သင့်အပေါ်လူတွေ အထင်အမြင်လွဲနေတာကို ဘယ်လို ပယ်ဖျက်မလဲ

mis.jpg

“ကိုယ့်ကို လူတွေက တကယ်တမ်း နားမလည်ကြဘူး” လို့ ခံစားဖူးမှာ အသေအချာပါပဲ။

ကိုယ်က ကောင်းအောင် ၊ ရိုးသားအောင် နေပေမယ့် မိဘတွေက မယုံကြည်တာ ၊ ချစ်သူက မယုံကြည်တာ ၊ လုပ်ဖော်ကိုင်ဘက်တွေက မယုံကြည်တာ၊ အလုပ်ရှင်အထက်လူကြီးက မယုံကြည်တာ စတာတွေကို လူတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့ဖူးပါလိမ့်မယ်။ တကယ်တမ်းမှာတော့ အဲဒီ ခံစားချက်ဟာ ဆိုးရွားလှပါတယ်။ လူတွေရဲ့ အထင်အမြင်ကို ဂရုမစိုက်ဘူးဆိုသူတွေတောင် ကြိတ်ပြီး စိတ်ထိခိုက်ရတာတွေ ရှိတတ်တာပဲ မဟုတ်လား။

စိတ်ပညာ သဘောတရားအရတော့ ဒီလို အထင်အမြင် လွဲစေတဲ့ အဓိက အကြောင်းရင်းက နှစ်ရပ် ရှိပါတယ်။

၁။ ဘက်လိုက်တဲ့ အတည်ပြုချက် – လူတွေမှာ သူတို့ အထင်အမြင်အယူအဆ အတိုင်း သင့်ကို ပုံဖော်ထားတာ ရှိတတ်ပါတယ်။ ဥပမာ – သင့်မိဘရဲ့ စိတ်ထဲမှာ သင့်ကို ညံ့ဖျင်းတယ်လို့ တွေးထားမယ်၊ အဲဒီအချိန်မှာ သင်ဟာလည်း အလုပ်တစ်ခုခုကို မတော်တဆ အမှားမှားအယွင်းယွင်း လုပ်လိုက်မယ်။ သူတို့အတွေးနဲ့ သင့်လုပ်ရပ်နဲ့ ထပ်တူကျသွားတဲ့ အခါမှာ သင့်ကို ညံ့တဲ့ သူ အဖြစ် အလိုလို အတည်ပြု ပြီးသား ဖြစ်သွားမှာပါ။ သင် ဘယ်အချိန်မှာ ဘယ်လောက်တော်ခဲ့ ကောင်းခဲ့ပါစေ သူတို့ စိတ်မှာ သင်ဟာ ညံ့တဲ့ သူ ဖြစ်ကို ဖြစ်သွားမှာပါ။

၂။ မူလဘူတ အကျိုးသက်ရောက်မှု – First impression လို့ ခေါ်တဲ့ “သင့်ကို လူတွေ ဘယ်လို စ မြင်တွေ့သလဲ” ဆိုတဲ့ အချက်က အရေးကြီးပါတယ်။ ဥပမာ တစ်ခု ပြောရရင် မောင်ကကြီးနဲ့ မောင်ခခွေး ဆိုတဲ့ ကျောင်းသားလေး နှစ်ယောက် ရှိတယ်ဆိုပါစို့။ ပထမဆုံး တစ်ခေါက် သင်္ချာ စာမေးပွဲ စစ်တဲ့ အခါမှာ မောင်ကကြီး က အမှတ် (၂၀)၊ မောင်ခခွေးက (၁၀) မှတ် အသီးသီး ရ ကြတယ်။ ဒုတိယ တစ်ခေါက် စာမေးပွဲမှာ မောင်ကကြီးက (၁၀) မှတ်၊ မောင်ခခွေးက (၂၀) ရမယ်ဆိုရင် အကြမ်းအားဖြင့်တော့ သူတို့ နှစ်ယောက်ရဲ့ သင်္ချာဘာသာရပ် စွမ်းဆောင်ရည်က အတူတူပါပဲ။ ဒါပေမဲ့ စမ်းသပ်တွေ့ရှိချက်တွေအရ လူတွေက ဒုတိယ စာမေးပွဲရလဒ်ကို သိပ်သတိမထားမိကြပါဘူး။ လူတွေရဲ့ အမြင်မှာ ပထမဆုံး ဖြစ်ရပ်ကပဲ အရေးအပါဆုံးအဖြစ် ဆက်လက် ရှိနေမှာ ဖြစ်ပြီး မောင်ကကြီး ကို မောင်ခခွေးထက် ပိုတော်တဲ့ ကျောင်းသားအနေနဲ့ပဲ သိကြမှာပါ။ လူတစ်ယောက်ရဲ့ ပထမဆုံးအမြင်မှာ သင့်ကို တစ်ခုခု မှတ်ချက်ပေး ယူဆသွားရင် အဲဒီအမြင်ကို ဖျောက်ရခက်ပါတယ်။

ဒီအမြင်တွေကို ဘယ်လို ပြောင်းပစ်ရမလဲ

လူတစ်ယောက်ရဲ့ ကိုယ့်အပေါ် ထင်မြင်ယူဆချက်တွေကို ပြောင်းပစ်ဖို့ ဆိုတာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်တန်ဖိုးထားတဲ့ သူတွေ ဖြစ်နေရင် ၊ ရေရှည်ဆက်ဆံရမယ့် သူတွေ ဖြစ်နေရင် ၊ ကိုယ့် နာမည်ဂုဏ်သတင်းကို အလေးအနက်ထားတယ်ဆိုရင်တော့ ဒီ နည်းလမ်းတွေကို သုံးကြည့်ပါ။

၁။ First Impression ကောင်းဖို့ အစကတည်းက ဂရုစိုက်ပါ – လူတစ်ယောက်ယောက်နဲ့ စပြီး တွေ့ဆုံ လုပ်ကိုင်ဖို့ ရှိနေရင် အစကတည်းက ပြင်ဆင်ထားပါ။ ကိုယ့်ကို ကြိုးစားတက်ကြွတဲ့ သူ အဖြစ်မြင်စေချင်သလား၊ စမတ်ကျကျ နေထိုင်ပြောဆိုသူအဖြစ်မြင်စေချင်လား၊ မြင်စေချင်တဲ့ အတိုင်း ပုံဖော်နေထိုင်ပါ။

၂။ ဘက်လိုက်တဲ့ အတည်ပြုချက်တွေကို ရုတ်တရက် ဆန့်ကျင်လို့ မရဘူး ဆိုတာ နားလည်ပါ –  အဓိက အကြောင်းရင်းတွေထဲမှာ ဖော်ပြခဲ့တဲ့ အထဲက ဘက်လိုက်တဲ့ အမြင်နဲ့ သင့်ကို လူတွေက မြင်နေတယ်ဆိုရင် အဲဒီအမြင်ကို ဆန့်ကျင်ဖို့က အချိန်ယူရပါတယ်။ အဲဒီ သဘောတရားကို နားလည်ပါ။ သင့်ကို အမြင်တိမ်းစောင်းနေတဲ့ သူနဲ့ ပြေလည်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ စိတ်ကူးထားရင် “အမြင်ခုထိ မပြောင်းလဲသေးဘူးလား “ ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အရွဲ့တ်ိုက်မိတာတွေ မလုပ်ဖို့ ကြပ်ကြပ်သတိထားပါ။

၃) ဖွင့်ဟ ဆွေးနွေးပါ  – အခွင့်အရေးပေးလာခဲ့မယ် ဆိုရင် ကိုယ့်ကို အမြင်မကြည်ဘူးလို့ ခံစားရသူကို ပွင့်ပွင့်လင်းလင်းနဲ့ ယဉ်ယဉ်ကျေးကျေး ဆွေးနွေးကြည့်ပါ ။ သင်ဟာ သူတို့ ထင်သလို လူမဟုတ်ကြောင်းကိုလည်း ယဉ်ယဉ်ကျေးကျေးူနဲ့ ၊ အထောက်အထားနဲ့ တကွ ပြောပြကြည့်ပါ။ ဒီလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု အောင်မြင်သွားခဲ့ရင် အဲဒီနောက်ပိုင်းမှာ သင့် ကို သူ စိတ်မကျေမလည် ဖြစ်တာတွေ လျော့သွားမယ်၊ သင်မှားယွင်းတာတွေ လိုအပ်တာတွေ ရှိနေလည်း အပြုသဘောနဲ့ ဝေဖန်ပေးမယ့် မိတ်ဆွေကောင်း ၊ ဝေဖန်သူကောင်းတစ်ယောက် ရလာမှာ ဖြစ်ပါတယ်။

Ref: Psychology Today: “2 Reasons Why People Don’t Get to Know the Real You”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top