၂၀၃၀ ခုနှစ်လောက်မှာ လကမ္ဘာပေါ် လူသားတွေ လက်တွေ့အခြေချ နေနိုင်တော့မည်

Russia-Moon-Plan-2.jpg

သိပ္ပံရုပ်ရှင်တွေ ကြည့်ပြီး စိတ်ကူးယဉ်ခဲ့ကြရတဲ့ လကမ္ဘာနဲ့ တခြား ဂြိုဟ်ကမ္ဘာတွေပေါ်မှာ အခြေချ နေထိုင်ဖို့ဆိုတဲ့ လူသားတွေရဲ့ ဆန္ဒ အာသီသဟာ အနာဂတ်ကာလမှာ တကယ်ဖြစ်လာဖို့ ရှိနေပါပြီ။

ဂျပန်နိုင်ငံ၊ တိုကျို သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က အာကာသ စူးစမ်းလေ့လာရေး သုတေသနဌာနဟာ လကမ္ဘာနဲ့ မားစ်ဂြိုဟ်လို တခြား ဂြိုဟ်တွေပေါ်မှာ လူသားတွေအနေနဲ့ အုပ်စုလိုက် အခြေချ နေထိုင်ဖို့ စူးစမ်းလေ့လာထားတဲ့ နည်းလမ်းတွေကို အမှန်တကယ် လက်တွေ့ ပုံဖော်သွားဖို့ ရှိနေပါပြီ။ လက်ရှိကာလမှာ အတည်တကျ ကြိုးစား အာရုံစိုက်နေပြီ ဖြစ်ပါတယ်။ ဒီ သုတေသနအဖွဲ့ကို ဦးဆောင်သူက ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးသော အမျိုးသမီး အာကာသယာဉ်မှူး ချိအားခိ မုခိုင် (Chiaki Mukai) ပါ။ သူမက အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်ပါတယ်။ အသက် ၆၆ နှစ် အရွယ် ရှိနေပါပြီ။

အေအက်ဖ်ပီ သတင်းဌာနရဲ့ ဖော်ပြချက်အရ မုခိုင်က ၂၀၃၀ ခုနှစ်အရောက်မှာ လူသားတွေအနေနဲ့ လကမ္ဘာပေါ် နေထိုင်နိုင်ဖို့က တကယ် လက်တွေ့ ဖြစ်လာတော့မှာပါလို့ ဆိုခဲ့ပါတယ်။ စခန်းချ နေထိုင်ကြသလိုမျိုး စတင်အခြေချ နေထိုင်ရမှာဖြစ်ပြီး လိုအပ်တာမှန်သမျှ ကိုယ်နဲ့အတူ ယူဆောင်လာနိုင်တယ်လို့ သိရပါတယ်။

သူမက အာကာသယာဉ်မှူးအနေနဲ့ အနည်းဆုံး နာရီပေါင်း ၅ဝဝ တာဝန်ထမ်းဆောင်ခဲ့သူပါ။ လူရဲ့ နဂို ဗီဇ သဘာဝကိုက စူးစမ်းရှာဖွေခြင်းပဲလို့ ခံယူထားတဲ့ မုခိုင်က အာကာသက ဂြိုဟ်တွေထဲ လူသားတွေ အခြေချ နေထိုင်သွားတာကို သူ အသက်ရှိစဉ်ကာလအတွင်း မြင်သွားချင်သူ ဖြစ်ပါတယ်။

သူတို့ အဖွဲ့ဟာ လက်ရှိအချိန်မှာတော့ အာကာသထဲမှာ အချိန်အရမ်းမပေးရဘဲ အာလူးတွေကို ထိထိရောက်ရောက် စိုက်ပျိုးနိုင်မယ့် နည်းပညာကို ဖန်တီး တည်ဆောက်နေပါတယ်။ ဒီနည်းပညာက ဆားပျော်ရည်ထဲ လျှပ်စစ်ဓာတ်အား ဖြတ်ကူးစေပြီး ရရှိလာမယ့် အရည်ကြည် ပလာစမာ စနစ်နဲ့ အာလူးတွေကို များများစားစား စိုက်ပျိုးသွားနိုင်ဖို့ပါ။

အာကာသထဲ လျှပ်စစ်ဓာတ်အားရဖို့ အတွက် အလွန်သေးငယ်တဲ့ သာမို အီလက်ထရစ် ဆန်ဆာတွေကို အသုံးပြုပြီး အပူချိန် ခြားနားချက်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်မယ့် နည်းစနစ်ကိုလည်း သူမတို့ အဖွဲ့အနေနဲ့ တပြိုင်တည်း အကောင်အထည်ဖော်သွားဖို့ ရှိနေပာတယ်။

ခေတ်သစ်အာကာသ နည်းပညာမှာ အမေရိကန်နဲ့ တရုတ်က လွှမ်းမိုးထားပေမယ့် လက်ရှိ ဂျပန်က အနာဂတ်ကာလ ကမ္ဘာမြေပြင်ပ အာကာသ စူးစမ်းလေ့လာရေးမှာ အခုထက်ပိုပြီး ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လာဖို့ ရှိနေတာကြောင့် လူသားကမ္ဘာ အတွက် ဘယ်လို အကျိုးဖြစ်ထွန်းမှုတွေ ရှိလာမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပါ။

“အခု လကမ္ဘာနဲ့ အာကာသမှာ ရှင်သန် နေထိုင်နိုင်မယ့် နည်းလမ်းတွေကို စူးစမ်း တည်ဆောက်ကြည့်မိတော့ ဒီနည်းလမ်းတွေက ကမ္ဘာမြေပေါ်က ဖြေရှင်းစရာ ကိစ္စ အတော်များများအတွက်လည်း အကျိုးပြုနေတာပဲ။ အသုံးလည်းဝင်နေတယ်။ ဘေးထွက်ရလဒ်အနေနဲ့ ဒါကို သွားတွေ့ရတယ်” လို့ သူက ဆိုခဲ့ပါတယ်။

သူ့ရဲ့ စကားနဲ့အညီပဲ သူတို့အဖွဲ့ ဖန်တီး တည်ဆောက်နေတဲ့ မြေမဲ့ စိုက်ပျိုးနည်း၊ အာဟာရရည်ဖြင့် စိုက်ပျိုးနည်း စတဲ့နည်းပညာတွေဟာ စားရေရိက္ခာ၊ သဘာဝရင်းမြစ်နဲ့ သယံဇာတ ရှားပါးလှတဲ့ ဆာဟာရ သဲကန္တာရရဲ့ တောင်ဘက်ပိုင်းက အာဖရိကန်နိုင်ငံတွေအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းပြီး အထောက်အကူပြု လာဖို့ရှိနေတယ်လို့ သိရပါတယ်။

Ref: “Japan working to have humans living on the Moon by 2030”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top