အမေရိကန်နိုင်ငံသမိုင်းမှာ အာမခံကြေး အများဆုံးပေးခဲ့တဲ့ အမျိုးသမီးမှာ လူသတ်မှုစွဲချက်မှ တရားသေလွှတ်ပေး

yyl-006-11.jpg

သားသမီးနှစ်ယောက်ကို အုပ်ထိန်းခွင့်ရဖို့ ကလေးတွေရဲ့အဖေကို သတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ အိမ်ခြံမြေလုပ်ငန်းရှင် အမျိုးသမီးဟာ လူသတ်မှုစွဲချက်ကနေ တရားသေ လွတ်မြောက်ခဲ့ပါတယ်။ အသက် ၃၄ နှစ်ရှိတဲ့ တစ်ဖနီလီဟာ ၂၀၁၆ ခုနှစ်မှာ အတူနေချစ်သူဟောင်း ကိတ်ဂရင်းကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရပါတယ်။ တစ်ဖနီလီနဲ့ ကိတ်ဂရင်းတို့ဟာ သားသမီး နှစ်ယောက်ကို အုပ်ထိန်းခွင့်နဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်မှာ တစ်ဖနီလီရဲ့ နေအိမ်နားက စားသောက်ဆိုင်မှာ သူတို့နှစ်ယောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကိတ်ဂရင်း အိမ်ပြန်လာခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ နောက် ၂ ပတ်အကြာမှာတော့ အဲဒီနေရာကနေ မိုင် ၈၀ ဝေးတဲ့နေရာမှာ ပစ်သတ်ခံထားရတဲ့ ကိတ်ဂရင်းရဲ့ အလောင်းကို တွေ့ခဲ့ပါတယ်။ ကိတ်ဂရင်းရဲ့ အလောင်း တွေ့ရပြီးနောက် တစ်ပတ်အကြာမှာတော့ တစ်ဖနီလီနဲ့ သူ့ချစ်သူ ဘာယက်တို့ကို လူသတ်မှုနဲ့ သံသယရှိလို့ ဖမ်းဆီးခဲ့ပါတယ်။ တစ်ဖနီလီဟာ အမေရိကန်နိုင်ငံ သမိုင်းတစ်လျှောက် အမြင့်ဆုံး အာမခံကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃၅ သန်း အာမခံထားခဲ့လို့ နိုင်ငံတကာမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဖနီလီဟာ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ တစ်ဖနီလီဟာ သားသမီးတွေကို အုပ်ထိန်းခွင့်ဆုံးရှုံးမယ့် အခြေအနေကို စိုးရိမ်ပြီး ကိတ်ဂရင်းကို အကွက်ချစီစဉ်ခဲ့တာလို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ၁၂ ရက်ကြာ ချင့်ချိန်ပိုင်းခြားခဲ့တဲ့နောက်မှာ ဂျူရီအဖွဲ့က တစ်ဖနီလီကို တရားသေလွှတ်ခဲ့ပါတယ်။ တစ်ဖနီလီရဲ့လက်ရှိချစ်သူ ဘာယက်အပေါ် စွဲချက်တင်မှုကလည်း မှားယွင်းတဲ့စွဲချက်လို့ ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top