မဲဆွယ်ကတိမတည်တဲ့ မက္ကဆီကိုမြို့တော်ဝန်ကို ဒေသခံတွေက ကားနောက်မှာ ကြိုးချည်ပြီး တရွတ်တိုက်ဆွဲခေါ်မှုဖြစ်ပွား

intl01.jpg

မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ မြို့တော်ဝန်တစ်ယောက်ကို ပစ်ကပ်ကားနောက်မှာ ကြိုးတုပ်ပြီး တရွတ်တိုက်ဆွဲခေါ်သွားတဲ့ ဖြစ်ရပ်ကြောင့် လူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေအရ လာမာဂါရီတာမြို့တော်ဝန် ဟာနန်ဒက်ဇ် (Hernández) ကို ဒေသခံ တစ်စုက ရုံးခန်းထဲကနေ ဆွဲခေါ်လာခဲ့ပြီး သူ့လက်နဲ့ ပစ်ကပ်ကားနောက်ဖုံးကို ကြိုးချည်ပြီး ဆန်တာရီတာမြို့ငယ်က လမ်းပေါ်မှာ တရွတ်တိုက် ဆွဲခေါ်ခဲ့တာပါ။

အဲဒီနောက်မှာ မြူနီစပယ်ရဲအရာရှိ ဒါဇင်ပေါင်းများစွာက ကားရပ်ခိုင်းပြီး မြို့တော်ဝန် ဟာနန်ဒက်ဇ်ကို ကယ်တင်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်မှာ ရဲအရာရှိတွေနဲ့ ပြန်ပေးဆွဲသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ လူတော်တော်များများ ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ လာမာဂါရီတာမြို့က လမ်း တစ်လမ်းကို ပြုပြင်ပေးမယ်ဆိုတဲ့ မဲဆွယ်ကတိမတည်လို့ မြို့တော်ဝန် ဟာနန်ဒက်ဇ်ကို လယ်သမားတွေက ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ လတုန်းကလည်း လူတစ်စုက ဟာနန်ဒက်ဇ်ရဲ့ ရုံးခန်းကို ရောက်လာခဲ့ပြီး ရုံးခန်းထဲမှာ သူ့ကို မတွေ့လို့ ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြ ပါသေးတယ်။ မက္ကဆီကိုနိုင်ငံက မူးယစ်ဆေးဝါးဂိုဏ်းတွေဟာ သူတို့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ ငြင်းဆန်တဲ့ မြို့တော်ဝန် တွေနဲ့ ဒေသခံနိုင်ငံရေးသမားတွေကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ မဲဆွယ်ကတိမတည်လို့ တိုက်ခိုက်တာ မျိုးကတော့ ကြုံတောင့်ကြုံခဲဖြစ်ရပ်ပါ။ သူ့ကို တိုက်ခိုက်ခဲ့တဲ့သူတွေကို ပြန်ပေးဆွဲမှု၊ လူသတ်ဖို့ ကြိုးစားမှုတွေနဲ့ စွဲချက်တင်သွားမယ်လို့ ဟာနန်ဒက်ဇ်က ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် ချီယာပါပြည်နယ်၊ ဆန်တာရီတာမြို့ငယ်ကို ရဲအရာရှိအင်အား ထပ်တိုးချထားခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top