ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွက် အမေရိကန်နိုင်ငံက အီရန်နိုင်ငံခြားရေးဝန်ကြီးကို ပြည်ဝင်ခွင့် ပေးအပ်ဖို့ ငြင်းဆန်ထား

Y2-2.jpg

လာမယ့်ကြာသပတေးနေ့ကျရင် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအတွက် အမေရိကန်နိုင်ငံက အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ကို ပြည်ဝင်ခွင့်ဗီဇာ ပေးအပ်ဖို့ ငြင်းဆန်ထားတယ်လို့ အမေရိကန် အရာရှိတစ်ယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီ လုပ်ကြံခံရပြီးနောက် အမေရိကန်နဲ့ အီရန်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်နိုင်ငံက အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ကို ပြည်ဝင်ခွင့်ငြင်းဆန်လိုက်တာလို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောပါတယ်။

၁၉၄၇ ခုနှစ် ကုလသမဂ္ဂ ရုံးစိုက်ရာနေရာများ သဘောတူညီချက်အရ ကုလသမဂ္ဂအစည်းအဝေး တက်ရောက်မယ့် ပြည်ပသံအမတ်တွေကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ပေးရမှာပါ။ ဒါပေမဲ့ လုံခြုံရေး၊ အကြမ်းဖက်မှု၊ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြောင်းရင်းတွေကြောင့် ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ခွင့်ရှိတယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။ ဂျာဗက်ဇာရစ်ကို ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆန်ထားတယ်ဆိုတဲ့ အမည်မဖော်လိုသူ အမေရိကန်အရာရှိရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

“မီဒီယာတွေ ဖော်ပြနေတာတော့ တွေ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ရဲ့ ပြည်ဝင်ခွင့်နဲ့ပတ်သက်ပြီး အမေရိကန် ဒါမှမဟုတ် ကုလသမဂ္ဂက တရားဝင်ဆက်သွယ်လာတာမျိုး မရှိသေးပါဘူး’’လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအဖွဲ့က ပြောပါတယ်။ လာမယ့်ကြာသပတေးနေ့ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ အချက်အလက်တွေ ခိုင်မာအားကောင်းစေရေး ဆွေးနွေးမယ့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဂျာဗက်ဇာရစ်က တက်ရောက်ဖို့ ဆန္ဒရှိနေပြီး တင်းမာမှုတွေ မဖြစ်ခင် နယူးယော့ခ်ခရီးစဉ်အတွက် စီစဉ်ထားပြီးသားပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးဟာ ဆိုလေမာနီကို လုပ်ကြံမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံကို တစ်ကမ္ဘာလုံးသိအောင် ဝေဖန်နိုင်မယ့် အခွင့််အရေးတစ်ရပ်လည်း ဖြစ်ပါတယ်။ ဂျာဗက်ဇာရစ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ကုလသမဂ္ဂ ကမ္ဘာ့ခေါင်းဆောင်များ နှစ်စဉ်အစည်းအဝေးအတွက် နယူးယော့ခ်မြို့ကို နောက်ဆုံးအကြိမ် လာရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီရဲ့ အဆင်ခြင်ကင်းမဲ့တဲ့ လုပ်ငန်းအစီအစဉ်တွေကို အကောင်အထည်ဖော်ပေးနေတယ်ဆိုပြီး အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့ခဲ့ပါတယ်။ အရေးယူပိတ်ဆို့မှုအရ အမေရိကန်နိုင်ငံမှာရှိတဲ့ ဂျာဗက်ဇာရစ်ရဲ့ ပိုင်ဆိုင်မှု ဒါမှမဟုတ် အကျိုးစီးပွားတွေကို ပိတ်ပင်ခံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ သူ့ရဲ့ပိုင်ဆိုင်မှုတစ်ခုမျှ မရှိဘူးလို့ ဂျာဗက်ဇာရစ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top