ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို အသက် (၁၁၃) နှစ်အရွယ်မှာ ကွယ်လွန်

Masazo-Nonaka7.jpg

ကမ္ဘာ့အသက်အကြီးဆုံး ဘိုးဘိုးကြီးဟာ ဂျပန်နိုင်ငံ မြောက်ဘက်၊ ဟော့ကိုင်းဒိုးကျွန်းမှာရှိတဲ့ သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဘိုးအို မာစာဇို နိုနာကာ (Masazo Nonaka) ဟာ ဆူမိုနပန်းသတ်ပွဲကို နှစ်ခြိုက်သူတစ်ဦးဖြစ်ပြီး အချိုတွေစားရတာလည်း ကြိုက်သူတစ်ဦးပါ။ သူ့ မိသားစုဝင်တွေရဲ့ အဆိုအရ တနင်္ဂနွေနေ့ အစောပိုင်းမှာ နိုနာကာဟာ အစ်ဟိုရိုမြို့က သူတို့ မိသားစု စားသောက်ဆိုင်မှာ အိပ်ပျော်နေချိန် ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ပထမကမ္ဘာစစ်ကြီး မစခင် ၁၉၀၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ မွေးဖွားတဲ့ နိုနာကာဟာ မိသားစုကြီးတစ်ခုမှာ ကြီးပြင်းလာသူဖြစ်ပြီး မိဘတွေက စားသောက်ဆိုင်လုပ်ငန်းမှာ အောင်မြင်ခဲ့ပါတယ်။ အခုတော့ ဒီစားသောက်ဆိုင်ကို သူ့မြေးမဖြစ်သူက ဆက်လက် ဦးစီးနေပါတယ်။ နိုနာကာဟာ သူ့အမျိုးသမီး၊ သူ့ကလေး ငါးယောက်ထဲက သုံးယောက်နဲ့ အတူနေထိုင်ခဲ့ပါတယ်။

‘ဒီလို ကြီးမားတဲ့ ဆုံးရှုံးမှုကြီးကြောင့် ကျွန်မတို့ အရမ်းကြေကွဲရပါတယ်…မနေ့ကအထိတော့ သူက ပုံမှန်ပဲ… ကျွန်မတို့ မိသားစုကို ဘာမှ စိတ်ပူအောင် မလုပ်ဘဲ ကွယ်လွန်သွားတာပါ။ အဘိုးမှာ ကျန်းမာရေး မကောင်းဖြစ်နေတာမျိုး မရှိခဲ့ပါဘူး။ အေးအေးချမ်းချမ်းပဲ ကွယ်လွန်သွားတာမို့ ကျွန်မတို့ စိတ်သက်သာရာရပါတယ်’ လို့ မြေးမဖြစ်သူ ယိုကိုကပြောပါတယ်။ သူ့ရဲ့အစ်မက အဘိုးအို အသက်မရှူတော့ဘူးဆိုတာကို အရင်ဆုံး သတိထားမိခဲ့တာပါ။

မွေးချင်း ညီအစ်ကို ခြောက်ယောက်နဲ့ ညီမတစ်ယောက်ရှိတဲ့ နိုနာကာဟာ ၁၉၃၁ ခုနှစ်မှာ အိမ်တောင်ပြုခဲ့ကာ ကလေးငါးယောက်ရဲ့ ဖခင် ဖြစ်ခဲ့ပါတယ်။ အလုပ်ကနေ အနားယူပြီးနောက်ပိုင်း ဆူမိုနပန်းပွဲ ကြည့်ရတာကို အလွန်သဘောကျသလို အချိုမုန့်တွေ စားရတာလည်း ကြိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က နိုနာကာ အသက် ၁၁၂ နှစ် ၂၅၉ ရက်ပြည့်ချိန်မှာ ကမ္ဘာ့အသက်အရှည်ဆုံး လူသားအဖြစ် အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပြီး မှတ်တမ်းကို လက်ခံစဉ် သူ အသက်အရှည်ကြီး နေရတဲ့ လျို့ဝှက်ချက်က ရေပူစမ်း စိမ်တာကြောင့်လို့ ပြောပြခဲ့ပါသေးတယ်။

Ref: www.theguardian.com “World’s oldest man dies in Japan aged 113”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top