The Great Buddha သို့မဟုတ် ကာမာကူရရဲ့အသည်းနှလုံး

49474870_687433904984227_3587618355948814336_n.jpg

ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ခဲ့မယ်ဆိုရင် လူတော်တော်များများ မဖြစ်မနေသွားကြတဲ့နေရာကတော့ The Great Buddha ပဲဖြစ်ပါတယ်။ မူရင်းနာမည်ထက်စာရင် ကာမာကူရ လို့ပြောလိုက်ရင်ပဲ ဒီဘုရားကြီးကို ပြေးမြင်ကြတာကြောင့် ကာမာကူရလို့ သိကြပါတယ်။ တကယ်တော့ ကာမာကူရ ဆိုတာ ကျိုတို၊ နာရာ၊ ဟီရိုရှီးမာတို့လိုမျိုး နှစ်ကာလရှည်ကြာခဲ့ပြီဖြစ်တဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပါတယ်။

The Great Buddha ဆိုတာကတော့ ကျောင်းဆောင်တစ်ခုခုအတွင်း စံပါယ်နေတာမဟုတ်ပဲ ဒီအတိုင်း ကျောင်းဝင်းအတွင်း ဟင်းလင်းပြင်တစ်နေရာမှာ စံပါယ်နေတဲ့ ၁၃.၃၅ မီတာမြင့်မားတဲ့ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့အထိမ်းအမှတ်ရုပ်ပုံတွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၂၄၃ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး မူရင်းကတော့ သစ်သားနဲ့ပြုလုပ်ထားခဲ့တာပါ။ ၁၂၄၈ မှာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့ရပါတယ်။ ၁၀ နှစ်ကြာပြီးနောက်မှာ ကြေးနီနဲ့ပြန်လည် သွန်းလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီကာလတွေတုန်းကတော့ ရွှေချထားခဲ့ပေမဲ့ အခုအခါမှာတော့ လေဒဏ် မိုးဒဏ်ကြောင့် ကြေးနီရောင်နဲ့ပဲ ဖူးတွေ့ရမှာပါ။ ဒါပေမယ့်လည်း မြင့်မားလှတဲ့ရုပ်ပွားတော်နဲ့ ကောင်းကင်ပြာတို့ဟာ လိုက်ဖက်လှစွာကို တည်ရှိနေပါတယ်။

တကယ်တော့ The Great Buddha ဟာ နဂိုမူလတည်ဆောက်စဉ်အခါက ကျောင်းတော်တစ်ခုအတွင်းမှာ စံပါယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကျောင်းတော်ဟာ ၁၃၃၄ ခုနှစ်မှာ မုန်တိုင်းကြောင့် ပျက်စီးခဲ့ပါတယ်။ ပြင်ဆင်ဆောက်လုပ်ခဲ့ပေမဲ့ ၁၃၆၉ ခုနှစ်မှာ ထပ်မံပြီး မုန်တိုင်းဒဏ်ခံခဲ့ရပါတယ်။ မွန်းမံမှုတွေလုပ်ပြီး ပြန်လည်ဆောက်လုပ်ခဲ့ပေမယ့် ၁၄၉၈ ခုနှစ်မှာ ပြင်းထန်တဲ့ငလျင်ကြောင့်ဖြစ်လာတဲ့ ဆူနာမီကြောင့် ထပ်မံပျက်စီးခဲ့ပြန်ပါတယ်။ အဲဒီနောက်ပိုင်းတော့ ကျောင်းတော်ကို ထပ်မဆောက်တော့ပဲ The Great Buddha ကို ဒီအတိုင်းပဲ အပူဇော်ခံထားရှိခဲ့တာပါ။

စာရေးသူ သွားလည်တဲ့အချိန်မှာ ဆောင်းတွင်းအဝင် သစ်ရွက်တွေ အရောင်ပြောင်းခါစဖြစ်တော့ ဘုရားဝင်းအတွင်းမှာ အရောင်ပြောင်းနေတဲ့ သစ်ရွက်တွေ၊ အပင်တွေနဲ့ အလွန်လှပနေပါတယ်။ ကောင်းကင်ကလည်း ကြည်လင်နေပြီး ကမ္ဘာလှည့်ခရီးသည်အများအပြား လာရောက်ဖူးမြော်နေကြတာကို တွေ့ခဲ့ရပါတယ်။ ဆုတောင်းပြည့်တယ်ဆိုပြီးယုံကြည်ကြလို့ လာရောက်ဆုတောင်းနေကြသူတွေ အများအပြားပါပဲ။ The Great Buddha ရဲ့ကိုယ်လုံးတော်အတွင်းထဲကို ဝင်လို့ရပါတယ်။ လမ်းနည်းနည်းကျဉ်းပြီး စိုစွတ်နေတာမို့ ဂရုစိုက်သွားရပါတယ်။ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေလည်း အများကြီးရှိပါတယ်။ ဈေးလည်းသိပ်မကြီးတာမို့ ခရီးသွားတွေအကြိုက်တွေ့စရာပါ။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top