Bi Nguyen ၏အမိမြေတွင် အလဲထိုးနိုင်ပွဲရယူရန်ဆန္ဒပြင်းပြနေသည့် Puja Tomar

img15.jpg

ကစားသမားသက်တမ်းတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲကိုရရှိခဲ့တဲ့ အိန္ဒိယအားကစားသမား Puja “The Cyclone” Tomar ဟာ နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်လာမယ့် ONE: IMMORTAL TRIUMPH ပြိုင်ပွဲကိုယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေပါပြီ။ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ စက်တင်ဘာလ (၆) ရက်နေ့ကျင်းပသွားမယ့် အဲဒီပြိုင်ပွဲရဲ့အမျိုးသမီးအက်တမ်ဝိတ်တန်း မွေထိုင်းတွဲဆိုင်းမှာTomar က ဗီယက်နမ်-အမေရိကန်အားကစားသမား Bi “Killer Bee” Nguyen နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အသက် (၂၅) နှစ်အရွယ် Tomar ဟာ ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ရဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲစဉ် (၃) ပွဲမှာယှဉ်ပြိုင်ပြီးတဲ့နောက် Phu Tho အားကစားရုံမှာကျင်းပမယ့် ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ကမ်းလှမ်းခံခဲ့ရတာပါ။ အတွေ့အကြုံရင့် တိုက်စစ်ကစားသမား Tomar က ONE Super Series ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်မရနိုင်ဘူးလို့ထင်ခဲ့ပေမဲ့လည်း အခုလိုကမ်းလှမ်းခံရတဲ့အတွက် ပျော်ရွှင်ကျေနပ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။။

“ONE Super Series ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ကမ်းလှမ်းခံရမယ်လို့ ကျွန်မ မထင်ထားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကို MMA တွဲဆိုင်းတွေမှာပဲ ယှဉ်ပြိုင်ခွင့်ပေးမယ်လို့ ထင်မိတာကြောင့်ပါ။ ဒါပေမဲ့ မတ်တပ်ရပ်ယှဉ်ပြိုင်တိုက်ခိုက်ရမယ့်ပြိုင်ပွဲတစ်ပွဲကို ပြိုင်ရမှာဖြစ်တဲ့အတွက်ပျော်မိပါတယ်။ ကျွန်မက ဝူရှူးအားကစားသမားတစ်ယောက်ဖြစ်တာကြောင့် မတ်တပ်ရပ်ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ပြိုင်ပွဲအတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ONE က ကျင်းပနေတဲ့ မွေထိုင်းပွဲ၊ Kick Boxing ပွဲ၊ MMA ပွဲတွေအတွက် အမြဲတမ်းအဆင်သင့်ပါပဲ။ ကမ်းလှမ်းမှုကိုရတာကတော့ ကျွန်မအတွက် ချီးကျူးဂုဏ်ပြုမှုတစ်ခုပါ” လို့ The Crossfit Academy အသင်းသား Tomar က ဆိုပါတယ်။

မွေထိုင်းပြိုင်ပွဲတွေကိုယှဉ်ပြိုင်ဖူးခြင်းမရှိသေးတဲာသူ့အတွက် ထိုင်းကိုယ်ခံပညာရပ်ရဲ့ နည်းစနစ်၊ နည်းဗျူဟာတွေကို ရင်းနှီးကျွမ်းဝင်မှုရှိစေအာင်ကြိုးးစားနေရဆဲပါ။ ဒါပေမဲ့လည်း အိန္ဒိယဝူရှူးချန်ပီယံဖြစ်တဲ့ Tomar က စည်းကမ်းတကျယှဉ်ပြိုင်တတ်သူဖြစ်ပြီး (၆၇) ပွဲနိုင်၊ (၅) ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

မွေထိုင်းအားကစားနည်းကို ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရမယ့် Tomar ဟာ ထိုင်းရိုးရာကိုယ်ခံပညာရပ်ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်စေဖို့ နာမည်ကျော်မွေထိုင်းကစားသမားတွေနဲ့လေ့ကျင့်ပြီးအလိုက်သင့်ယှဉ်ပြိုင်နိုင်မယ့်လေ့ကျင့်မှုတွေကို ပြုလုပ်နေပါတယ်။

Nguyen နှင့်ယှဉ်ပြိုင်ရမယ့် မွေထိုင်းတွဲဆိုင်းအတွက် ကြိုတင်ပြင်ဆင်နေမှုနဲ့ပတ်သက်ပြီး Tomar က “Evolve နဲ့ Phuket Top Team တွေမှာ မွေထိုင်းအားကစားနည်းနဲ့ပတ်သက်ပြီး အကောင်းဆုံးလေ့ကျင့်ထားပါတယ်။ မွေထိုင်းကို အကောင်းဆုံးလေ့ကျင့်ခဲ့သလို လေ့လာသင်ယူစရာတွေလည်း အများကြီးရခဲ့ပါတယ်” လို့ ရှင်းပြပါတယ်။

Tomar နဲ့ယှဉ်ပြိုင်မယ့် Nguyen ကတော့ မွေထိုင်းအားကစားနည်းနဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံနယ်ပယ်ကို ခြေချခဲ့တာဖြစ်ပြီး ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်သူလည်းဖြစ်နေပါတယ်။ ဒါ့အပြင် အမေရိကန်မွေထိုင်းချန်ပီယံတစ်ယောက်ဖြစ်ပြီး (၁၂) ပွဲနိုင်၊ (၃) ပွဲ ရှုံး ဆိုတဲ့မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ထားသူပါ။

ဗီယက်နမ်နိုင်ငံဖွားဖြစ်နေတဲ့အတွက် အိမ်ရှင်ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း Tomar က ONE မှာ အိမ်ရှင်ပရိသတ်တွေအားပေးမှုရသူ နယ်ခံအားကစားသမားတွေကို ယှဉ်ပြိုင်အနိုင်ရဖူးတဲ့အတွေ့အကြုံကောင်းတွေရှိထားတာကြောင့် စိုးရိမ်စိတ်မဖြစ်မိဘဲ ပြိုင်ဘက်ကိုအနိုင်ယူဖို့ လက်နက် ကောင်းတွေကိူပိုင်ဆိုင်နေပြီ လို့ ကြုံးဝါးထားပါတယ်။

“ Nguyen က အရမ်းတော်တဲ့တိုက်စစ်သမားကောင်းဆိုတာ ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ သူ့ရဲ့မွေးရပ်မြေမှာ ယှဉ်ပြိုင်ရမှာလည်း ဖြစ်လို့ အထောက်အပံ့ဖြစ်စေနိုင်မှာပါ။ ဒါပေမဲ့ သူက အသည်းမာပြီး သတ္တိရှိတဲ့ကစားသမားမဟုတ်သလို လက်သီးထိုးချက်တွေ၊ ခြေ ကန်ချက်တွေလည်း အများကြီးမလုပ်နိုင်ပါဘူး။ ကျွန်မမှာကတော့ တိုက်စစ်ဆင်ပြီးပြိုင်ခဲ့တဲ့ပွဲတွေ အများကြီးရှိခဲ့တယ်။ နောက်ပြီး သတ္တိဘယ်လောက်ရှိသလဲဆိုတာ ကျွန်မထိုးသတ်ခဲ့တဲ့ပြိုင်ပွဲတွေကိုကြည့်ရင် တွေ့နိုင်မှာပါ” ဟု Tomar က ပြိုင်ဘက်ဖြစ်သူအပေါ် သုံးသပ်ခဲ့ပါတယ်။

မတူညီတဲ့ ရိုးရာကိုယ်ခံပညာရပ်တစ်ခုကိုအသုံးပြုပြီး ပထမဆုံးအကြိမ်ယှဉ်ပြိုင်ရမှာဖြစ်နေပေမဲ့လည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက အင်ဒိုနီးရှား အားကစားသမား Priscilla Hertati Lumban Gaol ကို အနိုင်ရသလိုမျိုး ဟိုချီမင်းမြို့ပြိုင်ပွဲမှာအကောင်းဆုံးစွမ်းဆောင်ရည်နဲ့ယှဉ်ပြိုင်ပြီး အပြတ်အသတ်ထပ်မံအောင်ပွဲခံနိုင်လိမ့်မယ် လို့ Tomar က အခိုင်အမာယုံကြည်နေပါတယ်။

“ ONE မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့လို့ အရမ်းပျော်ရွှင်မိသလို ယုံကြည်မှုကလည်း အမြင့်ဆုံးအနေအထားကိုရောက်နေပါတယ်။ အ နိုင်မှတ်တမ်းကောင်းကို ဆက်ထိန်းသွားချင်ပါတယ်။ ဗီယက်နမ်ပရိသတ်တွေအတွက်တော့ ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ တိုက်စစ်ကို အားသန်တဲ့ကစားသမားအချင်းချင်း ယှဉ်ပြိုင်သွားမှာဖြစ်လို့ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်မှာသေချာပါတယ်။ ကျွန်မရဲ့ခန့်မှန်းချက်က တော့ Nguyen ကို ပထမအချီမှာပဲ အလဲထိုးနိုင်ပွဲရယူနိုင်မယ်ဆိုတာပါပဲ” ဟု Tomar က ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ခ

(ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ONE Championship၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်)

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top