ONE: A New Era ပွဲကြိုသုံးသပ်ချက် (အောင်လအန်ဆန် နှင့် Ken Hasegawa)

onecham-for-website.jpg

ONE: A NEW ERA ပြိုင်ပွဲကြီး၏ တွဲဆိုင်းများသည် ကမ္ဘာ့ချန်ပီယံလုပွဲ မကျေပွဲနွှဲမည့်တွဲဆိုင်းများဖြင့် ပြည့်နှက်လျက်ရှိရာ ONE ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း (၂) ခု၏ ချန်ပီယံဖြစ်သော အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံ ကစားသမား Ken Hasegawa တို့၏ ယှဉ်ပြိုင်ကြမည့်ပြိုင်ပွဲကိုလည်း ချန်ထား၍ မဖြစ်ချေ။

ယမန်နှစ်က ထိုကစားသမား (၂) ဦး၏တွဲဆိုင်းသည် တစ်နှစ်တာအတွက် အကောင်းဆုံးတွဲဆိုင်းဆုကို ရရှိခဲ့သည်။ အောင်လသည် ပွဲချိန်၏ နောက်ဆုံးအချိန်အတွင်း ပြင်းထန်လှသောပင့်လက်သီးတစ်ချက်ဖြင့် ပဉ္စမအချီတွင် အလဲထိုးအနိုင်ယူကာ ၎င်း၏ ခါးပတ်ကိုကာကွယ်ခဲ့သည်။

ပထမအကြိမ်တွေ့ဆုံခဲ့သောပြိုင်ပွဲသည် အလွန်ကြည့်ကောင်းခဲ့သောကြောင့် ပြန်လည်တွေ့ဆုံယှဉ်ပြိုင်သော ပြင်းထန်လိမ့်မည်ဟု မျှော်လင့်ကြသလို ONE Championship က ယူဆောင်လာပေးမည်ဖြစ်သည်။

အောင်လနှင့် Hasegawa တို့ ပြန်လည်ယှဉ်ပြိုင်သောပြိုင်ပွဲသည် ဂျပန်တွင်ယှဉ်ပြိုင်ကြမည့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (၄) ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် လူအများစိတ်ဝင်စားရသော အကြောင်းရင်းကို တစ်ချက်ချင်း ဖော်ပြသွားပါမည်။

ပထမဆုံးအကြိမ်တွေ့ဆုံယှဉ်ပြိုင်မှု

ပထမအကြိမ်ယှဉ်ပြိုင်မှု၏ အစောပိုင်းကာလတွင်Hasegawa ၏ တန်ပြန်တိုက်ခိုက်သောလက်သီးချက်များသည် ၎င်းအတွက် အသားစီးရစေခဲ့သည်။ အောင်လ၏ ကိုယ်လုံးကိုယ်ထည်နှင့် တိုက်ခိုက်မှုများသည်လည်း အချက်အလက်တစ်ခုအနေနှင့် ထည့်သွင်းစဉ်းစားရသော်လည်း ရှောင်တခင်ထိုးစစ်ဆင်သည်ကိုလည်း Hasegawa က သတိထားနေရသည်။

ပွဲချိန်ကြာလာလေ သက်လုံသည် အရေးကြီးလာလေဖြစ်သည်။ အောင်လသည် အမြဲထက်မြက်နေသူတစ်ဦးဖြစ်ကာ တိုက်ခိုက်ရေးတွင်လည်း ကျွမ်းကျင်ပြင်းထန်သူတစ်ဦးဖြစ်သည်။ Hasegawa ၏ တုံ့ပြန်မှုနှင့် တိုက်ခိုက်မှုသည် နှေးကွေးလာသောကြောင့် တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။ ပဉ္စမအချီတွင် Hasegawa သည် ထိခိုက်မှုများလာကာ ပင်ပန်းလာတော့သည်။ ထိုအခြေအနေတွင် အောင်လ၏ လက်သီးချက်များက ၎င်းကို အထိနာစေခဲ့သည်။

ONE ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း (၂) ခု၏ ချန်ပီယံဖြစ်သော အောင်လအန်ဆန်

အိမ်ကွင်းအသာစီးရခြင်း

ပြန်လည်ယှဉ်ပြိုင်သောပြိုင်ပွဲတွင် Hasegawa သည် ပထမအကြိမ်တွေ့ဆုံသောပြိုင်ပွဲတွင် ၎င်းမရရှိခဲ့သော အခွင့်အရေးကို ရရှိခဲ့သည်။ ဝံ့ကြွားသော ဂျပန်နိုင်ငံသားကစားသမားသည် တိုကျိုမြို့ရှိ အထင်ကရ Ryogoku Kokugikan အားကစားရုံကြီးအတွင်းရှိ ပရိသတ်များကို သိမ်းကျုံးဆွဲဆောင်သွားမည်ဖြစ်သည်။

ထိုအားကစားရုံသည် Sumo နပမ်းနှင့် အခြားသော တိုက်ခိုက်ရေးကိုယ်ခံပညာပြိုင်ပွဲများကျင်းပရာ ထင်ရှားသော နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် Hasegawa သည် အဆိုပါနေရာတွင် ယှဉ်ပြိုင်ချင်မည်မှာ ငြင်းဆန်၍ မရသောအချက်ပင်ဖြစ်သည်။

အောင်လအနေဖြင့် ပြိုင်ဘက်နိုင်ငံတွင်ယှဉ်ပြိုင်ရမည်ဆိုသည်မှာ ၎င်းအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ ၎င်းသည် ကြိုးဝိုင်းအတွင်း မားမားမတ်မတ်ရပ်ကာ Hasegawa ကို ၎င်းကအနိုင်ရယူဖူးသည်ကို သတိပေးသွားမည်ဖြစ်သည်။ အောင်လသည် စိန်ခေါ်သူ Hasegawa ကို အရေးနိမ့်ခဲ့ပါလျှင် ပရိသတ်များက Hasegawa ကို ပို၍ပင်အားပေးကြပါလိမ့်မည်။ ထိုသို့ဆိုလျှင် ပြိုင်ပွဲအခြေအနေနှင့် အနိုင်အရှုံးများသည် အပြောင်းအလဲများစွာဖြစ်သွားနိုင်ပါလိမ့်မည်။

ထိုးနှက်တိုက်ခိုက်မှုသုံးသပ်ချက်

ပထမဦးဆုံးပြောင်းလဲမှုအနေဖြင့် Hasegawa သည် ၎င်း၏ ထိုးနှက်တိုက်ခိုက်မှုပုံစံ၊ ခံစစ်များကို ပြောင်းလဲရမည်ဖြစ်သည်။ ၎င်းသည် အလွန်ပါးနပ်လိမ္မာသော ပြိုင်ဘက်တစ်ဦးမဟုတ်သော်လည်း တိုက်ခိုက်ရန် ခက်ခဲမည့် ကစားကွက်ပုံစံကို အားစိုက်ထုတ်လေ့ကျင့်ထားရမည်ဖြစ်သည်။

ပထမဦးဆုံးတွေ့ဆုံမှုတွင် ချန်ပီယံ အောင်လကို အထိနာအောင်တိုက်စစ်ဆင်လိုသော ရည်ရွယ်ချက်ဖြင့် ပြန်လည်ထိုးစစ်ဆင်လိုသောကြောင့် အောင်လ၏ လက်သီးချက်များကို ခံယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပွဲဦးပိုင်းတွင် ယှဉ်ပြိုင်မှုများပြင်းထန်ခဲ့သော်လည်း ဤသည်မှာ အောင်နိုင်ရန် အဖြေဖြစ်မည်မဟုတ်ချေ။ ထို့အပြင် ၎င်းသည် ယခုပြိုင်ပွဲတွင် ပြောင်းလဲမှုများမပြုလုပ်ခဲ့ပါက ယခုပွဲစဉ်သည် ၎င်းတို့ ပထမပြိုင်ပွဲထက် ပိုမိုစောလျင်စွာ ပွဲသိမ်းကြတော့မည်ဖြစ်သည်။

နပမ်းကစားကွက်များသုံးသပ်ချက်

ပထမတွေ့ဆုံမှုပွဲစဉ်တွင် နပမ်းသတ်ကွက်များ များများစားစားမပါရှိခဲ့ပေ။ ထို့အပြင် တတိယအချီရောက်သည်အထိ မြေပြင်ကစားကွက်များကို မကစားခဲ့ကြချေ။ Hasegawa သည် အောင်လ၏ အလစ်အငိုက်ကိုဖမ်းကာ ကိုယ်ချင်းဝင်လုံးပြီး ဘေးတိုက်ချုပ်ရန် ကြိုးစားခဲ့သည်။

ကံမကောင်းစွာပင် ၎င်းသည် ထိုအနေအထားဖြင့် မည်သည့်တိုက်စစ်မျှ မလုပ်နိုင်ခဲ့ပေ။ အောင်လသည် ချက်ချင်းဆိုသလို မတ်တပ်ပြန်လည်ရပ်လိုက်ကာ ထိုးနှက်တိုက်ခိုက်ချက်များဖြင့် တိုက်စစ်ဆင်ရင်း အပြောင်းအလဲများစွာဖြင့် မြန်မာကစားသမား အောင်လက အရေးသာခဲ့သည်။

Hasegawa သည် သန်မာထွားကြိုင်းကာ တိုက်ခိုက်မှုစွမ်းရည်မြင့်မားသည့် ထိပ်တန်းကစားသမားတစ်ယောက် အနေဖြင့် ရပ်တည်ခဲ့သည်။ ပွဲစချိန်တွင် Hasegawa စစ်မပန်းခင်တွင် ၎င်းသည် မြေပြင်ချုပ်ကွက်ကို ပါးနပ်စွာ အသုံးချရန်ကြိုးစားခဲ့သည်။ Hasegawa သည် အခွင့်သာပါက ထိုးနှက်တိုက်ခိုက်ခြင်းကိုသာ ဦးစားပေး တိုက်ခိုက်တတ်လေ့ရှိသည်။

ပထမအကြိမ်ယှဉ်ပြိုင်မှု၏ အစောပိုင်းကာလတွင်Hasegawa ၏ တန်ပြန်တိုက်ခိုက်သောလက်သီးချက်များသည် ၎င်းအတွက် အသားစီးရစေခဲ့သည်

သက်လုံ

ကစားသမား (၂) ဦးစလုံး၏ သက်တမ်းအရ ၎င်းတို့၏ သက်လုံသည် ထပ်မံတိုးမြှင့်ရန်ခက်ခဲသည်ဟု ယူဆရသည်။ Hasegawa ၏ သက်လုံသည် ပို၍အားနည်းသည့်အတွက် ထိုအချက်ကိုကာကွယ်ရန် ကစားနည်း ဗျူဟာသစ်တစ်ခုကို ချမှတ်ရမည်ဖြစ်သည်။

ထိုသို့ချမှတ်ရာတွင် အောင်လကို ပွဲချိန်အစောပိုင်းတွင် အနိုင်ရယူခြင်းဖြစ်စေ၊ ပထမဦးဆုံး (၂) ချီတွင် ချန်ပီယံအောင်လအား အထိနာအောင် တိုက်ခိုက်ကာ သက်လုံကျစေခြင်းသည် အကောင်းဆုံးဗျူဟာဖြစ်လာနိုင်သည်။

ကြာရှည်တောင့်ခံနိုင်မှု

အောင်လ၏ အလဲထိုးအနိုင်ယူခဲ့ခြင်းသည် ပထမဦးဆုံးအကြိမ် ထိုးနှက်တိုက်ခိုက်ခြင်းဖြင့် အနိုင်ရယူနိုင်ခဲ့သည်ဟု မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။ အောင်လသည် ၎င်း၏ ကစားသမား သက်တမ်းအစောပိုင်းတွင် အလဲထိုးကွက်ဖြင့် ပြိုင်ပွဲ (၄) ပွဲကို အနိုင်ရရှိခဲ့သည် သို့သော် အနီးစပ်ဆုံး နောက်ဆုံးအနိုင်ရရှိခဲ့သောပွဲသည် လွန်ခဲ့သော ခြောက်နှစ်ခန့်ကာလက ဖြစ်သည်။ ၎င်းသည် Hasegawa နှင့် ပထမဆုံးတွေ့ဆုံခဲ့သော ပြိုင်ပွဲတွင် Hasegawa ၏ သာမန်လူ (၁) ဦး သတိလစ်လဲကျနိုင်လောက်အောင် အားပါသောလက်သီးချက်များကြောင့် မေးရိုများဖူးယောင်ခဲ့ရသည်။

Hasegawa သည် အောင်လကို မရှုံးနိမ့်မီတွင် အပြင်းအထန်ခုခံနိုင်ခဲ့သောကြောင့် နောက်တစ်ကြိမ်တွေ့ဆုံမှုတွင်လည်း အလွယ်တကူ အရှုံးပေးလိုက်မည်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာအားသာချက်

မေးခွန်းထုတ်စရာမလိုအောင်ပင် ယခု မကျေပွဲနွှဲသောပြိုင်ပွဲတွင် အောင်လသည် စိတ်ပိုင်းဆိုင်ရာအရ ပိုမို အားသာနေမည်ဖြစ်သည်။ ၎င်းသည် Hasegawa ကို ပင့်လက်သီးတစ်ချက်ဖြင့် သတိလစ်သွားစေခဲ့သည်။ ထိုသို့သောအခြေအနေမျိုးကို ကြုံတွေ့ခဲ့ရသော ကိုယ်ခံပညာကစားသမားတစ်ဦးအနေဖြင့် တူညီသောပြိုင်ဘက်တစ်ဦးတည်းကို ထပ်မံယှဉ်ပြိုင်ရန်မှာ ပြန်လည်ပြင်ဆင်ရန် အချိန်များစွာလိုအပ်တတ်သည်။ Hasegawa အနေဖြင့် ပွဲအစပိုင်းတွင် အောင်မြင်မှုရရှိနိုင်မည်ဆိုလျှင် ပထမပြိုင်ပွဲအတွက်ရှုံးကြွေးကို ဆပ်နိုင်မည်မှာ ဧကန်ပင်ဖြစ်သည်။ ဒုတိယပြိုင်ပွဲတွင် မတူညီသောကစားကွက်များဖြင့် ယှဉ်ပြိုင်ရန်လိုအပ်သည်။

မည်သူအားသာသနည်း

မည်သူက ကိုယ်ကာယပိုင်းဆိုင်ရာတွင်အားသာမည်ဟူသည့် အချက်အပေါ်မူတည်ပါသည်။ ပထမပြိုင်ပွဲအရကြည့်မည်ဆိုလျှင် သက်လုံအားပိုကောင်းသောသူသည် ကမ္ဘာ့ချန်ပီယံဆုကို အမိမြေအတွက် ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ကစားသမား (၂) ဦးလုံးသည် အလွန်ကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင်ထားသည့်အတွက် ပရိသတ်များအနေဖြင့် နောက်ထပ်ပြိုင်ပွဲကောင်းတစ်ခုကို ထပ်မံကြည့်ရှုရဦးမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top