AGORA Awards 2019 ပွဲရဲ့ နောက်ဆုံးဆန်ကာတင်စာရင်းမှာ မြန်မာနိုင်ငံက ဓာတ်ပုံဆရာ (၃) ဦးပါဝင်လာ

yyl099010.jpg

တစ်ကမ္ဘာလုံးက ဓာတ်ပုံဆရာ (၁၃၀၀၀၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ AGORA Awards 2019 ပြိုင်ပွဲကြီး ကျင်းပပြုလုပ်ခဲ့တာ (၉) လကြာခဲ့ပါပြီ။ အခုဆိုရင် အဲဒီပြိုင်ပွဲအတွက် ထိပ်ဆုံး (၅၀) ထဲမှာ ပါဝင်လာတဲ့သူတွေကို ဓာတ်ပုံနဲ့တကွ ထွက်ရှိလာခဲ့ပါတယ်။

အခုစာရင်းက ကမ္ဘာကြီးပေါ်မှာ တည်ရှိနေတဲ့ အံ့အားသင့်စရာတွေ၊ နိုင်ငံအသီးအသီးက ယဉ်ကျေးမှုတွေ၊ သဘာဝရှုခင်းတွေကို အသားပေးရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ရွေးချယ်ထားတာဖြစ်ပါတယ်။ AGORA Awards 2019 ပွဲကို ဓာတ်ပုံအက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ AGORA က ကြီးမှူးကျင်းပတာဖြစ်ပြီး Grand Prize ဆုရှင် ဓာတ်ပုံဆရာကို ဆုကြေးငွေ ဒေါ်လာ (၂၅၀၀၀) ကို ပေးအပ်ချီးမြှင့်သွားမှာပါ။

ဒီပြိုင်ပွဲက၂၀၁၉ခုနှစ် တစ်နှစ်တာလုံး ကျင်းပနေတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ကျွမ်းကျင်ဓာတ်ပုံဆရာတွေ ပါဝင်ယှဉ်ပြိုင်ထားပါတယ်။ ဆန်ကာတင်စာရင်း (၅၀) မှာ ပါဝင်လာခဲ့တဲ့ ဓာတ်ပုံပညာရှင်တွေက နိုင်ငံ (၁၁) နိုင်ငံကဖြစ်ပြီး လက်ရှိမှာ မဲအများဆုံးရဖို့အတွက် ယှဉ်ပြိုင်နေကြပါတယ်။

ဆန်ကာတင်စာရင်း (၅၀) ထဲမှာ မြန်မာနိုင်ငံက လင်းလင်း၊ အောင်သူရ၊ ဇေယျာလင်းဆိုတဲ့ဓာတ်ပုံဆရာ (၃) ဦး ပါဝင်လာခဲ့ပါတယ်။ ဓာတ်ပုံဆရာလင်းလင်းရဲ့ဓာတ်ပုံက နံပါတ် (၁၃) နေရာမှာ ရပ်တည်နေသလို ဓာတ်ပုံဆရာအောင်သူရရဲ့ဓာတ်ပုံက နံပါတ် (၂၀) နဲ့ ဓာတ်ပုံဆရာဇေယျာလင်းရဲ့ဓာတ်ပုံက နံပါတ် (၃၄) နေရာတို့မှာရရှိထားပါတယ်။ အဲဒီဓာတ်ပုံဆရာ (၃) ဦးက အခြားနိုင်ငံက ဓာတ်ပုံဆရာတွေနဲ့အတူ ဆက်လက်ယှဉ်ပြိုင်သွားရဦးမှာပါ။

AGORA Award 2019 ရဲ့ ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ (၆) ရက်နေ့ ဘာစီလိုနာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဓာတ်ပုံဆရာ(၃) ဦးရဲ့ဓာတ်ပုံတွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Run And Fun

မြသိန်းတန်ဘုရားမှာ ကိုရင်လေးတွေ ပြေးလွှားပျော်ရွှင်နေကြပုံကို ဓာတ်ပုံဆရာလင်းလင်းက ရိုက်ကူးထားတာဖြစ်ပါတယ်။ ဓာတ်ပုံဆရာလင်းလင်းက ကိုရင်လေးတွေ ပြေးလွှားနေကြတာကို သဘာဝကျကျရိုက်ထားနိုင်ပါတယ်။

Among The White Umbrellas

မြန်မာ့ရိုးရာထီးပြုလုပ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံကို ဓာတ်ပုံဆရာအောင်သူရရိုက်ကူးထားတာပါ။ မြန်မာ့ရိုးရာထီးလုပ်ငန်းက မန္တလေးမြို့မှာရှိပြီး ဒီထီးတစ်လက်ကိုဖန်တီးတဲ့အလုပ်က တစ်ရက်တည်း၊ တစ်ယောက်တည်းနဲ့ လုပ်နိုင်တဲ့အလုပ်မျိုးတော့ မဟုတ်ပါဘူး။ လူတစ်ဦးစီတာဝန်ယူလုပ်ကိုင်ရတဲ့ မတူတဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖြတ်သန်းပြီးမှသာ သေသပ်လှပတဲ့ မြန်မာ့ရိုးရာပုသိမ်ထီးတစ်လက်ကို ရရှိနိုင်ကြောင်း ဖော်ညွှန်းပြထားတဲ့ပုံလည်းဖြစ်ပါတယ်။

Snow Horseman

မွန်ဂိုလီးယားက ဆောင်းရာသီမြင်ကွင်းကို ဓာတ်ပုံဆရာဇေယျာလင်းက ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံရိုက်ချက်ကတော့ လက်ရာမြောက်လှပါတယ်။

Ref: Boredpanda “After 9 Months Of Competition And More Than 130,000 Submissions, Here Are The Best 50 Pics Taken This Year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top