အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ

skin.png

ပစ္စည်းတစ်ခုခုပြင်ဖို့၊ ကပ်ဖို့လိုတိုင်း စူပါဂလူးကို ပြေးဝယ်ကြပါတယ်။ တကယ်လည်းစွယ်စုံအသုံးဝင်တဲ့ အရာဖြစ်ပေမယ့် ကပ်လိုတဲ့နေရာမဟုတ်ဘဲ မတော်တဆ ချော်ပြီး မျက်စိကိုစဉ်မိရင် အန္တရာယ်ရှိနိုင်ပါတယ်။ အသားမှာကပ်သွားရင်လည်း အတင်းဆွဲခွာရလို့ အသားတွေစုတ်ပြဲရနိုင်တယ်။

စူပါဂလူးက အရေပြားနဲ့ထိတွေ့တဲ့အခါ ထိခိုက်မှုအာနိသင်မဖြစ်နိုင်ပေမယ့် အသားတွေထိကပ်ကုန်တာ၊ တခြားအရာဝတ္တုတွေနဲ့ အသားကပ်ကုန်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်တောင် လက်မှ ကော်တွေကပ်ကျန်နေတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒီတော့ မတော်တဆကပ်မိတဲ့အခါ အရေပြားကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာ အလွယ်ဆုံးနည်းလေးတွေ ပြောပြမယ်နော် –

၁။ ဆပ်ပြာရည်

ဆပ်ပြာဖျော်ထားတဲ့ ရေနွေးနွေးလေးမှာ ခဏစိမ်ပြီး လက်မှာကပ်နေတဲ့ ကော်တွေကို ဖယ်ရှားပါ။ ကော်မခြောက်ခင်မှာ စိမ်နိုင်ရင် ပိုကောင်းပါတယ်။ ဇလုံတစ်ခုထဲ ရေနွေးစပ်ပြီး ချေးချွတ်ဆပ်ပြာ သို့မဟုတ် ဆပ်ပြာတစ်မျိုးမျိုးထည့်ပါ။ ကော်ကပ်နေတဲ့လက်ကို (၅) မိနစ် သို့မဟုတ် (၁၀) မိနစ်စိမ်ထားပါ။ ကော်ကပျော့လာပြီဆိုရင် အသာအယာပွတ်ပါ ဒါမှမဟုတ် အသာလေးခွာကြည့်ပါ။ လုပ်ကြည့်လို့နာတယ်ဆို ဆက်မလုပ်ပါနဲ့။ အရေပြားစုတ်ပြဲသွားနိုင်ပါတယ်။ ကော်သိပ်မများဘူးဆိုရင် ဒီနည်းနဲ့တင် နည်းနည်းချင်း လျော့ပါးသွားနိုင်ပါတယ်။ မရရင် နောက်တစ်နည်းပေါ့။

၂။ လက်သည်းဖျက်ဆေး

လက်သည်းဖျက်ဆေးအများစုမှာ acetone လို့ခေါ်တဲ့ စူပါဂလူးကိုပျော်ဝင်စေတဲ့အစွမ်းထက်ပစ္စည်းတစ်ခုပါဝင်ပါတယ်။ လက်သည်းဖျက်ဆေးကို ဂွမ်းနဲ့ဆွတ်ပြီး ကော်ကပ်နေတဲ့နေရာကို ခဏလောက်ဖိကပ်ပေးပါ။ Acetone က အဆိပ်အတောက်ရှိနိုင်တဲ့ဓာတ်ဖြစ်ပြိး အရေပြားကိုခြောက်သွေ့စေနိုင်တယ်ဆိုတော့ သုံးပြီးတာနဲ့ လက်ကိုသေချာဆေးဖို့ အရေးကြီးပါတယ်။ အရေပြားရောဂါရှိတဲ့သူတွေနဲ့ ထိခိုက်လွယ်အသားအရေတွေတော့ မသုံးသင့်ပါဘူး။ အရေပြားပေါက်ပြဲနေရင်လည်း မသုံးသင့်ပါဘူး။

၃။ ထောပတ်နဲ့ဆီများ

အုန်းဆီ၊ သံလွင်ဆီ၊ ထောပတ် ၊ မာဂျရင်း တို့လို အဆီတွေက စူပါဂလူးခွာတဲ့နေရာမှာ အသုံးဝင်ပါတယ်။ ရေနွေးနွေးလေးထဲမှာ လက်ကိုအရင်စိမ်လိုက်ပြီးမှ အဲဒီအဆီတစ်ခုခုကို စိတ်ရှည်ရှည်နဲ့ပွတ်ပေးပါ။ ကော်တွေမစင်မချင်း ဆီတွေထပ်သုံးလို့ရပါတယ်။

၄။ ချေးတွန်းကျောက်

အသားမာတွေ၊ အရေပြားဆဲလ်သေတွေကိုဖယ်ရှားဖို့ သုံးကြတဲ့ ချေးတွန်းကျောက်ကို ခြောက်သွေ့ကပ်ကျန်နေတဲ့ကော်တွေဖယ်ရှားရာမှာလည်း သုံးနိုင်ပါတယ်။ ကော်ပေနေတဲ့လက်ကို ဆပ်ပြာရည်ထဲခဏစိမ်ပြီး ချေးတွန်းကျောက်ကိုတော့ ရေနွေးလေးထဲစိမ်ထားပါ။ ပြီးမှ ချေးတွန်းကျောက်နဲ့ အသာအယာ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးပါ။

၅။ သံပရာသီး

သံပရာသီးရဲ့အက်စစ်ဓာတ်က စူပါဂလူးကိုဖယ်ရှားပေးနိုင်ပါတယ်။ ခွက်တစ်ခုထဲကို သံပရာသီးညှစ်ထည့်ပြီး ကော်ပေနေတဲ့လက်ကို (၅) မိနစ်/ (၁၀) မိနစ် နှစ်ထားပေးပါ။ ဒါမှမဟုတ် သွားပွတ်တံဖြစ်ဖြစ်၊ ဂွမ်းနဲ့ဖြစ်ဖြစ် သံပရာရည်ဆွတ်ပြီး ကော်ကပ်နေတဲ့နေရာကို တို့ပွတ်ပါ။

အသားမှာ ကော်ကပ်မိရင်

အသားမှာကပ်နေတဲ့ ကော်တွေကို ဆွဲမခွာသင့်ပါဘူး။ အရေပြားကို သို့မဟုတ် ကော်ကို ညင်သာစွာပွတ်တိုက်တာကပဲ အဆင်ပြေမှာပါ။ တချို့က ဒီတိုင်းနေရင်း၊ အဝတ်လျှော် ၊ ပန်းကန်ဆေးရင်းနဲ့ ကွာကုန်တာလည်းရှိပါတယ်။

ဒါပေမယ့် အရေးကြီးတာက စူပါဂလူးသုံးရင် ပါးစပ်ထဲနဲ့ မျက်စိထဲမဝင်ဖို့ပါပဲ။ မျက်စိ သို့မဟုတ် မျက်ခွံမှာ ကော်တွေပေရင် အန္တရာယ်ရှိနိုင်ပါတယ်။

နောက်တစ်ချက်အရေးကြီးတာက အရေပြားမှာ ပေါက်ပြဲမှုရှိခဲ့ရင် ဓာတုပစ္စည်းတွေသုံးပြီး ကော်မဖယ်ရှားပါနဲ့။ နောက်ဆုံးမရရင် ဆရာဝန်ပြသင့်ပါတယ်။

ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top