ထိုင်းတရားသူကြီးက တရားရုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်

intl02.jpg

ထိုင်းနိုင်ငံရဲ့ တရားရေးစနစ်ကို ဝေဖန်ခဲ့ပြီးနောက်မှာ ထိုင်းတရားသူကြီးတစ်ဦးက တရားရုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခဲ့ပါတယ်။ တရားသူကြီး ကာနာကွန်းပီယန်ချာနာ(Kanakorn Pianchana)ဟာ ပြီးခဲ့တဲ့သောကြာနေ့က လူသတ်တယ်လို့ စွဲချက်တင်ခံထားရတဲ့ မွတ်စလင် အမျိုးသား(၅)ယောက်ကို တရားသေလွှတ်ပေးခဲ့ပြီးနောက်မှာ တရားမျှတတဲ့ တရားစီရင်ရေးစနစ် ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီနောက် နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင် ဘူမိဘောရဲ့ ဓာတ်ပုံရှေ့မှာ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ဆုံးဖြတ်ပါမယ်ဆိုတဲ့ ကျမ်းကျိန်မှု ပြုလုပ်ပြီး ပစ္စတိုသေနတ်နဲ့ ကိုယ့်ရင်ဘတ်ကိုယ် ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါပေမဲ့ အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့ တရားသူကြီးကို အရေးပေါ် ဆေးရုံတင်နိုင်ခဲ့ပြီး ဆေးရုံမှာ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။ အမိန့်ချမှတ်မှုမလုပ်ခင် တရားသူကြီး ကိုယ်တိုင် ရေးသားပြီး ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့တဲ့ ဖော်ပြချက်အရ ဒီအမှုအပေါ် ကြားဝင်စွက်ဖက်ဖွယ်ရှိတဲ့ အခြေအနေက သူ့ရဲ့ သေကြောင်း ကြံစည်မှုနဲ့ ဆက်နွှယ်နေတယ်လို့ ယူဆစရာရှိပါတယ်။

တရားသူကြီး ပီယန်ချာနာဟာ နယ်မြေမတည်ငြိမ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ယာလာမြို့တရားရုံးမှာ တရားသူကြီးအဖြစ် ဆောင်ရွက်နေသူပါ။ ပီယန်ချာနာရဲ့ သေကြောင်းကြံစည်တဲ့ လုပ်ရပ်က ကိုယ်ရေးကိုယ်တာ ဖိအားတွေနဲ့ သက်ဆိုင်နေတယ်လို့ ထိုင်းနိုင်ငံ တရားစီရင်ရေးရုံးရဲ့ ပြော ရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ထိုင်းတရားသူကြီးတစ်ဦးဦးက ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အပေါ် ဝေဖန်တဲ့ဖြစ်ရပ်မျိုးဟာ ကြုံတောင့် ကြုံ ခဲဖြစ်ပါတယ်။ မလေး-မွတ်စလင်အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မွတ်စလင်သံသယရှိသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မဟုတ်မမှန် စွဲချက်တင်နေကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top