ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေဖို့

young-self-confident-entrepreneur-posing-to-PL2UAVC.jpg

တစ်ခါတစ်ရံမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးတတ်ကြပါတယ်။ လုပ်ဖော်ကိုင်ဖက် တွေကြောင့် စိတ်ညစ်ရတာတွေကအစ နိစ္စဓူဝကိစ္စလေးတွေအထိ အသေးအဖွဲအရာလေး တွေကနေ ယုံကြည်မှု အချိန်မရွေး ပျောက်ဆုံးသွားနိုင်ပါတယ်။

ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ။ အောက်ပါနည်းလမ်းတွေထဲက တစ်ခုခုနဲ့ ပြန်ကြိုးစားကြည့်လိုက်ပါ။

၁။ ပြင်ပြင်ဆင်ဆင်နေလိုက်ပါ။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာစေဖို့ အလျင်မြန်ဆုံးနဲ့အကောင်းဆုံးနည်းလမ်းက ကိုယ်ကိုယ်ကိုယ်ယုံကြည်မှု ရှိတယ်လို့ ထင်ရအောင် နေတာပါပဲ။ အဝတ်အစားတွေထဲက အကောင်းဆုံးတစ်စုံ ဒါမှမဟုတ် ယုံကြည်မှုရှိစေမယ်လို့ထင်ရမယ့်တစ်စုံကို ဘာမှမစဉ်းစားပဲ ဝတ်လိုက်ပါ။ ဒီလိုဝတ်ဆင်ခြင်းဖြင့် ပိုသက်တောင့်သာဖြစ်တယ် လုံခြုံမှုရှိတယ်လို့ ခံစားရစေပြီး ကိုယ့် lifestyle ကို ပိုမိုပဲ့ကိုင်လာနိုင်မှာဖြစ်ပါတယ်။

၂။ ပြုံးပြုံးရွှင်ရွှင်နေပါ။

ကိုယ်က ပြုံးပြနေရင် တစ်ခြားသူကလည်း ပြန်ပြုံးပြပါလိမ့်မယ်။ ခက်ခဲတဲ့နေ့ရက်တွေမှာတောင် အားပါးတရပြုံးထားပါ။ ကိုယ့်ရဲ့အပြုံးကို တခြားသူကလည်း ပြုံးရွှင်စွာ ပြန်တုန့်ပြန်တာကို မြင်ရရင် စိတ်ပျော်လာပြီး ပိုပြီးနေလို့ကောင်းသလို ခံစားလာရမှာပါ။

၃။ အကူအညီပေးပါ။

တစ်ယောက်ယောက်အတွက် တံခါးဖွင့်ပေးတာမျိုး၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အတွက် ကော်ဖီဝယ်ပေးတာမျိုး၊ ရထားပေါ်မှာ လူကြီးတွေကိုနေရာဖယ်ပေးတာမျိုး၊ လူ့အဖွဲ့အစည်းအတွက် အချိန်ပေးပြီး ကောင်းတဲ့ကိစ္စလေးတွေ လုပ်ပေးလိုက်ပါ။ ဒါတွေဟာ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ပိုပြီးနေပျော်တဲ့ ခံစားချက်မျိုး ခံစားရစေမှာပါ။

၄။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ။

လေ့ကျင့်ခန်းအသစ်တစ်ခုခု စမ်းလုပ်ကြည့်ဖို့ဖြစ်ဖြစ် ကိုယ့်ရဲ့အကြောက်ဆုံးအရာတစ်ခုခုကို လုပ်ကြည့်ဖို့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို စိန်ခေါ်ကြည့်ပါ။ ပြီးရင် တကယ်လုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပိုတိုးတက်စေပါတယ်။

၅။ ကိုယ်နှစ်သက်တဲ့အရာ တစ်ခုခုကိုလုပ်ပါ။

စိတ်ညစ်နေတဲ့အခါတွေမှာ ကိုယ်နှစ်သက်တဲ့ ဝါဿနာပါတဲ့ အလုပ်တစ်ခုခုကို လုပ်နေလိုက်ပါ။ ဆိုဖာပေါ်လှဲပြီး အကြိုက်ဆုံးဇတ်ကားတစ်ခုခုကိုကြည့်ပါ။ ကိုယ်ချစ်ခင်တဲ့သူငယ်ချင်းတွေအတွက် ချက်ပြုတ်ကျွေးပါ။ ကိုယ်နေတဲ့နေရာတစ်ဝိုက် အပြေးလေ့ကျင့်ပါ။ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တစ်ခုခုအပေါ်အာရုံစိုက်နေခြင်းက ပိုကျွမ်းကျင် ပိုင်နိုင်လာတယ်လို့ခံစားရစေပြီး ကိစ္စတော်တော်များများကို ကိုယ်ပိုင်နည်းလမ်းနဲ့ဖြေရှင်းလာနိုင်ပါလိမ့်မယ်။

၆။ အချိန်ဆွဲတာကို ရပ်တန့်လိုက်ပါ။

ဇာထိုးပန်းထိုးလုပ်ဖို့ပဲဖြစ်ဖြစ် ကိုယ်ခံပညာသင်တန်းတစ်ခုခု တက်တာပဲဖြစ်ဖြစ် အမြဲတမ်းလုပ်ချင်နေခဲ့တဲ့ အရာတစ်ခုခုကို အချိန်ဆွဲမနေပဲ အခုပဲလုပ်လိုက်ပါ။ ဒီလိုဆုံးဖြတ်ချက်ချနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမိုတိုးတက်လာရုံမက အသစ်အသစ်တွေကို သင်ယူရတဲ့အတွက်လည်း ပျော်ရွှင်မှုတွေနဲ့ စိတ်လှုပ်ရှားနေစေပါလိမ့်မယ်။

၇။ စိတ်ကို သက်တောင့်သက်သာရှိပါစေ။

စိုးရိမ်ပူပန်မှုတွေ စိတ်ဖိအားတွေဟာ ကျန်းမာရေးကိုသာမက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုပါ ထိခိုက်စေပါတယ်။ အချိန်ယူပြီး အေးအေးလူလူအနားယူပါ။ လျှောက်တွေးနေတာတွေ လျှော့ချပါ။ ဒါမှသာ တဖြည်းဖြည်းနဲ့ စိတ်တည်ငြိမ်လာပြီး ကိုယ့်ကိုယ်ကို ပိုထိန်းချုပ်လာနိုင်မှာပါ။ ဒါဟာ ယုံကြည်မှုရှိခြင်းရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ ယောဂကျင့်တာပဲဖြစ်ဖြစ် တရားထိုင်တာပဲဖြစ်ဖြစ် ရေနွေးနွေးလေးစိမ်ချိုးတာပဲဖြစ်ဖြစ် သက်တောင့်သက်သာအနားယူလိုက်ပါ။

၈။ ကိုယ့်ရဲ့အောင်မြင်မှုတွေအပေါ် ဂုဏ်ယူပါ။

ကိုယ်လုပ်ခဲ့သမျှတွေဟာ ကျွမ်းကျင်ပိုင်နိုင်မှုတစ်ခုပါပဲ။ ပထမဆုံးခြေစလှမ်းတာ၊ ပထမဆုံးစက်ဘီးစီးတာ၊ ပထမဆုံး ယာဉ်မောင်းလိုင်စင်ရတာ၊ အားကစားတစ်ခုခုကစားတာ အစရှိသဖြင့် အကုန်လုံးဟာ ကိုယ်တိုင်ရဲ့အားစိုက်ထုတ်မှုတွေပါပဲ။ စိတ်ဓာတ်ကျမိတဲ့အခါ ကိုယ်အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့အရာတွေကို ပြန်စဉ်းစားပြီး ဂုဏ်ယူလိုက်ပါ။

Ref: SheKnows : 8 Tips to boost your self-confidence

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top