၂၀၁၈ စစ်တမ်း

2-1.jpg

နာရီပိုင်းအကြာမှာတော့ ၂၀၁၈ ခုနှစ် ကုန်ဆုံးတော့မှာပါ။ ဒီနှစ်အတွင်း မြန်မာနိုင်ငံမှာ အားကောင်းတဲ့ သတင်းဖြစ်စဉ်တွေ ရှိခဲ့ပြီး အဲဒီအထဲက တချို့ကို ပြန်လည် ဖော်ပြပေးချင်ပါတယ်။

၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ သမ္မတ ဦးထင်ကျော် ရာထူးကနေ အနားယူခဲ့ပြီး မတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ဦးဝင်းမြင့်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုရာမှာ သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ် အောင်မြင်စေဖို့အတွက် ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရမယ်၊ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရမယ်၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရမယ်၊ ပြည်သူ့ဘဏ္ဍာငွေတွေ အလေအလွင့် ဆုံးရှုံးမှုမရှိစေဖို့ ပိုမိုခန့်ခွဲရမယ်ဆိုတဲ့ အချက်တွေ အပါအဝင် အချက်(၉)ချက် ထည့်သွင်းပြောကြားခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ ဇူလိုင် ၂၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အသေးစိတ်ကျပြီး ပြည့်စုံတဲ့ အဲဒီမိန့်ခွန်းအရ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် သမ္မတဦးဝင်းမြင့်ရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းမှုကို ထင်ရှားစေခဲ့ပါတယ်။

သမ္မတရုံးမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးအဖွဲ့ ဖွဲ့စည်းခဲ့သလို မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး တိုက်ရိုက်သတင်းပေးနိုင်ဖို့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန ဖွဲ့စည်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သတင်းပေးလာရင် သတင်းပေးသူရဲ့ အချက်အလက်တွေအားလုံးကို လျှို့ဝှက်ပေးပြီး ဆုကြေးငွေပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။ မူးယစ်ဆေးဝါးပြဿနာကို သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ရလိုက်တာ အောက်ခြေကို စိတ်မချဘူးဆိုတဲ့ သဘောမျိုး သက်ရောက်စေပါတယ်။ ဒါဟာ အောက်ခြေမှာ အဂတိလိုက်စားမှုတွေ ရှိနေသလားဆိုတာ တွေးဖို့ဖြစ်လာပါတယ်။

သိပ်မကြာသေးခင်က စာရေးသူတို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ သတင်းအရ မူးယစ်ဆေးဝါး သတင်းရပေမဲ့ တာဝန်ရှိသူတွေကြား ဆင့်ကဲ ညွှန်ကြားမှုတွေ လုပ်နေရင်းနဲ့ ကြားထဲမှာ လွတ်သွားတဲ့အဖြစ်မျိုးတွေ ရှိနေပါသတဲ့။ ဒါဟာ အောက်ခြေအဆင့်မှာ ဘယ်လိုဖြစ်နေလဲဆိုတာကို မီးမောင်းထိုးပြနေသလိုပါပဲ။ သမ္မတ ဦးဝင်းမြင့်ကတော့ အဂတိလိုက်စားသူတွေကို အရေးယူဖို့၊ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးပြဿနာကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးဝင်းမြင့်လက်ထက် ထူးခြားဖြစ်စဉ် နောက်တစ်ခုကတော့ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးတဲ့အမှု ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဟာသဗီဒီယိုတွေနဲ့ နာမည်ကျော်ကြားခဲ့တဲ့ အောင်ရဲထွေးဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက The One Entertainment Park မှာ ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရပြီး နှစ်ရက်အကြာမှာတော့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အောင်ရဲထွေး သေဆုံးတဲ့အမှုက သံသယရှိသူ ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက အမှုရုပ်သိမ်းပြီး လွှတ်မိန့်ပေးခဲ့ပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ ရန်ကုန်တိုင်းလွှတ်တော်မှာ သမ္မတဦးဝင်းမြင့်က အမှုရုပ်သိမ်းခဲ့တဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ပြန်လည်စစ်ဆေးရာမှာ အဂတိလိုက်စားခဲ့တယ်လို့ ပေါ်ပေါက်ခဲ့ပြီး ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ရဲအုပ် ချစ်ကိုကိုတို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့်ခဲ့ပါတယ်။ သမ္မတဦးဝင်းမြင့်ဟာ သမ္မတအဖြစ် ကတိသစ္စာပြုတဲ့ မိန့်ခွန်းထဲမှာ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရမယ်ဆိုတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့တာလို့ ဆိုရမှာပါ။

ရခိုင်အရေးနဲ့ပတ်သက်ပြီး ရိုက်တာဂျာနယ်လစ် ၂ ဦး ဖမ်းဆီးခံရတဲ့ဖြစ်ရပ်ကလည်း ၂၀၁၈ ရဲ့ ခေါင်းကြီးသတင်းဖြစ်ခဲ့ပါတယ်။ အင်းဒင်ရွာ လူသတ်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ စုံစမ်းခဲ့တဲ့ ရိုက်တာသတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးတို့ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က အဖမ်းခံခဲ့ရပြီး နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့မှာ သူတို့ ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ သူတို့ရဲ့ အယူခံကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံးတွင် ကြားနာခဲ့ပြီး ၂၀၁၉ ခုနှစ်အစောပိုင်းမှာ အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားတွေ ပိုများလာခဲ့သလို ပြည်တွင်းမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက မြန်မာနိုင်ငံမှာ ဖေ့ဘွတ်ခ် သုံးသင့်၊ မသုံးသင့်ဆိုတဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖေ့ဘွတ်ခ်(Facebook)က မြန်မာ့နိုင်ငံရေးမှာ တစ်ဖက်တစ်လမ်းကနေ ဖိအားပေးသလို ဖြစ်စေခဲ့လို့ပါပဲ။ ရခိုင်အရေးနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာနိုင်ငံက ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို စုံစမ်းစစ်ဆေးပြီး စစ်ရာဇဝတ်မှုနဲ့ အရေးယူဖို့ ဩဂုတ်လ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့က အစီရင်ခံခဲ့ပါတယ်။

အစီရင်ခံစာ ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ ဖေ့ဘွတ်ခ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာနဲ့ တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြား ကွန်ရက်အပါအဝင် မြန်မာနိုင်ငံက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာတွေကို ပိတ်ပင်ခဲ့ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် စွပ်စွဲချက်တွေအပေါ် တုံ့ပြန်ဖြေရှင်းခွင့်(Right to Reply)ကို ပိတ်ဆို့လိုက်ရာ ရောက်ပါတယ်။ ဖေ့ဘွတ်ခ်က မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ရက်ပါ။ ဖေ့ဘွတ်ခ်ရဲ့ အဲဒီလုပ်ရပ်အပေါ် မကျေနပ်ကြသူတွေက ဖေ့ဘွတ်ခ်အစား ရုရှားလူမှုကွန်ရက် (VK-Vkontakte) ပြောင်းသုံးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံမှာ ကိုယ်ပိုင်လူမှုကွန်ရက် ရှိသင့်ပြီဆိုတဲ့ အသံတွေ ကျယ်လောင်လာခဲ့ပါတယ်။

ဖေ့ဘွတ်ခ်ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း တပ်မတော်နဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ ပေ့ခ်ျ ၄၂၅ ခု၊ ဂရု ၁၉ ခု၊ အကောင့် ၁၃၅ ခုနဲ့ အင်စတာဂရမ်အကောင့်(ဖေ့ဘွတ်ခ်ပိုင်) ၁၅ ခုကို ဖယ်ရှားခဲ့ပါတယ်။ အဲဒီအထဲမှာ ပေ့ခ်ျတစ်ခုကတော့ ထောက်ခံအားပေးသူ ၂ ဒသမ ၅ သန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ ဖေ့ဘွတ်ခ်ဟာ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အကောင့်တွေရဲ့ လှုပ်ရှားမှုကို ကြည့်ရှုဖို့အတွက် ၂၀၁၈ ခုနှစ်အကုန်မှာ မြန်မာစာပေနဲ့ စကားတတ်ကျွမ်းတဲ့ ဝန်ထမ်း ၁၀၀ အထိ အားဖြည့်သွားဖို့ ရှိနေပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်ဖို့ ရုရှားနိုင်ငံက ဖေ့ဘွတ်ခ်အပါအဝင် ပလက်ဖောင်း တော်တော်များများကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီကိစ္စကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ ဖေ့ဘွတ်ခ်ဟာ မြန်မာ့နိုင်ငံရေးမှာ အရင်ကထက် ဖိအားပိုပေးလာတာ တွေ့ရပါတယ်။

ဖေ့ဘွတ်ခ်က မြန်မာနိုင်ငံရေးကို ဖိအားပေးလာချိန်မှာ တွစ်တာကတော့ မတူညီတဲ့ ချဉ်းကပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။ တွစ်တာ(Twitter)အမှုဆောင်ချုပ် ဂျက်ဒေါ်ဆေးဟာ သူ့မွေးနေ့မှာ မြန်မာနိုင်ငံကို အားလပ်ရက်အပန်းဖြေခရီး လာရောက်ပြီး ဝိပဿနာတရား အားထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက တကယ့်ကိုလှပတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လို့ မြန်မာနိုင်ငံကို သွားလည်ကြဖို့ ဂျက်ဒေါ်ဆေးက အားပေးသူ ၄ သန်းရှိတဲ့ သူ့ရဲ့စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အမြင်စောင်းနေသူတွေက ဂျက်ဒေါ်ဆေးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ အဲဒီဝေဖန်မှုတွေကိုကြည့်ရင် အနောက်နိုင်ငံသားတွေက မြန်မာနိုင်ငံကို ရခိုင်အရေးနဲ့ တွဲမြင်နေပြီလို့ သုံးသပ်ရမှာပါ။ အနောက်အုပ်စု မီဒီယာတွေကလည်း ဒီလိုတွဲမြင်အောင် နှပ်ကြောင်းပေးပြီး အားကောင်းကောင်းနဲ့ ဖော်ပြခဲ့ကြတာပါ။

ရခိုင်အရေးကြောင့် ကနေဒါနိုင်ငံက မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆု ပြန်လည်ရုပ်သိမ်းခဲ့သလို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ယုံကြည်မှုဆိုင်ရာ သံတမန်ဆု (Ambassador of conscience award) ရုပ်သိမ်းခဲ့ပါတယ်။ ပြည်ပက ဆုတွေ ရုပ်သိမ်းခဲ့ချိန်မှာ မြန်မာနိုင်ငံသားတွေကတော့ ”ဆုတွေ ပြန်သိမ်းလည်း ဂရုမစိုက်ဘူး”လို့ တစ်ညီတညွတ်တည်း မှတ်ချက်ပေးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံအားပေးခဲ့ကြပါတယ်။ ပြည်ပဖိအားတွေ ကြုံရချိန်မှာ နှိုးကြားလာတဲ့ အမျိုးသားရေးစိတ်ဓာတ်က အားကောင်းပေမဲ့ ဖွဲမီးလို တမြေ့မြေ့တောက်လောင်အောင် ထိန်းထားနိုင်ဖို့ ၂၀၁၉ ခုနှစ်မှာ ဆက်ကြိုးစားရဦးမှာပါ။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ကို ကုလသမဂ္ဂက ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တွန်းအားအဖြစ် အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

YBS ယာဉ်လိုင်းတချို့ကို ညနက်ပိုင်းအထိ ပြေးဆွဲပေးမယ့်သတင်းကလည်း ၂၀၁၈ ခုနှစ်ရဲ့ ထူးခြားသတင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ Omni Focus Transport Service ၏ ယာဉ်လိုင်းခွဲတွေဖြစ်တဲ့ YBS ယာဉ်လိုင်းအမှတ်(၂၀)၊ (၈၃)၊ ၉၈ နဲ့ ၉၉ တို့ကို ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းကစပြီး ၂၄ နာရီဝန်ဆောင်မှုအဖြစ် ပြေးဆွဲခဲ့ပါတယ်။ ဒါဟာ အိမ်ပြန်နောက်ကျတဲ့ အလုပ်သမားတွေအတွက် သတင်းကောင်းလို့ ဆိုရမှာပါ။

ဒီနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှာ ဘေးအန္တရာယ် ကြုံတွေ့မှုတချို့ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက ဖားကန့်မြို့နယ် ဝှေခါကျေးရွာမှာ မြေစာပုံပြိုကျလို့ လူ ၁၈ ယောက် သေဆုံးခဲ့ပြီး ၁၁ ယောက် ဒဏ်ရာရခဲ့သလို ဇူလိုင်လ ၂၄ ရက်နေ့က မမုံကျေးရွာမှာ မြေစာပုံပြိုကျလို့ အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ပါတယ်။ ဒီနှစ်ပိုင်းအတွင်း ဖားကန့်မှာ မြေစာပုံ ပြိုကျလို့ လူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပေမဲ့ ကျောက်တူးသမားတွေကတော့ ဝမ်းစာအတွက် တူးဆဲ၊ တူးမြဲပါပဲ။ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျခဲ့လို့ အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ပြီး ရွာပေါင်း ၈၅ ရွာ ရေဖုံးလွှမ်းခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၆ မိုင်မှာ လမ်းပေါ်ရေကျော်ခဲ့လို့ အမြန်လမ်းကို ယာယီပိတ်ခဲ့ရပါသေးတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top