာရေတွင်း

ကိုးနဝင်းစေတီအလောင်းတော်ကဿပ – ကိုးနဝင်းစေတီ

ပတ္တမြားဂူသွားရာလမ်းအလောင်းတော်ကဿပ – ပတ္တမြားဂူ သွားရာလမ်း

ပတ္တမြားဂူအလောင်းတော်ကဿပ – ပတ္တမြားဂူ

ပတ္တမြားဂူရှိ အလောင်းတော်ကဿပမထေရ်အား မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် တတိယမဟာသာဝက ဖြစ်သော အရှင်မဟာကဿပမထေရ် ဟူ၍လည်းကောင်း၊ မြန်မာနိုင်ငံမှ ပုဂံခေတ်တွင် ကျော်ကြားခဲ့သော ပေါင်လောင်ရှင်ကဿပ ဟူ၍လည်းကောင်း ကွဲလွဲနေသည်။ အရှင်မဟာကဿပမထေရ်သည် မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက် သာသနာအနှစ် ၅၀၀၀ ပတ်လုံး သန့်စင်သော သာသာနာ တည်တံ့စေခြင်းအကျိုးငှာ မထေရ်မြတ်မှ ဦးစီးပြီး ပထမသံဂါယနာ တင်ခဲ့သည်။ မြတ်စွာဘုရား၏ အဂ္ဂသာဝကနှစ်ပါးပြီးလျှင် သာသနာတော်ကို ပခုံးလွှဲပြောင်းယူရမည့် တတိယသာဝက ဖြစ်သည်။ အရှင်မဟာကဿပမထေရ်သည် သလ္လာဝတီမြစ် အနောက်ဘက်ရှိ ဝေဘူလ၊ ဝေဘာရ နှင့် သုနန္ဒရ အမည်ရ တောင်သုံးလုံးကြားတွင် ခန္ဓာဝန်ချခဲ့သည်ဟု ကျန်းဂန်တို့တွင်ဆိုထားသည်။ ပေါင်လောင်ရှင်ကဿပမထေရ်သည် ပုဂံခေတ်က ရဟန္တာအဖြစ် ထင်ရှားကျော်ကြားသည်။ ပုဂံကျောက်စာအချို့တွင် ပိဋကတ်စာပေ အထူးကျွမ်းကျင် နှံ့စပ်သူ၊ မင်း မိဖုရား မူးမတ် ပြည်သူတို့ ကိုးကွယ်ခံရသူ၊ တောကျောင်းဂိုင်းကို စတင်တည်ထောင်သူအဖြစ် တွေ့ရှိရသည်။ ပေါင်လောင်ရှင်ကဿပမထေရ်သည် မြင်းမူတောကျောင်း မှ ယောနယ်ဘက်သို့ သာသနာပြုရန်ကြွရာ ပုံတောင်ပုံညာတောင် နှင့် မဟူတောင်တို့ဆုံရာတွင် ပျံလွန်တော်မူခဲ့သည်ဟုလည်း မှတ်သားရသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top