ရူပီး သန်း ၂၀၀ အကုန်အကျခံ တည်ဆောက်ထားပေမဲ့ ၉၀ ဒီဂရီ ချိုးကွေ့သွားတဲ့ တံတားဒီဇိုင်းပုံစံကြောင့် အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဟာပရာဒက်ရှ်ပြည်နယ်အစိုးရအဖွဲ့က အင်ဂျင်နီယာ ၇ ဦးကို တာဝန်မှ ဆိုင်းငံ့ခဲ့ပါတယ်။
ဘိုပယ်မြို့မှာ ၆၄၈ မီတာ ရှည်လျားတဲ့ ရထားလမ်းကျော် ခုံးတံတား တည်ဆောက်ရေးစီမံကိန်းကို လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ကြေညာခဲ့တာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ရူပီးသန်း ၂၀၀ ကျော် အကုန်အကျခံထားတာပါ။
ဒါပေမဲ့ ၉၀ ဒီဂရီနီးပါး ချိုးကွေ့ထားတဲ့ တံတားဒီဇိုင်း ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပြီး ဖြတ်သန်းမောင်းနှင်ဖို့ အန္တရာယ် ရှိနိုင်ကြောင်း၊ အင်ဂျင်နီယာတွေက ဒီလို အမှားမျိုးကို ကြိုမမြင်ခဲ့ဘူးလား အစရှိတဲ့ မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာပြီးနောက် ပြည်နယ်အစိုးရက အင်ဂျင်နီယာချုပ် ၂ ဦးအပါအဝင် တံတားဒီဇိုင်း ရေးဆွဲမှုမှာ ပါဝင်တဲ့ အင်ဂျင်နီယာ ၇ ဦးကို တာဝန်မှ ဆိုင်းငံ့ခဲ့တာပါ။
ဒါ့အပြင် တံတားတည်ဆောက်ရေးမှာ ပါဝင်တဲ့ ဗိသုကာလုပ်ငန်းစုနဲ့ ဒီဇိုင်းအကြံပေးပုဂ္ဂိုလ်ကိုလည်း နာမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။
ဘူတာရုံ ရှိနေပြီး မြေနေရာ အကျယ်အဝန်း များများစားစား မရှိတာကြောင့် ရွေးချယ်စရာမရှိတဲ့ အနေအထားမှာ တံတားတည်ဆောက်ရေးအဖွဲ့အနေနဲ့ ၉၀ ဒီဂရီချိုးကွေ့တဲ့ တံတားဒီဇိုင်းကိုပဲ ဆောက်ခဲ့ရတာ ဖြစ်တယ်လို့ တံတားတည်ဆောက်ရေး လုပ်ငန်း စတင်ချိန်ကတည်းက အင်ဂျင်နီယာချုပ် ဗီဒီဝါမာက ပြောခဲ့ဖူးပါတယ်။
Ref: 7 Engineers Suspended Over $2.3 Million Bridge with 90-Degree Turn
NZ ( ရိုးရာလေး)