၇ ရက်အတွင်း ကမ္ဘာ့တိုက်ကြီး ၇ တိုက်မှာ မာရသွန် ၇ ခု ပြေးခဲ့တဲ့ အသက် ၇၀ ကျော် အဘွား

chausmith_triple7medals_0ef75e250d7a55be79511f930d6c7eee.fit-2000w.jpg

အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်က  ချူး စမစ် (Chau Smith) ဆိုတဲ့ အသက် (၇၀) ကျော် အရွယ် အမျိုးသမီးဟာ တကယ့် မာရသွန် အားကစား ဝါသနာအိုး တစ်ဦးဖြစ်ပါတယ်။

သိတဲ့အတိုင်း မာရသွန်ဆိုတာက နာရီနဲ့ ချီပြီး ကြာနိုင်တဲ့ ခရီး အကွာအဝေးရှည်ကြီးတွေကို ပြေးရတာဆိုတော့ လွယ်တဲ့ ကိစ္စတော့ မဟုတ်တာ အသေအချာပါပဲ။ ချူး စမစ်ရဲ့ ဘဝ တစ်သက်လုံးမှာတော့ မာရသွန် ပြေးပွဲ အရေအတွက် စုစုပေါင်း (၇၀) ကျော် ပြေးခဲ့ဖူးပါတယ်။ ရက် သတ္တပတ် (၅) ပတ်အတွင်း မာရသွန် ပြေးပွဲ (၁၀) ပွဲ တိတိလည်း ပြေးခဲ့ဖူးပါတယ်။ ဒါနဲ့တောင် သူမအတွက် မလုံလောက်တဲ့ အတွက် စိန်ခေါ်မှု အသစ် တစ်ခုကို ဖန်တီးယူခဲ့ပါတယ်။

အဲဒါကတော့ ခေါင်းစဉ်မှာ ပါတဲ့ အတိုင်း ကမ္ဘာ့တိုက်ကြီး (၇) တိုက်မှာ (၇) ရက်အတွင်း မာရသွန် (၇) ခု တိတိ ပြေးဖို့ စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။ ချူးဟာ ဩစတြေးလျတိုက်က ပါ့သ်မြို့ (Perth)၊ အာရှတိုက်က စင်ကာပူ၊ အာဖရိကတိုက် အီဂျစ်နိုင်ငံက ကိုင်ရိုမြို့၊ ဥရောပတိုက် နယ်သာလန်နိုင်ငံက အမ်စတာဒမ်မြို့၊ မြောက်အမေရိကတိုက် နယူးယောက်ပြည်နယ်က ဂါးဒန်းစီးတီး (Garden City)၊ တောင်အမေရိကတိုက် ချီလီနိုင်ငံက ပန်တာ အယ်ရီနာစ် (Punta Arenas) နဲ့ အန္တာတိကတိုက်က ကင်းဂျော့ကျွန်း (King George Island) တို့ပဲ ဖြစ်ပါတယ်။ သူမဟာ အဲဒီဒေသ တစ်ခုစီတ်ိုင်းမှာ ၂၆.၂ မိုင်စီပြေးပြီး လေယာဉ်နဲ့ နောက်ထပ် တစ်နေရာကို ဆက်လက် ထွက်ခွာတာပဲဖြစ်ပါတယ်။

ဒီ ခရီးစဉ်လမ်း ကြောင်းအတွက်ကိုတော့ Marathon Adventures ဆိုတဲ့ ခရီးသွားလုပ်ငန်း အေဂျင်စီက ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို ဆက်တိုက်ပြေးနိုင်ဖို့ဆိုတာ ချူးအတွက် မလွယ်ကူခဲ့ပါဘူး။ သူမဟာ အခုလို ဆက်တိုက်ပြေးနိုင်ဖို့အတွက် (၈) လကြာ လေ့ကျင့်ခဲ့ရပါတယ်။ နောက်ဆုံး လေးလမှာ မိုင်များစွာ ဝေးလံတဲ့ ခရီးတွေကို ပြေးကျင့်ခဲ့ရတာ ဖြစ်ပြီး တစ်ပတ် တစ်ပတ် စုစုပေါင်း (၁၅) မိုင် ကနေ (၁၈၀) မိုင် အထိ ရှိခဲ့ပါတယ်။

သူမဟာ ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေမှာ လာရောက် မာရသွန်ပြေးခဲ့တယ်လို့ သိရပါတယ်။

Ref : CNN News: “70-year-old woman runs 7 marathons on 7 continents in 7 days “

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply