ရူပဗေဒ သဘောတရားအရ စကြဝဠာဟာ ဘယ်သောအခါမှ မတည်ရှိခဲ့သင့်တဲ့အကြောင်း

48411341_1451430268322048_6165767823646785536_n.jpg

ဘစ်ဘမ်း (Big Bang) ပေါက်ကွဲမှု ဖြစ်ပွားပြီးကာစမှာ အပူချိန် အတိုင်းအဆမရှိ မြင့်မားနေခဲ့ပြီး အခုအချိန် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရသမျှ အရာတွေ အားလုံးဟာ မယုံကြည်နိုင်လောက်အောင်ကို သိပ်သည်းနေခဲ့ပါတယ်။ ဒါပေမဲ့ ရူပဗေဒပညာရှင်တွေ နားလည်ထားတာကတော့ ပေါက်ကွဲမှု ဖြစ်ပွားအပြီးမှာ ထွက်ပေါ်လာတဲ့ အမှုန်တွေဟာ သူ့ရဲ့ ဆန့်ကျင်ဘက် (Anti-particle) တွေကိုပါ ထုတ်လွှတ်တာဖြစ်လို့ သူတို့အချင်းချင်း ထိခိုက်မိပြီး ပုံစံတွေ ပြောင်းလဲသွားသင့်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စကြဝဠာဟာ ဒီလို အလုပ် မလုပ်ခဲ့ပါဘူး။ ဒါဟာ သိပ္ပံပညာရှင်တွေကို နှစ်ပေါင်းများစွာ ခေါင်းခဲစေခဲ့တဲ့ အရာဖြစ်ပါတယ်။ ဘာဖြစ်လို့ အရာရာတိုင်းဟာ တည်ရှိနေကြပါသလဲ။

စကြဝဠာထဲမှာ အသေးငယ်ဆုံးလို့ ယူဆရတဲ့ အမှုန်ကလေးတွေဟာ သူတို့ရဲ့ ဆန့်ကျင်ဘက် ပုံမှန် စံပြအမှုန်တွေ ရှိနေပါတယ်။ အရွယ်အစားအရ တူညီနေပြီး စွမ်းအင်တည်ရှိပုံအရ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့ရဲ့ ဆန့်ကျင်ဘက် အမှုန်တွေ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အမှုန်တွေမှာ သူတို့အတွက် နာမည် သီးခြား ရှိမနေပါဘူး။ အမှုန်တစ်ခုရဲ့ ဆန့်ကျင်ဘက် အမှုန်ဟာ သူ့ရဲ့ နာမည်ရှေ့မှာ (Anti-) ဆိုပြီး ခေါ်လိုက်ရင် ရပါပြီ။ (ဥပမာ Photon ရဲ့ ဆန့်ကျင်ဘက် Anti-photon) အမှုန်တစ်ခုနဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် အမှုန်တို့ တွေ့ဆုံတဲ့ အချင်းချင်း ပြင်းထန်စွာ ထိခိုက်မိကြပြီး စွမ်းအင်ပုံစံတစ်မျိုးကို ဖြစ်ပေါ်လာစေပါတယ်။

စကြဝဠာရဲ့အစမှာ ဖန်တီးခြင်းခံရတဲ့ အမှုန်တွေကတော့ သူတို့ရဲ့ ဆန့်ကျင်ဘက် အမှုန်တွေနဲ့ ယှဉ်တွဲသွားခဲ့ပါတယ်၊ ရူပဗေဒပညာရှင်ဟာ ဒီအဖြစ်ကို စမ်းသပ်ခန်းမှာ ပြုလုပ်ကြည့်ပြီး အမှုန်တွေကို စောင့်ကြည့်နေတဲ့အခါ ဆန့်ကျင်ဘက် အမှုန်တွေဟာ တစ်စက္ကန့်မှာ အကြိမ် ၁ သန်းလောက် တုန်ခါနေပြီးနောက် အခြား အမှုန်အဖြစ် ပုံစံပြောင်းသွားတာကို တွေ့ရပါတယ်။ စကြဝဠာရဲ့ အစမှာတော့ ဒီလို ပုံစံပြောင်းသွားဖို့ ဖြစ်နိုင်ခြေဟာ ၅၀/၅၀ ရှိနေတာကြောင့် စကြဝဠာ တစ်ခုလုံးကြီးဟာ အမှုန်တွေက ၅၀% ဆန့်ကျင်ဖက် အမှုန်တွေက ၅၀% ရှိနေခဲ့သင့်တာပါ။

ဒီအဖြစ်ကို အကြွေစေ့ လှည့်တဲ့ပုံစံနဲ့ ဥပမာပေးပါတယ်။ ခေါင်းကျမလား၊ ပန်းကျမလား မသိသေးတဲ့ အခြေအနေမှာ သင်ဟာ ကြိုတင် ဆုံးဖြတ်နိုင်ခြင်း မရှိသေးသလို ကြိုတင်ခန့်မှန်းသလိုလည်း ကွက်တိ ဖြစ်မလာပါဘူး။ နောက်တစ်ချက်က ခေါင်းနဲ့ပန်း ၂ မျိုးသာ ရှိတဲ့အတွက် ခေါင်းကျနိုင်ခြေ၊ပန်းကျနိုင်ခြေဟာလည်း ၅၀% ပဲ ဖြစ်ပါတယ်။ စကြဝဠာရဲ့ အစမှာတော့ တစ်စုံတစ်ခုက အမှုန်တွေကို % တော်တော်များများ ဆန့်ကျင်ဘက် အမှုန်အဖြစ် ပြောင်းမသွားစေခဲ့ပါဘူး။ အကြွေစေ့ဟာ ခေါင်းတွေချည်း လှိမ့်ကျနေခဲ့တဲ့ သဘောပါပဲ။

ဘာဖြစ်လို့ပါလဲ။ ၅၀/၅၀ ရှိနေရမယ့်အစား အမှုန်တွေသာ များပြားစွာ ကျန်ရစ်ပြီး ဆန့်ကျင်ဘက် အမှုန်တွေ ပျောက်ဆုံးကုန်တာ ထူးဆန်းပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ အမှုန်တွေနဲ့ ဆန့်ကျင်ဘက် အမှုန်တွေ ကြားက သေးငယ်လွန်းပြီး အရမ်းအနုစိတ်တဲ့ ကွဲပြားခြားနားမှုကို ရှာဖွေခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်မှာ Hydrogen နဲ့ Anti-Hydrogen တို့ကို ရှာဖွေခဲ့တာမှာ ကွဲပြားခြားနားမှု မရှိဘူးလို့ သိခဲ့ရပါတယ်။ ၂၀၁၇ အစောပိုင်းမှာ Baryons ဆိုတဲ့ အမှုန်တွေကို လေ့လာရာမှာတော့ အမှုန်တွေရဲ့ ပြုမှုပုံဟာ ဆန့်ကျင်ဘက် အမှုန်တွေရဲ့ ပြုမူပုံထက် အနည်းငယ် ဆန်းပြားနေတာကို တွေ့ခဲ့ရပြီး ၂၀၁၇ နှစ်ကုန်ပိုင်းမှာတော့ Proton အမှုန်တွေကို လေ့လာခဲ့ရာမှာတော့ ကွဲပြားမှု မရှိဘူးလို့ တွေ့ရပြန်ပါတယ်။ စူးစမ်းလေ့လာ ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်နေကြတုန်းပါပဲ။ လတ်တလောမှာတော့ စကြဝဠာဆိုင်ရာ အခြေခံအကျဆုံး မေးခွန်းတွေထဲက တစ်ခုကတော့ အခုချိန်ထိ အဖြေမသိရသေးပဲ ရှိနေတုန်းပါပဲ။

Ref: Curiosity ”The universe shouldn’t exist,according to Physics”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top