မြေးမလေးနဲ့အတူတူ ဘွဲ့ရခဲ့တဲ့ အသက် ၇၅ နှစ်အရွယ်အဘွား

8-12-2020-yyl-017.jpg

COVID-19 ကပ်ရောဂါအချိန်အခါမှာ ဘွဲ့နှင်းသဘင်အခမ်းအနားတော်တော်များများက ကွဲပြားကြပါတယ်။ မယ်လိုဒီ အောမွန်တ် (Melody Ormond) ဆိုတဲ့ ကောင်မလေးအတွက်ကတော့ ဘွဲ့နှင်းသဘင်အခမ်းအနားကွာခြားတဲ့အပြင် သူနဲ့အတူတူ ဘွဲ့ယူတဲ့အတန်းဖော်ကလည်း ထူးခြားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူနဲ့အတူတူ ဘွဲ့ယူရတဲ့အတန်းဖော်က အသက် ၇၅ နှစ်အရွယ် သူ့အဘွား ပတ်တ် အော်မွန်တ်ဖြစ်လို့ပါပဲ။ သူတို့မြေးအဘွား (၂) ယောက်က ချီတာနူဂါမြို့က University of Tennessee ကို အတူတူတက်ရောက်ခဲ့ကြပြီး အတူတူဘွဲ့ရခဲ့ကြတာပါ။

မယ်လိုဒီရဲ့အဘွားက အရင်တုန်းကတော့ ကောလိပ်တက်ခဲ့ဖူးပါတယ်။ ၂၀၁၇ခုနှစ်ရောက်တော့ သူဟာ အလုပ်လုပ်နေတာကနေ အငြိမ်းစားယူခဲ့တဲ့အတွက် အိမ်မှာနေရတာက ပျင်းရိလာခဲ့ပါတယ်။ အဲဒါနဲ့ သူ့ရဲ့မြေးမလေး မယ်လိုဒီက ကျောင်းဝင်ခွင့်ဖြေပါလားလို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ “အဘွားက လေ့လာသင်ယူရတာက ကြိုက်တယ်။ အဲဒါကြောင့်မို့ သမီးနဲ့အတူ ကောလိပ်လာတတ်ဖို့ တွေးဖြစ်ခဲ့တာပါ” လို့ မယ်လိုဒီက ပြောပါတယ်။ မယ်လိုဒီက University of Tennessee ကို ဒုတိယနှစ်ကျောင်းသူအဖြစ် ကျောင်းပြောင်းလာခဲ့တာဖြစ်ပါတယ်။ သူ့အဘွားကလည်း Credit တွေရတဲ့အတွက် သူတို့မြေးအဘွားဟာ အဆင့်အတူတူပဲ ဝင်ခဲ့ကြတာဖြစ်ပါတယ်။

မယ်လိုဒီက သူ့အဘွား ကောလိပ်တက်ဖို့အတွက် အချိန်ယူပြီးတော့ ပြောခဲ့ရတယ်လို့ ဆိုပါတယ်။ ပတ်တ်က မယ်လိုဒီရဲ့ကြိုးစားအားထုတ်မှုကို သိနားလည်ခဲ့ပြီး ကောလိပ်ဝင်ခွင့်ဖြေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပတ်တ်က ရှေးဟောင်းသုတေသနပညာရပ်ကို စိတ်ဝင်စားခဲ့တာကြောင့် မနုဿဗေဒမေဂျာကို ယူခဲ့ပါတယ်။ သူ့မြေးမလေး မယ်လိုဒီကတော့ စိတ်ပညာမေဂျာကို ယူခဲ့တဲ့အတွက် သူတို့နှစ်ယောက်က ကျောင်းမှာ အချင်းချင်းမတွေ့ဖြစ်ကြပါဘူး။ ဒါပေမဲ့ ပတ်တ်ကတော့ အသက်ငယ်ရွယ်တဲ့သူတွေနဲ့ရော အသက်ကြီးတဲ့သူတွေနဲ့ပါ သူ့ဘာသာ သူငယ်ချင်းဖွဲ့ခဲ့ပါတယ်။

မနုဿဗေဒမေဂျာဖြစ်တဲ့အတွက် လေ့လာရေးခရီးတွေတော်တော်များများထွက်ခဲ့ရပြီး အဲဒီအချိန်တုန်းက သူ့ရဲ့အတန်းဖော်တွေက သူ့ကို ကူညီပေးကြတယ်လို့ ပတ်တ်က ဆိုပါတယ်။ မယ်လိုဒီကတော့ ကောလိပ်တက်ရမယ်၊ ဘွဲ့ရမယ်ဆိုတာ သိပေမဲ့ သူ့နဲ့အတူ အဘွားကလည်း ဘွဲ့ယူမယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ပြောပါတယ်။ ကျောင်းသူကျောင်းသားတွေကလည်း ပတ်တ်ရဲ့ပညာရေးသင်ကြားမှုမှာ စိတ်ဝင်တစားဖြစ်နေကြတာပါ။ သူတို့တွေက ပတ်တ်ကို “ကျွန်တော့်အမေကို ကောလိပ်ပြန်တက်နိုင်မယ်လို့ ထင်လား” လို့ မေးကြရင်း “သူ တက်ချင်စိတ်ရှိရင် မတက်နိုင်စရာဘာအကြောင်းမှမရှိဘူး” လို့ မယ်လိုဒီရဲ့အဘွားပတ်တ်က ဖြေလေ့ရှိပါတယ်။

ကောလိပ်မှာလည်း အသက်ကြီးတဲ့သူတွေအများကြီးရှိတယ်။ ဒါကြောင့် University of Tennessee က အသက် ၆၅ နှစ်ကျော်တဲ့ ကျောင်းသား၊ကျောင်းသူတွေကို စာသင်နှစ်တစ်ခုအတွက် ဒေါ်လာ ၇၀ ပဲ ကောက်ခံတယ်လို့ ဆိုပါတယ်။ ပတ်တ်နဲ့မယ်လိုဒီတို့ မြေးအဘွားက (၃) နှစ်ကျော်လောက် ကောလိပ်တက်ရောက်ပြီးတဲ့နောက်မှာ ဘွဲ့ရခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လက ကျောင်းကနေ Social Distancing စည်းမျဉ်းနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ဧည့်သည်တွေကို တက်ရောက်ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ပတ်တ်နဲ့မယ်လိုဒီတို့ကတော့ အချင်းချင်းဂုဏ်ပြုပေးဖို့အတွက် နှစ်ယောက်အတူတူရှိနေခဲ့ကြပါတယ်။ ဘွဲ့ယူအခမ်းအနားမှာ မြေးအဘွားတွေကတော့ ဘေးချင်းကပ်လျက်ပါပဲ။ ပတ်တ်က သူ့မြေးမလေး မယ်လိုဒီသာမရှိရင် ကောလိပ်တက်ပြီး ဘွဲ့ရယူနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

Ref: CBSNews “75-year-old grandmother and her granddaughter graduate college together”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top