ကပ်ရောဂါမပြီးဆုံးသေးလို့ မပေါ့မဆဘဲ သတိတရား လက်ကိုင်ထားကြစို့

27-7-2020-yyl-046.jpg

၉၉ ရက်ကြာကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် လူနာသစ် မတွေ့ရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ပြည်တွင်းကူးစက် လူနာသစ် ၄ ယောက် တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းက ကမ္ဘာတစ်ဝန်းက နိုင်ငံတွေကို တပ်လှန့်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၀ ရှိပြီး သေဆုံးသူတစ်ယောက်မျှ မရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးထိန်းချုပ်ရာမှာ အောင်မြင်တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရသလို ကပ်ရောဂါကာလမှာ နယ်စပ်ဒေသတွေ ပိတ်ပစ်တာ၊ အသွားအလာ ကန့်သတ်စောင့်ကြပ်မှုတွေ အင်တိုက်အားတိုက် လုပ်တာ၊ ထိတွေ့မှုရာဇဝင် ခြေရာခံစုံစမ်းတာတွေကို လက်ဦးမှုရယူ ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ပြောစမှတ်တွင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းခရီးသွားတွေကြား ရေပန်းစားတဲ့ ဒါနန်မြို့နဲ့ပတ်သက်ဆက်နွှယ်နေသူ ၄ ယောက်မှာ ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက်မှာတော့ ထိန်းချုပ်၊ ကန့်သတ်မှု စည်းမျဉ်းတွေကို တစ်ကျော့ပြန် တင်းကျပ်လိုက်ပါပြီ။

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆ သန်းကျော်၊ သေဆုံးသူ ၆၅၀၀၀၀ ကျော် ရှိနေပြီး အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတွေကတော့ ရောဂါကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁.၄ သန်းကျော်၊ သေဆုံးသူ ၃၂၀၀၀ ကျော် ရှိနေပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့ တစ်ရက်တည်းမှာပဲ လူနာသစ် ၄၈၆၆၁ ယောက် တွေ့ရှိခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတော့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပိတ်ဆို့မှုတွေကို ဖြေလျှော့လိုက်ချိန်မှာ ရောဂါကူးစက်မှုသစ်တွေ မြင့်တက်လာတဲ့ အခြေအနေ ကြုံတွေ့ခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်သူတွေ မပေါ့ဆကြစေဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ထုတ်ပြန်တဲ့ ကူးစက်ဖြစ်ပွားသေဆုံးမှု သတင်းအချက်အလက်တွေကို မပြတ်တမ်းဖော်ပြပြီး ဒုတိယလှိုင်းမဖြစ်စေဖို့ လိုက်နာရမယ့် အချက်အလက်တွေကို ဖော်ပြလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာ ၃၅၀ ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၂၉၀ ဦး၊ သေဆုံးသူ ၆ ဦးရှိလို့ ရောဂါပိုးရှိနေသေးသူ (Active Case) ၅၄ ဦးပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၇ ရက်အတွင်း ပြည်တွင်းကူးစက်ခံရသူတစ်ဦး(လူနာအမှတ် ၃၃၉)ပဲ ရှိပါတယ်။ လူနာအမှတ် ၃၃၉ ဟာ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်ဝင်လာသူကို မော်တော်ဘုတ်နဲ့ သွားရောက်ခေါ်ဆောင်ပြီးနောက် အသွားအလာကန့်သတ်စောင့်ကြည့်ခံယူခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချိန်မှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်ခံရတဲ့ လူနာသစ် မတွေ့ရှိတာ အချိန်ကြာမြင့်နေပြီဖြစ်ပေမဲ့ ကပ်ရောဂါမပြီးဆုံးသေးလို့ ပေါ့ဆလို့မရသေးပါဘူး။ အများပြည်သူကြား သွားလာတဲ့အခါ နှာခေါင်းစည်းတပ်ဆင်ကြဖို့၊ မကြာခဏ လက်ဆေးဖို့၊ လက်သန့်ဆေးရည်ဆောင်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ စတဲ့ လိုက်နာရမယ့်အချက်တွေကို မပျက်မကွက် ဆောင်ရွက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းပါရစေ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top