အပတ်စဉ် အနုသုခုမအညွှန်းကဏ္ဍ

yyl-1200-600-e1551427841114.jpg

မင်္ဂလာပါ အပတ်စဉ်တင်ဆက်ပေးနေကျ အနုသုခုမ အညွှန်းကဏ္ဍက ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာ စုံထောက်ဆန်ဆန် ဇာတ်လမ်းမျိုးတွေကို ကြည့်ရှုခံစားကြည့်ကြရအောင်နော်..။


ဝတ္ထုအနေနဲ့တော့ ဒီတစ်ပတ် “The Davinci Code” ကို ခံစားကြည့်ကြရအောင်….Dan Brown ရဲ့ နာမည်ကျော် ဒီဝတ္ထုကို ရုပ်ရှင်အဖြစ်နဲ့လည်း ပြန်လည်အသက်သွင်းခဲ့ပြီး ရုပ်ရှင်ကလည်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့ဖူးပါသေးတယ်။ ရုပ်ရှင်ရဲ့ အဓိက သရုပ်ဆောင်ကတော့ မင်းသားကြီး Tom Hanks ပါ။ ဒီဝတ္ထုရဲ့ နောက်ဆက်တွဲဝတ္ထု နှစ်အုပ် ထပ်ရှိပါသေးတယ်။ ဒီ The Davinci Code ဝတ္ထုကို “ဒါဗင်ချီကုဒ်” အမည်နဲ့ ဘာသာပြန်ထားတာကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဒါဆို ဇာတ်ကြောင်းကို နည်းနည်း လေ့လာကြည့်ရအောင်..။

ရောဘတ်လန်ဒန်ဟာ ရှေးဟောင်း(ဘာသာရေးဆိုင်ရာ) သင်္ကေတပါမောက္ခတစ်ယောက်ပါ။ ဒါနဲ့ပတ်သက်တဲ့ စာအုပ်တွေလည်း ရေးတဲ့ စာရေးဆရာတစ်ယောက်ပေါ့။ တစ်ရက် ပါရီမှာ သူ့ရဲ့ ပရိသတ်တွေ၊ စာအုပ်ဝယ်ယူသူတွေအတွက် လက်မှတ်ထိုးပေးနေတဲ့အချိန်မှာပဲ ပြဿနာတစ်ခုက သူ့ခေါင်းပေါ် ကျလာပါတော့တယ်။ သူမသိလိုက်ရပါဘဲ တရားခံအဖြစ် မသင်္ကာအဖြစ်ခံလိုက်ရတဲ့ ဒီပြဿနာကတော့ လူသတ်မှုတစ်ခုပါ။ သာမန်လူသတ်မှုတစ်ခုတောင် မဟုတ်ဘဲ သေဆုံးသူရဲ့ အလောင်းတစ်ဝိုက်နဲ့ အလောင်းပေါ်မှာ သွေးနဲ့ဆွဲထားတဲ့ ရှေးဟောင်းသင်္ကေတ တစ်ခုရှိနေပြီး သွေးနဲ့ရေးထားတဲ့စာကလည်း ရောဘတ်လန်ဒန်ကို ရှာပါ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေတဲ့ အချိန်မှာ…
.
သေဆုံးသူရဲ့ မြေးမလေးဖြစ်သူကလည်း ဒီပြဿနာထဲ ဝင်ပါလာပြီး ရောဘတ်လန်ဒန်ကို ကယ်ထုတ်သွားခဲ့တဲ့အခါ…ဒီလူသတ်မှုရဲ့ နောက်ကွယ်က ရှုပ်ထွေးတဲ့အကြောင်းတရားတွေက ဘာတွေလဲ? အလောင်းပေါ်က သင်္ကေတရဲ့ အဓိပ္ပာယ်ကရော ဘာလဲ? လူသတ်တဲ့သူကရော ဘာအကြောင်းနဲ့ သတ်ရတာလဲ? နောက်ဆုံး ကုန်ကုန်ပြောရရင် Davinci Code လို့ ဘာကြောင့် ခေါ်ရသလဲဆိုတာတွေကိုပါ စိတ်ဝင်စားစရာတွေ့ရမှာပါ။

ဒီဝတ္ထုနဲ့ ရုပ်ရှင်ရဲ့ အရှိန်အဝါက တော်ရုံတော့မဟုတ်ပါဘူး။ ဝတ္ထုတုန်းကဆိုလည်း ဝေဖန်မှုပေါင်း မြောက်မြားစွာ၊ ကန့်ကွက်မှုပေါင်း မြောက်မြားစွာနဲ့ အပိတ်ခံရတဲ့ အနေအထားတွေထဲက ဂန္ထဝင်မြောက်လို့ဆိုရမယ့် အနေအထားတစ်ခုကို ရောက်လာတာပါ။ ဘာကြောင့် ဒီလို ကန့်ကွက်ဝေဖန်မှုတွေ များနေရတာလဲဆိုတာကိုတော့ ရုပ်ရှင်နဲ့ ဝတ္ထုကို ခံစားကြည့်ပေါ့ဗျာ.. နော်…

အပေါ်မှာ ဝတ္ထုအကြောင်းပြောနေရင်း ရုပ်ရှင်အကြောင်းပါ ပြောမိသွားတော့ ရုပ်ရှင်အတွက် ထပ်စဉ်းစားရပြန်ရော.. Tom Hanks လည်း ပါလာတဲ့အတူတူတော့ မထူးပါဘူး Catch Me If You Can ပဲ သွားကြရအောင်… ဒါလည်း နာမည်ကျော် ရုပ်ရှင်တစ်ကားပါပဲ။ Tom Hanks နဲ့အတူ လီယိုနာဒိုဒီကာပရီယို ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားဟာ တကယ့်တကယ် ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲက ဇာတ်ကောင် ဖရန့်ခ်ဂျူနီယာအက်ဘက်ဂ်နေးလ်ဟာ ပြင်ပလောကမှာ တကယ်ကို သက်ရှိထင်ရှားရှိနေပါသေးတယ်။ ဆိုတော့ ဒီဇာတ်ကားရဲ့ ဇာတ်ကောင်က ဘယ်လို ပြောင်မြောက်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့လို့ ရုပ်ရှင်ပါ ရိုက်ကူးခဲ့ရတာလဲ? ဟုတ်ကဲ့… ဖရန့်ခ်ဟာတကယ်တော့ လူလိမ်တစ်ယောက်ပါ။

မိသားစုကြား ပြဿနာတွေကြောင့် စိတ်ရှုပ်ပြီး အိမ်ကထွက်ပြေးသွားတဲ့ ဆယ်ကျော်သက် ကောင်လေး ဖရန့်ခ်ဟာ တကယ်တော့ ဉာဏ်အရမ်းကောင်းပြီး ထက်မြက်တဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ပါ။ သူ့ရဲ့ အရည်အချင်းတွေကို လိမ်လည်တဲ့နေရာမှာ သုံးလိုက်တာကတော့…
ဆရာအဖြစ် ဟန်ဆောင်ခဲ့တဲ့သူဟာ နောက်ပိုင်း လေယာဉ်မှူးအဖြစ်လည်း ဟန်ဆောင်၊ ဆရာဝန်အဖြစ်လည်း ဟန်ဆောင် အမျိုးမျိုး ဟန်ဆောင်ကောင်းခဲ့တာပေါ့… အဲ.. သူအဲဒီလိုတွေ ဟန်ဆောင်လိမ်လည်ဖို့အတွက် ဘယ်မှာ လေ့လာတာလဲဆိုရင် ရုပ်ရှင်နဲ့ ကာတွန်းစာအုပ်တွေမှာပါ။

နောက် တဖြည်းဖြည်း ဘဏ်တွေမှာ ချက်လက်မှတ်အတုတွေနဲ့ ငွေတွေ ထုတ်ထုတ်သွားတော့ စုံထောက်တွေ ရဲတွေလည်း ဒုက္ခရောက်ရပြီပေါ့.. ဖြစ်ချင်တော့ တစ်နိုင်ငံတည်းမှာပဲ ဒီအဖြစ်တွေ ဖြစ်နေတာမဟုတ်ဘဲ ဟိုနိုင်ငံမှာ ဖြစ်လိုက်၊ ဒီနိုင်ငံမှာဖြစ်လိုက်ဆိုတော့ စဉ်းစားရလည်း ကြပ်ပြီလေ.. ဒီအမှုကို ကိုင်တွယ်တဲ့ စုံထောက်အရာရှိကြီးကတော့ ကားလ်ဟင်နရက်တီပါ။

ဒီဆယ်ကျော်သက် လူလိမ်ကောင်လေးနဲ့ စုံထောက်ကြီးကြား ဘယ်လို ဆက်ဖြစ်သွားမှာလဲ? ကောင်လေးကရော လွတ်သွားပါ့မလား? ဘယ်လိုမျိုး အမှုကို ဆက်လိုက်မလဲ? တကယ့်လက်တွေ့ဘဝကလူရော ဘယ်လိုအခြေအနေတွေ ဖြစ်နေပြီလဲ သိချင်တယ်ဆိုရင်တော့ဖြင့် ငွေရောင်ပိတ်ကား အဲလေ တီဗီဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါလို့…

တကယ်တော့လေ ကျွန်တော် အညွှန်းတွေ ရေးတဲ့အခါမှာ သီချင်းက စဉ်းစားရအကြပ်ဆုံးပဲ.. သိပ်လည်း နားမထောင်ဖြစ်တော့လေ.. ပြီးတော့ theme တွေပါ ခွဲပြီးရေးရတာဆိုတော့ အတော် စဉ်းစားရခက်သား.. ဒါပေမဲ့လည်း မဖြစ်ညစ်ကျယ်ဉာဏ်လေးထုတ်ပြီး စဉ်းစားရတာပေါ့လေ.. သီချင်းအတွက် ကျွန်တော်ရွေးချယ်ထားတာကတော့ မိုက်ကယ်ဂျက်ဆင် ရဲ့ “She’s out of my life” ပါ။

ဒီသီချင်းက မိုက်ကယ်ဂျက်ဆင်ရဲ့ “Off The Wall” ဆိုတဲ့ အယ်လ်ဘမ်ထဲက ဖြစ်ပြီး တစ်မိနစ်စာမှာ ဘိ (Beats) ၆၆ ဘိသာ ပါဝင်တာမို့ သူ့ရဲ့ အနှေးဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ ဒါဆို ကျွန်တော်တို့ သီချင်းစာသားလေး နည်းနည်းလောက်ကို လေ့လာကြည့်ရအောင်..

အရင်ဆုံး Chorus ပိုဒ်ကိုကြည့်မယ်နော်… She’s out of my life She’s out of my life And I don’t know whether to laugh or cry I don’t know whether to live or die And it cuts like a knife She’s out of my life

အဓိပ္ပာယ်ကတော့ –
သူ(မ)က ကိုယ့်ဘဝထဲမှာ မရှိတော့ဘူး။ငိုရမလား၊ ရယ်ရမလားလည်း ကိုယ်မသိတော့ဘူး၊အသက်ဆက်ရှင်သန်နေရမလား၊ ဘဝကို အဆုံးသတ်လိုက်ရတော့မလားဆိုတာလည်း ကိုယ်မသိဘူး၊ဓားထက်ထက်နဲ့ ပါးပါးလှီးဖြတ်နေသလိုပါပဲ။တကယ်တော့ သူ(မ)က ကိုယ့်ဘဝထဲမှာ မရှိတော့ဘူးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါဆို ကောင်မလေးက ဘယ်များရောက်သွားလို့လဲ? သိချင်ရင်တော့ သီချင်းသာ နားထောင်ကြည့်ပါနော်.. နောက်ထပ် သီချင်းစာသားတွေမှာ အဓိပ္ပာယ်ပေါ်လာပါလိမ့်မယ်လို့.. 😉

ဒီတစ်ပတ်တော့ ဒီလောက်နဲ့ ကျေနပ်ကြလိမ့်မယ် ထင်ပါတယ်.. နောက်တစ်ပတ်မှ ပြန်ဆုံကြပါဦးစို့..

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top