ကျန်းမာရေးအရ သတိပေးတားမြစ်ချက်တွေ ရှိပေမဲ့လည်း အာရှတစ်ခွင်မှာ အဝယ်လိုက်နေသေးတဲ့ အသားဖြူအလှကုန်များ

40920933_1164707463680998_7151280333508313088_o.jpg

အလှကုန်ပစ္စည်း အသုံးပြုမှုနဲ့ ပတ်သက်ပြီး အိန္ဒိယမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရ အမျိုးသား၊ အမျိုးသမီးဦးရေ ထက်ဝက်ကျော်ဟာ အသားဖြူစေတဲ့ အလှကုန်တွေ သုံးကြသလို ရုပ်သံကြော်ငြာ မီဒီယာတွေရဲ့ ညွှန်းဆိုမှုကြောင့် စမ်းသုံးကြည့်ချင်စိတ် ဖြစ်ကြတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

တစ်ကမ္ဘာလုံး အနေအထားမှာဆိုရင် အသားဖြူအလှကုန် ဝယ်လိုအားက ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၁၈ သိန်းကနေ နောင်လာမယ့် ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၃၁ သိန်း ထိ မြင့်တက်လာနိုင်ပြီး အထူးသဖြင့် အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကမှာ ပိုများတယ်လို့ ကမ္ဘာ့ဈေးကွက် လေ့လာရေးမှာ ဖော်ပြထားပါတယ်။

နေ့စဉ်အသားဖြူအလှကုန် အသုံးပြုနှုန်းက နိုင်ဂျီးယားမှာ ၇၇ ရာခိုင်နှုန်း၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယားတို့မှာ ၄၀ ရာခိုင်နှုန်း ထိရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဖော်ပြထားပါတယ်။

အာရှနိုင်ငံတွေမှာ အသားအရောင်က လူတန်းစားကို ပြတယ်ဆိုတဲ့အစွဲကို ယုံကြည်နေကြတာဖြစ်လို့ ကျန်းမာရေးအရ အန္တရာယ်ရှိရင်တောင်မှ အသားဖြူစေမယ့် အလှကုန်တွေကို သုံးချင်နေကြတယ်လို့ ဆိုပါတယ်။ အလှအပကို ခုံမင်ကြတဲ့ ဆယ်ကျော်သက် အာရှလူငယ်တွေက အသားဖြူ အလှကုန်တွေအတွက် ငွေကုန်ကြေးကျခံဖို့ ဝန်မလေးတတ်ကြတာကို တွေ့ရပါတယ်။

အလှကုန်ထုတ်လုပ်သူတွေက သူတို့လုပ်ငန်းမှာ အမြတ်ငွေတိုးဖို့အတွက် များများထုတ်ဖို့သာ စိတ်အားသန်နေပေမဲ့ အချိန်ကုန်၊ ငွေကုန်ခံပြီး တိကျသေချာတဲ့ သုတေသနကိုတော့ ဘယ်သူမှ မပြုလုပ်ချင်ကြပါဘူး။

မွေးကတည်းက ပါလာတဲ့ အသားအရောင်ကို ပိုပြီးဖွေးအောင် လုပ်ချင်တယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူးလို့ ဆိုးလ်အမျိုးသား ဆေးဝါးတက္ကသိုလ် ပါမောက္ခ ဒေါက်တာချို ကပြောပါတယ်။ အာရှတိုက်သားတွေရဲ့ အသားအရေမှာ မယ်လနင်ဓာတ်တွေ ပိုများတဲ့အတွက် အသားဖြူဆေးကြောင့် ရောင်ရမ်းယားယံပြီး အရောင်ကျွတ်တာတွေ ဖြစ်သွားမယ်ဆိုရင် တော်တော်နဲ့ ပျောက်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဂျပန်အလှကုန်ကုမ္ပဏီ Kanebo က အမျိုးသမီး ၄၄ ယောက်ကျော်ကို လျော်ကြေး ပြန်ပေးခဲ့ရပြီး ဓာတုဗေဒပစ္စည်းပါဝင်နေတဲ့ ကုန်ပစ္စည်း ၅၄ မျိုးကို ဈေးကွက်က ပြန်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ကိုယ့်အသားအရေနဲ့ ဓာတ်တည့်ပြီး သုံးနေကျ အလှကုန်ကိုပဲ စွဲစွဲမြဲမြဲသုံးသင့်သလို ပါဝင်ပစ္စည်းအညွှန်းကို သေချာဖတ်ရှုရပါမယ်။ တချို့ အလှကုန်ပစ္စည်းတွေကိုလည်း အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်ရမှ သုံးစွဲသင့်ပါကြောင်း အသိပေးရေးသားလိုက်ပါတယ်။

Ref: CNN “Asians Still love skin whiteners,despite health concerns”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top