ကိုယ်ဝန်ဆောင်မိခင်တွေ စားသုံးပေးသင့်တဲ့ အစားအစာများ

pregnant-woman-healthy-diet-TYHBNAJ.jpg

ကိုယ်ဝန်ဆောင်တိုင်းကတော့ ဘယ်အစားအစာကို ရှောင်ရမယ်၊ ဘယ်အစားအစာကိုတော့ လှည့်မကြည့်ချင်တော့လောက်အောင် များများစားပေးရမယ်ဆိုတဲ့ စကားတွေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ တကယ်လည်း အရေးကြီးပါတယ်။ အစားအသောက်ဆိုတာက နည်းနည်းလေး မှားသွားတာနဲ့ ကိုယ့်ရင်သွေးကို ထိခိုက်စေနိုင်တာကိုး။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ချိန်မှာတော့ အာဟာရဓာတ်တွေ အပါတကာ့ အပါဝင်ဆုံး အစားအစာတွေကို မိမိစားသုံးနေတဲ့ နေ့စဉ် အစားအသောက်တွေထဲ ပုံမှန် ထည့်သွင်း စားသောက်ပေးသင့်ပါတယ်။

ဆိုတော့ မှတ်သားရလွယ်ကူအောင် စာရေးသူက ဒီဆောင်းပါးလေးကနေ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုအစားအစာမျိုးတွေ စားသုံးပေးသင့်တယ်ဆိုတာကို တစ်စုတစ်စည်းတည်း တင်ပြပေးသွားပါ့မယ်။

ကန်စွန်းဥ

ကာဗွန်ဟိုက်ဒြိတ်၊ ပိုတက်ဆီယမ်၊ အိုင်းရွန်း၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်စ်နဲ့ ဗီတာမင် အေ၊ စီ၊ ခေ တို့ကြွယ်စွာပါဝင်တဲ့ကန်စွန်းဥဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးဖို့အကောင်းဆုံးဖြစ်ပါတယ်။ ကန်စွန်းဥမှာပါဝင်တဲ့ ကာဗွန်ဟိုက်ဒြိတ်နဲ့ ဗီတာမင် ဘီ 6 ဟာကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ ပျို့အန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းနဲ့ ဖောယောင်ခြင်းတို့ကိုလည်း သက်သာစေနိုင်ပါတယ်။

သစ်ကြားသီး

သစ်ကြားသီးကတော့ သင့်ရဲ့ရင်သွေးငယ်လေး ဦးနှောက်ဖွံ့ဖြိုးစေဖို့အထောက်အကူပြုပါတယ်။ နေ့စဉ် သစ်ကြားသီး တစ်အောင်စလောက်ကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ အမျှင်ဓာတ်နဲ့ အိုင်းရွန်းဓာတ်တွေပါဝင်တာမို့ သွေးထဲတွင်း ကိုလက်စထရောမြင့်တက်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။ တခြားအခွံမာသီးတွေလိုပဲ သစ်ကြားသီးဟာ ကယ်လိုရီပါဝင်မှုများပြားတဲ့အတွက် အရမ်းအများကြီးတော့ မစားပေးသင့်ပါဘူး။ အရွက်သုပ်တွေနဲ့ တွဲစားပေးမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။

ကိုက်လန်

ကိုက်လန်ရွက်က နည်းနည်းလေးစားမယ်ဆိုရင်တောင် အာဟာရဓာတ်တွေ အများကြီးရပါတယ်။ အမျှင်ဓာတ်၊ ကယ်ဆီယမ်၊ အိုင်းရွန်း၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ ဖိုးလိထ်၊ ဗီတာမင်အေ၊ ဗီတာမင်ခေနဲ့ ဗီတာမင်အီး၊ ဗီတာမင်ဘီ 6၊ ဇင့်၊ ဖော့စဖောရပ်စ်နဲ့ မဂ္ဂနီဆီယမ်စတဲ့ မြောက်မြားစွာသော ခန္တာကိုယ်အကျိုးပြုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သုပ်ပြီးပဲစားစား၊ ဖျော်ပြီးပဲသောက်သောက် အဆင်ပြေပါတယ်။

ကြက်သား

ကြက်သားမှာ ပရိုတင်း၊ အိုင်းရွန်းနဲ့ ဗီတာမင်ဘီဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အရေခွံကိုတော့ မစားပါနဲ့။ အရေခွံမှာ ကယ်လိုရီပမာဏကိုမြင့်တက်စေနိုင်တဲ့ ကိုလက်စထရောဓာတ်တွေ ပါဝင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ အကျိုးပြု အဆီဓာတ်တွေဖြစ်တဲ့ မိုနို (mono) နဲ့ ဖက်တီး အက်ဆစ် (fatty acids) တွေအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာမို့ ကိုယ်ဝန်ဆောင်ချိန် မဖြစ်မနေစားပေးသင့်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ ထောပတ်သီးတစ်လုံးမှာ ဗီတာမင် အေ၊ စီ၊ အီး၊ ခေနဲ့ အခြားသောဗီတာမင်ဓာတ်တွေအပြင် သတ္တုဓာတ်တွေပါ ကြွယ်ဝစွာပါဝင်ပါတယ်။ ပေါင်မုန့်နဲ့ပဲစားစား၊ ဖျော်ရည်ပဲလုပ်သောက်သောက် နှစ်သက်သလို စားသုံးပေးနိုင်ပါတယ်။

Ref : pinterest “10 Of The Healthiest Foods To Eat When You’re Pregnant”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top