တရုတ်အစိုးရက ဝလက်နက်ကိုင်အဖွဲ့နဲ့ AA ကို ကိုယ်စားလှယ်အဖြစ် အသုံးချပြီး အိန္ဒိယလက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့နေတယ်လို့ အိန္ဒိယအရာရှိတွေ ဆို

8-12-2020-yyl-014.jpg

ပြီးခဲ့တဲ့လပိုင်းအတွင်း အိန္ဒိယ- မြန်မာနယ်စပ်မှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံက ပံ့ပိုးပေးနေတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။ ဒါဟာ ဟိမဝန္တာနယ်စပ်မှာ အသက်ဆုံးရှုံးစေတဲ့ ပဋိပက္ခ ဖြစ်ပွားထားတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား နောက်ထပ် ပဋိပက္ခမျက်နှာစာသစ်တစ်ရပ် ဖြစ်ပါတယ်။

‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA)နဲ့ ဒီနှစ်ထဲမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ ရက္ခိုင့်တပ်တော် (AA)တို့ဟာ တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်တွေအဖြစ် လှုပ်ရှားပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ခဲယမ်း ပံ့ပိုးမှု၊ ပုန်းခိုဖို့နေရာ ရှာဖွေပေးမှုတွေ လုပ်နေတယ်လို့ အမည်ဖော်ခွင့်မရှိသူ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

မကြာသေးခင် အောက်တိုဘာလလယ်မှာ အိန္ဒိယနိုင်ငံရဲ့ အလိုအရှိဆုံး လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အနည်းဆုံး ၄ ယောက်က လေ့ကျင့်သင်ယူဖို့နဲ့ လက်နက်ပစ္စည်း ရရှိဖို့အတွက် တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမြို့ကို သွားခဲ့တယ်လို့ လုံခြုံရေးအေဂျင်စီ တော်တော်များများက အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီကို သတိပေးခဲ့တယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။ အိန္ဒိယ- မြန်မာနယ်စပ်ကြားဒေသမှာ ကိုယ်ပိုင်နယ်မြေ ထူထောင်ဖို့ တိုက်ပွဲဝင်နေတဲ့ နာဂလက်နက်ကိုင်အဖွဲ့ရဲ့ အဖွဲ့ဝင် ၃ ယောက် ပါဝင်တဲ့ အဲဒီအဖွဲ့ဟာ တရုတ်စစ်တပ်ရဲ့ တာဝန်ထမ်းဆောင်ဆဲ အရာရှိတွေ၊ အငြိမ်းစားအရာရှိတွေ၊ တစ်ဆင့်ခံ ဆက်သွယ်ပေးသူတွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

တရုတ်၊ ပါကစ္စတန်နိုင်ငံတွေနဲ့ ထိစပ်နေပြီး မိုင် ၈၇၀၀ ရှည်လျားတဲ့ ကုန်းမြေနယ်စပ်မှာ တင်းမာမှုတွေ ဖြစ်ပွားနေချိန်အတွင်း မြန်မာနယ်စပ်တစ်လျှောက် လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှု မြင့်တက်လာလို့ အိန္ဒိယစစ်တပ် ထပ်မံဖြန့်ကျက်ရမှာကို အိန္ဒိယအစိုးရက စိုးရိမ်ပူပန်နေပါတယ်။ အောက်တိုဘာလ ၂၁ ရက်က ချုံခိုတိုက်ခိုက်ခံရလို့ အိန္ဒိယစစ်သည်တစ်ယောက် ကျဆုံးခဲ့ပြီးနောက်မှာ မြန်မာနယ်စပ်ဒေသကို စစ်သည် ၁၀၀၀ စီ ပါဝင်တဲ့ တပ်မအများအပြား ရွှေ့ပြောင်းထားတယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

တရုတ်အစိုးရက ငြင်းဆန်ထား

အိန္ဒိယနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက် တရုတ်အစိုးရက ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆန်ထားပြီး ‘ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘူး’ လို့ ဆိုပါတယ်။

” တရုတ်နိုင်ငံက လက်နက်တင်ပို့မှုတွေလုပ်ရင် စဉ်းစားချင့်ချိန်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စိတ်သဘောထားနဲ့ပဲ ဆောင်ရွက်ပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေနဲ့ပဲ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုလုပ်ပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့တွေကို လက်နက်မရောင်းပါဘူး” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရေးသားထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံကိုယ်စား အိန္ဒိယလက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ‘ဝ’ လက်နက်ကိုင်အဖွဲ့ကလည်း ငြင်းဆန်ထားပါတယ်။ ‘ ဝ ‘ လက်နက်ကိုင်အဖွဲ့ရဲ့ ရုံးချုပ်နဲ့ အိန္ဒိယ- မြန်မာနယ်စပ်က မိုင် ၅၀၀ ကျော် ကွာဝေးတယ်ဆိုတဲ့ အချက်အပါအဝင် တခြားအချက်တွေကို ထောက်ပြပြီး ငြင်းဆန်ခဲ့တာပါ။

” ကျွန်တော်တို့အဖွဲ့က အိန္ဒိယအမျိုးသားလုံခြုံရေးနဲ့ ဘာဆက်စပ်မှုမှ မရှိပါဘူး။ အိန္ဒိယနိုင်ငံကို ထိခိုက်အောင်လည်း လုံးဝမလုပ်ပါဘူး။ အဲဒီတော့ အခုလိုစွပ်စွဲချက်မျိုးကို မှတ်ချက်ပေးစရာ မလိုဘူးလို့ ထင်ပါတယ်” လို့ ‘ဝ’ လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောပါတယ်။ သူတို့အဖွဲ့က တရုတ်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ ဦးညီရန်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

နာဂလက်နက်ကိုင်တွေက ဆယ်စုနှစ်များစွာ ကြာမြင့်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကနေ နုတ်ထွက်သွားခဲ့တဲ့ စက်တင်ဘာလကစပြီး ဆူပူလှုပ်ရှားမှုတွေ မြင့်တက်လာခဲ့တာလို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အိန္ဒိယ- မြန်မာနယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေဆီ ပို့ဆောင်မယ့် လက်နက်ပစ္စည်း အများအပြားကို အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ကြားဖြတ်တားဆီးနိုင်ခဲ့ပြီး လက်နက်ပွဲစားလို့ သံသယရှိသူ ၃ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီဖြစ်ရပ်အကြောင်း သိရှိတဲ့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

အိန္ဒိယလက်နက်ကိုင်တွေက ရက္ခိုင့်တပ်တော် (AA)က လက်နက်တွေ ထောက်ပံ့နေပြီး အတုံ့အလှည့်အနေနဲ့ စစ်တွေဆိပ်ကမ်းကနေ ကူမင်းမြို့အထိ ဆက်သွယ်ထားတဲ့ စီးပွားရေးစင်္ကြံလမ်းပေါ်က လမ်းတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ အစရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးဖို့ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုရရှိတယ်လို့ ဖမ်းဆီးရမိသူတွေက ရှင်းပြခဲ့ကြောင်း အိန္ဒိယအရာရှိတွေက ပြောပါတယ်။ တရုတ်အစိုးရက အိန္ဒိယလက်နက်ကိုင်တွေကို အိန္ဒိယ- မြန်မာနယ်စပ်တစ်လျှောက်မှာ ပုန်းခိုဖို့နေရာတွေ ရှာဖွေပေးပြီး လက်နက်တွေ၊ ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ အိန္ဒိယအရာရှိတွေက ဆိုပါတယ်။

အဲဒီပြောကြားချက်တွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကို ဖုန်းခေါ်ဆိုမှုတွေ၊ Whatsapp ကတစ်ဆင့် စာပေးပို့မှုတွေ လုပ်ခဲ့ပေမဲ့ အကြောင်းပြန်ခဲ့ခြင်းမရှိပါဘူး။ နာဂဒေသအမျိုးသားဆိုရှယ်လစ်ကောင်စီ( National Socialist Council of Nagaland)ရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေကို ဆက်သွယ်ဖို့ ထပ်ဖန်တလဲလဲ ကြိုးပမ်းခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ နာဂဒေသအမျိုးသားဆိုရှယ်လစ်ကောင်စီရဲ့ ခေါင်းဆောင်ပိုင်းတွေကတော့ ကူမင်းမြို့မှာရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။

လက်နက်ကိုင်များ

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့ တော်တော်များများ လှုပ်ရှားနေကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုရရှိဖို့၊ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ဖို့ တိုက်ပွဲဝင်နေကြပါတယ်။ အိန္ဒိယလက်နက်ကိုင်တွေကို ပံ့ပိုးဖို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အသုံးချနေသလားလို့ နိုဝင်ဘာလ ၆ ရက်မှာ သတင်းထောက်တွေက အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိတစ်ယောက်ကို မေးမြန်းခဲ့ပေမဲ့ သူကတော့ ဒီမေးခွန်းကို တိုက်ရိုက်ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ” လက်နက်ကိုင်အဖွဲ့တချို့က ပြဿနာဖန်တီးနေကြသူတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ တခြားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်”လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဗျူရိုကရက်အရာရှိတစ်ယောက်ဖြစ်သူ အဂျေးဘာလာက အမျိုးသားကာကွယ်ရေးကောလိပ် (National Defence College)က ကြီးမှူးကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲ webinar တစ်ခုမှာ ပြောခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အီးမေးလ်ကတစ်ဆင့် မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်ဖြေဆိုခဲ့ခြင်းမရှိပါဘူး။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ မြန်မာအစိုးရက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်မှာ ၃ ရက်ကြာ ခရီးစဉ်အဖြစ် နာဂဒေသကို ရောက်ရှိခဲ့တဲ့ အိန္ဒိယကြည်းတပ်ဦးစီးချုပ်ကတော့ ထပ်မံပေါ်ပေါက်နေတဲ့ ပဋိပက္ခရဲ့အတိုင်းအတာကို အဓိကထား ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာလနှောင်းပိုင်းမှ အိန္ဒိယနဲ့ မြန်မာစစ်သည်တွေက မဏိပူရ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Army of Manipur)လို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့အပါအဝင် အိန္ဒိယလက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားတဲ့ ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ထောက်ပံ့မှုပမာဏဟာ ၁၉၆၀ ပြည့်နှစ်၊ ၁၉၇၀ ပြည့်နှစ်တွေအတွင်း အတိုင်းအတာလောက်တော့ မရှိတာ သေချာပါတယ်။ ၁၉၅၀ ပြည့်နှစ်နဲ့ ၁၉၆၀ ပြည့်နှစ်တွေအတွင်း အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဖျားပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ပုန်ကန်မှုတွေ ပေါ်ပေါက်ခဲ့ပြီး အဲဒီအချိန်တုန်းက အိန္ဒိယနိုင်ငံရဲ့ ခါးသီးတဲ့ပြိုင်ဘက်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ” ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အိန္ဒိယလက်နက်ကိုင်အဖွဲ့တွေအတွက် တရုတ်နိုင်ငံက လက်နက်ခဲယမ်းမီးကျောက် အဓိကပံ့ပိုးပေးတဲ့ နိုင်ငံ ဖြစ်လာခဲ့ပြီး လက်နက်ကိုင်တော်တော်များများကိုလည်း တရုတ်နိုင်ငံမှာ လေ့ကျင့်ပေးခဲ့တယ် ” လို့ ဒေသတွင်း ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ ဆွီဒင်ဂျာနယ်လစ် ဘာတေးလ်လစ်တနာက ၂၀၁၂ ခုနှစ်မှာ ထွက်ရှိတဲ့ သူ့ရဲ့စာအုပ် (The Great Game East: India, China and the Struggle for Asia’s Most Volatile Frontier ) မှာ ရေးသားခဲ့ပါတယ်။ ” ဒီနေ့ခေတ်မှာတော့ တရုတ်အစိုးရက အဲဒီလက်နက်ကိုင်အဖွဲ့တွေကို တိုက်ရိုက်မထောက်ပံ့တော့ဘူး။ ဒါပေမဲ့ သူတို့က တရုတ်နိုင်ငံထဲမှာရှိတဲ့ လက်နက်မှောင်ခိုဈေးကွက်တွေထဲကနေ ဝယ်ယူခွင့်ရရှိခဲ့တယ် ”လို့ ဖြည့်စွက်ရေးသားခဲ့ပါတယ်။

အကျိုးစီးပွားချင်း ယှဉ်ပြိုင်မှု

” တရုတ်နိုင်ငံက အိန္ဒိယကို ဖိအားပေးဖို့အတွက် ကြားခံနိုင်ငံတစ်ခုကို အသုံးချဖွယ် မရှိဘူး၊ အဲဒီလိုအသုံးချရင် အိန္ဒိယအစိုးရကလည်း အလားတူတုံ့ပြန်လာနိုင်လို့ပါပဲ” လို့ ရှားမင်တက္ကသိုလ်၊ အရှေ့တောင်အာရှလေ့လာမှုဆိုင်ရာ သုတေသနကျောင်းရဲ့ ပါမောက္ခ ဖန်ဟောင်ဝေက ပြောပါတယ်။

” တရုတ်နိုင်ငံက အခြေအနေ ပိုရှုပ်ထွေးသွားအောင် လုပ်ဖို့ထက် သူတို့နှစ်နိုင်ငံကြားမှာပဲ ဖြေရှင်းနိုင်ဖို့ မျှော်လင့်လိမ့်မယ်။ အခြေအနေရှုပ်ထွေးအောင်လုပ်တာက တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့မူဝါဒ၊ အကျိုးစီးပွားတွေနဲ့ မကိုက်ညီဘူး”လို၌ ဖန်ဟောင်ဝေက ဆိုပါတယ်။

အိန္ဒိယနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံလုံးက ဗျူဟာမြောက်ကိစ္စရပ်တွေအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားကြပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံတွေကြားမှာရှိတဲ့ မက်လက်ကာရေလက်ကြားကို ဖြတ်သန်းပြီး အဓိကကျတဲ့ သွင်းကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ကို ဘင်္ဂလားပင်လယ်အော်နဲ့ ချိတ်ဆက်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ လမ်းတွေအတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်နေတယ်။အိန္ဒိယနိုင်ငံကတော့ ဖွံ့ဖြိုးမှုအားနည်းသေးတဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေကို ဘင်္ဂလားပင်လယ်အော်နဲ့ ချိတ်ဆက်ပေးမယ့် ကုလားတန်မြစ်ဘက်စုံစီမံကိန်းအတွက် ရူပီး ၂၉ ဘီလျံ ( အမေရိကန်ဒေါ်လာ ၂၉၂ သန်း) ရင်းနှီးမြှုပ်နှံထားပါတယ်။

” အဲဒီဒေသက အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံရဲ့အနာဂတ်ဆက်သွယ်မှုအတွက် အရေးကြီးတယ်ဆိုတာ တရုတ်နိုင်ငံက သိပါတယ်။ အဲဒီဒေသ လုံခြုံရေးက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသလို အရင်တုန်းက အဲဒီဒေသကြောင့် အိန္ဒိယအစိုးရ ဘယ်လောက်ပေးဆပ်ခဲ့ရသလဲဆိုတာကိုလည်း တရုတ်နိုင်ငံက သိထားပါတယ်”လို့ သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်၊ ဂရစ်ဖစ်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ အီရန်ဟောက ပြောပါတယ်။ အီရန်ဟောဟာ Modi and the Reinvention of Indian Foreign Policy စာအုပ်ကို ရေးသားခဲ့သူပါ။

Bloomberg သတင်းဌာနရဲ့ ” India accuses China of helping rebel groups on Myanmar border” ကို ဘာသာပြန်ဆို ဖော်ပြသည်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top