ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးလိုအယောင်ဆောင်ပြီး ယူရို (၈) သန်း လိမ်လည်မှုဖြစ်ပွား

55624274_2305043672859873_8089900652425117696_n.jpg

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးပုံစံအယောင်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံက ယူရို (၈) သန်း လိမ်လည်ခဲ့တယ်ဆိုတဲ့ အမျိုးသား (၃) ယောက်ကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
သံသယရှိသူတွေဟာ အသက် (၃၇) နှစ်ကနေ (၄၇) နှစ်ကြားအရွယ်ရှိတဲ့ ပြင်သစ်နွယ်ဖွား အစ္စရေးနိုင်ငံသားတွေလို့ ဆိုပါတယ်။ သူတို့ဟာ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းအီဗက်လီဒရီယန်ရဲ့ ရုံးခန်းပုံစံမျိုး ထပ်တူဖန်တီးပြီး Skype ဖုန်းခေါ်မှုတွေကနေ ငွေကြေးလိမ်လည်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

တဲလ်အဗစ်မြို့က ရုံးခန်းအတုမှာ ပဲရစ်မြို့က ယန်းအီဗက်လီဒရီယန်ရဲ့ ရုံးခန်းအတိုင်း ပရိဘောဂပစ္စည်းတွေ ခင်းကျင်းထားပြီး Skype ဖုန်းခေါ်ဆိုချိန်မှာ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ပုံတူပန်းချီကားနဲ့ ပြင်သစ်နိုင်ငံအလံကို နောက်ခံထားခဲ့ပါတယ်။ လျှို့ဝှက်စစ်ဆင်ရေးလုပ်ဖို့၊ ဆီးရီးယားနဲ့ မာလီနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ ပြန်လွတ်လာစေဖို့ ငွေလိုတယ်ဆိုပြီး လိမ်လည်ခဲ့ကြတာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သံသယရှိသူ သုံးယောက်လုံးကတော့ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ သူတို့အဖွဲ့ လိမ်လည်ဖို့ချဉ်းကပ်ခဲ့သူတွေထဲမှာ စီးပွားရေးသမားတစ်ယောက်ကပဲ ငွေလွှဲပေးခဲ့တယ်လို့ အစ္စရေးမီဒီယာတစ်ခုက ဖော်ပြထားပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့က အစ္စရေးနိုင်ငံရဲ့ လာဟက် (၄၃၃) တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တဲလ်အဗစ်မြို့က သံသယရှိသူတွေကို ရှာဖွေခဲ့ကြတာပါ။ သံသယရှိသူတွေက နောက်ထပ်စီးပွားရေးသမားတစ်ယောက်ကို လိမ်လည်ဖို့ ကြိုးပမ်းနေပြီး အဲဒီသူက ယူရို (၂) သန်းပေးဖို့ ပြင်ဆင်နေချိန်မှာ သူတို့ကို ဖမ်းဆီးရမိခဲ့တာလို့ ပြင်သစ်သတင်းစာက ဖော်ပြထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top