ဟားဗတ်တက္ကသိုလ်ရဲ့ ကမ်းလှမ်းမှုကိုတောင် ငြင်းဆန်ခဲ့တဲ့ ရှာမှရှား သင်္ချာပညာရှင်

11-5-2022-yyl-09.jpg

PhD ဘွဲ့ရ သင်္ချာပညာရှင် ၆ ယောက် ၄လကြာ အဖြေမရှာနိုင်ခဲ့တာကို သင်္ချာပါရမီရှင်တစ်ယောက်က တစ်ညတည်း ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ သူကတော့ အိုင်းစတိုင်းလောက် ဉာဏ်ရည်မြင့်တယ်လို့ ချီးကျူးခံနေရတဲ့ တရုတ်နိုင်ငံသား ဝေဒေါင်ယီပါပဲ။ ဝေဒေါင်ယီဟာ သင်္ချာပညာအတွက် ဘဝတစ်ခုလုံး နှစ်မြှုပ်ထားတဲ့ ရှာမှရှား ပညာရှင်တစ်ယောက်ပါပဲ။

ကမ္ဘာကျော် ဟားဗက်တက္ကသိုလ်က သူတို့ရဲ့စည်းမျဉ်းတွေကို ဖြေလျှော့ပေးပြီး PhD ဘွဲ့သင်တန်း လာတက်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ဝေဒေါင်ယီက ငြင်းဆန်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် ဝေဒေါင်ယီဟာ ဘေဂျင်းမြို့က ပီကင်းတက္ကသိုလ်မှာ သင်္ချာဘာသာရပ် တွဲဖက်ပါမောက္ခအဖြစ် စာပို့ချနေသူပါ။

သင်္ချာမော်ဒယ်တစ်ခု တည်ဆောက်ဖို့ လနဲ့ချီ ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့တဲ့ PhD ဘွဲ့ရ သင်္ချာပညာရှင် ၆ ယောက်အဖွဲ့က ဝေဒေါင်ယီကို အကူအညီတောင်းခဲ့တာပါ။ သူက တစ်ညတည်းနဲ့ equation (ညီမျှခြင်း)တွေ တွက်ထုတ်ပေးခဲ့ပါတယ်။ ရက်ပိုင်းအကြာမှာ အဲဒီ equation တွေအတိုင်း စမ်းသပ်မှုလုပ်ခဲ့ရာမှာတော့ သင်္ချာမော်ဒယ်သစ်က pass rate ၉၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အောင်မြင်သွားခဲ့ပါတယ်။

အရမ်းဝမ်းသာသွားတဲ့ သင်္ချာပညာရှင်အဖွဲ့က ဝေဒေါင်ယီကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဉာဏ်ပူဇော်ခ ချီးမြှင့်ခဲ့ပေမဲ့ ဝေဒေါင်ယီက လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ သင်္ချာပညာရှင်အဖွဲ့က တစ်ခုခုလုပ်ပေးဖို့ အတင်းအကျပ် ပြောနေတာကြောင့် ဝေဒေါင်ယီက သူ့ရဲ့ယာဉ်စီးခကတ်ထဲကို ငွေဖြည့်ပေးဖို့ လက်ခံခဲ့ပါတယ်။

ဝေဒေါင်ယီကို လူတွေ စတင်သတိထားမိခဲ့တာ ၂၀၂၁ ခုနှစ်ကတည်းကပါ။ အင်တာဗျူးတစ်ခုမှာ ဆံပင်ဖွာလန်ကျဲ၊ အဝတ်အစား ဖရိုဖရဲဖြစ်နေပြီး ရေသန့်ဘူးအဟောင်းနဲ့ ပေါက်စီတစ်လုံး လက်မှာကိုင်ထားတဲ့ ဝေဒေါင်ယီကို လူတွေက ကျောင်းသားတစ်ယောက်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ ဝေဒေါင်ယီက ပီကင်းတက္ကသိုလ် သင်္ချာဌာနရဲ့ တွဲဖက်ပါမောက္ခမှန်း သိလိုက်ရချိန်မှာတော့ လူတွေ အရမ်းအံ့သြသွားကြပါတယ်။ ပြီးတော့ သူ့ကိုလည်း ပီကင်းတက္ကသိုလ်ရဲ့ ရုပ်အဆိုးဆုံးသင်္ချာဆရာလို့ ကျီစယ်ကြတော့တာပါပဲ။

” သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ရေသန့်ဘူးအသစ်တစ်ဘူး ပို့လိုက်တယ်။ တခြားမြို့မှာ နေတဲ့သူတွေကလည်း ကျွန်တော့်ဆီ ရေသန့်ဘူးအသစ်တွေ ပို့ပေးကြတယ်။ ဒီလို လက်ဆောင်တွေပေးကြတော့ ကျွန်တော့်ရဲ့ဆရာကျင့်ဝတ်ကို ထိခိုက်မလားဆိုပြီး စိုးရိမ်မိခဲ့သေးတယ် ” လို့ ဝေဒေါင်ယီက ဆိုပါတယ်။ ပကာသနတွေကို ဂရုမစိုက်တတ်တဲ့ ဝေဒေါင်ယီဟာ သင်္ချာပညာရပ်မှာတော့ သူမတူအောင် ထူးချွန်သူတစ်ယောက်ပါ။ ကျောင်းသားဘဝတုန်းက နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၂ ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဝေဒေါင်ယီတို့ မျိုးရိုးက ပညာတတ်မျိုးရိုးလို့ ဆိုရမယ်။

ဝေဒေါင်ယီရဲ့ မိဘ ၂ ပါးလုံးက တက္ကသိုလ်ဆရာ၊ ဆရာမတွေပါ။ သူ့အဖေကလည်း သင်္ချာဘာသာရပ်မှာ တော်တော်ထူးချွန်ခဲ့သူပါပဲ။ ဝေဒေါင်ယီကလည်း ငယ်ငယ်ကတည်းက သင်္ချာကို အရမ်းစိတ်ဝင်စားတယ်။ သင်္ချာမေးခွန်းတွေဖတ်ပြီး စဉ်းစားနေရတာကို သူ သဘောကျတယ်။ သူ့အိမ်မှာဆို သင်္ချာစာအုပ်တွေ အများကြီးပဲ။ သူတို့သားအဖ ၂ ယောက်က အချိန်ရတိုင်း သင်္ချာပုစ္ဆာတွေ တွက်နေကြလေ့ရှိတယ်။ မူလတန်းကျောင်းသားဘဝမှာကတည်းက Hua Luogeng Mathematics School စာအုပ်ကို ဖတ်ပြီး သင်္ချာကို သူ အရူးအမူးဖြစ်ခဲ့တာပါ။ တကယ်တော့ အဲဒီစာအုပ်က ကလေးတွေ သဘောကျတဲ့အမျိုးအစားတော့ မဟုတ်ဘူး။ အရမ်းခက်တဲ့ သင်္ချာပုစ္ဆာတွေ ပါတယ်။

ဒါပေမဲ့ ဝေဒေါင်ယီက သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းနိုင်ခဲ့ပြီးမှာ (အဲဒီကရတဲ့ ပီတိကြောင့်) သင်္ချာကို စွဲလမ်းသွားခဲ့တာပါ။ အထက်တန်းကျောင်း ဂျူနီယာနှစ်မှာ သူ့ရဲ့သင်္ချာပါရမီကို သူ့ဆရာ ကျန်းယုံဟွာက သတိထားမိသွားတယ်။ အဲဒီတုန်းက သူ့အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ရှန်ရှီးတက္ကသိုလ်နဲ့ ဆက်နွှယ်တဲ့ အထက်တန်းကျောင်း သင်္ချာအိုလံပစ်အသင်းမှာ သူ ပါဝင်ခွင့်ရခဲ့ပြီး ကွမ်အထက်တန်းကျောင်းမှာ လေ့ကျင့်ခဲ့တယ်။

အထက်တန်းကျောင်းရောက်တော့လည်း ဝေဒေါင်ယီက ဆန်ခါတင်အဖွဲ့ထဲမှာ အဆင့် (၃) ရခဲ့ပြီး အမျိုးသားသင်္ချာအိုလံပစ်ပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရတယ်။ အမျိုးသားအဆင့် လေ့ကျင့်ရေးကာလမှာ တစ်ကြိမ်ကို မေးခွန်း ၃ ခု ဖြေဆိုရတဲ့ ၄ နာရီစာမေးပွဲ ၈ ကြိမ် ဖြေရတယ်။ စုစုပေါင်း မေးခွန်း ၂၄ ခုပေါ့။ အရင်တုန်းက ၄ နာရီစာမေးပွဲတွေမှာ မေးခွန်း ၃ ခုလုံး ဖြေဆိုနိုင်သူ မရှိခဲ့ဘူး။ ဒါပေမဲ့ ဝေဒေါင်ယီက မေးခွန်း ၂၄ ခုထဲမှာ မေးခွန်း ၂၃ ခုခွဲအထိ ဖြေဆိုနိုင်ခဲ့တယ်။ ၄ နာရီကြာ စာမေးပွဲမှာ သူ့ရဲ့ဖြေဆိုချိန်က ၁ နာရီပဲ ကြာတယ်။ သူက သမားရိုးကျ တွက်ချက်နည်းတွေကို မသုံးဘဲ သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖောက်ထွက်ဖြေရှင်းလေ့ရှိသူပါ။ အဲဒီနည်းလမ်းတွေကတော့ ဝေရဲ့ဖြေရှင်းနည်းလို့ နာမည်ကျော်ကြားပါတယ်။ သူ့ရဲ့ဖြေရှင်းနည်းက အစဉ်အလာဖြေရှင်းနည်းတွေထက်တောင် ပိုတိကျပါသေးတယ်။ ဒါကြောင့်လည်း သင်္ချာအိုလံပစ်ပြိုင်ပွဲရဲ့ ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ပါမောက္ခ လန်ဂန်းဆောင်က ဝေဒေါင်ယီကို ” လမ်းသစ်ဖောက်သူ”လို့ မှတ်ချက်ပေးခဲ့တာပေါ့။

၂၀၀၈ ခုနှစ် နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ဝေဒေါင်ယီက ရွှေတံဆိပ်ဆုရခဲ့တယ်။ အဲဒီပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းက သင်္ချာပညာရှင် ၅၀၀ ကျော် ဝင်ပြိုင်တဲ့အထဲမှာ အမှတ်ပြည့်ရသူ ၃ ယောက်ပဲ ရှိတယ်။ အဲဒီ ၃ ယောက်ထဲမှာ ဝေဒေါင်ယီလည်း ပါတာပေါ့။ သူက တရုတ်နိုင်ငံရဲ့ သင်္ချာအိုလံပစ်ပြိုင်ပွဲသမိုင်းမှာ အမှတ်ပြည့်ရတဲ့ တစ်ဦးတည်းသောပြိုင်ပွဲဝင်ပါပဲ။ အကြိမ် ၅၀ မြောက် နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲမှာလည်း ဝေဒေါင်ယီက သူ့ရဲ့ရွှေတံဆိပ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ တက္ကသိုလ်တက်ရောက်ခွင့်ရဖို့အတွက် gaokao (ဝင်ခွင့်စာမေးပွဲ) ဖြေရလေ့ရှိပေမဲ့ ဝေဒေါင်ယီကတော့ ဝင်ခွင့်ဖြေစရာမလိုဘဲ ပီကင်းတက္ကသိုလ်မှာ တက်ရောက်ခွင့်ရခဲ့သူပါ။ ဝေဒေါင်ယီက သင်္ချာပါရမီသတင်းက ကျော်ဇောလွန်းလို့ ဟားဗတ်၊ MIT နဲ့ တခြားကမ္ဘာကျော်တက္ကသိုလ်တွေက သူတို့ကျောင်းတွေမှာ ဒေါက်တာဘွဲ့လာယူဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ ဟားဗတ်တက္ကသိုလ်က သူ့ကို ခေါ်ချင်လွန်းလို့ ကျောင်းရဲ့အစဉ်အလာစည်းမျဉ်းဖြစ်တဲ့ အင်္ဂလိပ်စာ စစ်ဆေးမှု ခံယူရမယ်ဆိုတဲ့အချက်ကိုတောင် ကင်းလွှတ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဝေဒေါင်ယီကတော့ ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေကို ငြင်းဆန်ခဲ့ပြီး တရုတ်နိုင်ငံမှာပဲ ဆက်နေခဲ့ပါတယ်။

ပီကင်းတက္ကသိုလ်ပရိဝုဏ်ထဲမှာတော့ ဝေဒေါင်ယီရဲ့သတင်းက မွှေးပျံလွန်းပြီး သူနဲ့ပတ်သက်တဲ့ ပါးစပ်ရာဇဝင်တွေလည်း များပြားပါတယ်။ တစ်ခါတုန်းက အတန်းထဲမှာ ဝေဒေါင်ယီက ကျောင်းသားတွေကို ပုစ္ဆာတစ်ပုဒ် တွက်ခိုင်းပါသတဲ့။ ဒါပေမဲ့ ကျောင်းသားတွေက နားမလည်လို့ ပါမောက္ခကို ပြန်ရှင်းပြခိုင်းတဲ့အခါ ပါမောက္ခက ပြုံးနေပြီး ” ငါလည်း နားမလည်ဘူးကွာ”လို့ ပြန်ပြောတာမျိုးတောင် ရှိဖူးပါသတဲ့။ ဝေဒေါင်ယီက တွဲဖက်အဖြစ် စာပို့ချတဲ့အခါမှာ ပါမောက္ခက အတန်းသားတွေကို ဒီလို ပြောခဲ့ဖူးပါသတဲ့။ ” မင်းတို့ နားမလည်တဲ့အကြောင်းအရာရှိရင် ဆရာ့ကို မေး။ ဆရာမဖြေတတ်တာမျိုးဆိုရင် တွဲဖက် (ဝေဒေါင်ယီ)ကို မေး။ ဝေဒေါင်ယီပါ မဖြေတတ်ဘူးဆိုရင်တော့ မင်းတို့မေးတဲ့ အကြောင်းအရာက မှားနေပြီ ” ဆိုတာမျိုးပေါ့။

ဝေဒေါင်ယီက တက္ကသိုလ်ကနေ ဘွဲ့ရပြီးချိန်မှာ မာစတာဘွဲ့နဲ့ ဒေါက်တာဘွဲ့စာတမ်းကို တစ်ခါတည်းဖတ်ပြီး ဘွဲ့လွန်ပြီးမြောက်ခဲ့သူပါ။ တခြားသူတွေအတွက် ဘွဲ့လွန်ပြီးမြောက်ဖို့ ၁၀ နှစ်ကျော် အချိန်ကြာမြင့်နိုင်ပေမဲ့ သူကတော့ ၈ နှစ်တည်းနဲ့ ပြီးမြောက်ခဲ့တာပါ။ သူဟာ ပညာရပ်စာတမ်း ၂၅ ခု ပြီးမြောက်ခဲ့ပြီး စာတမ်းတော်တော်များများကို နိုင်ငံတကာက ထင်ရှားတဲ့စာစောင်တွေမှာ ဖော်ပြခံခဲ့ရပါတယ်။

တော်တော်များများက သူ့ရဲ့ပါရမီအကြောင်းကိုပဲ ပြောကြပေမဲ့ ဝေဒေါင်ယီက အပတ်တကုတ်ကြိုးစားခဲ့လို့လည်း ဒီလောက်အထိ ထူးချွန်လာခဲ့တာပါ။ တခြားကျောင်းသားတွေက ခက်ခဲတဲ့ သင်္ချာပုစ္ဆာတွေကို လက်ရှောင်ကြချိန်မှာ ဝေဒေါင်ယီက မရမချင်း ဇွဲနပဲနဲ့ ဖြေရှင်းလေ့ရှိပါတယ်။ သူက အမြဲတမ်းသင်္ချာစာအုပ်တစ်အုပ်ကိုင်ထားပြီး လေ့လာနေတတ်သူပါ။ သူက တစ်နေ့ကို ၁၂ နာရီလောက် လေ့လာနေတတ်သူဖြစ်လို့ တခြားသူတွေနဲ့ ရောရောနှောနှော နေလေ့မရှိပါဘူး။ ဒါကြောင့်လည်း ဝေဒေါင်ယီက မောက်မာတယ်၊ စိတ်ကြီးဝင်နေတယ် အစရှိသဖြင့် စွပ်စွဲကြပေမဲ့ တကယ်တမ်းမှာတော့ သူက ရိုးရိုးကုပ်ကုပ်နဲ့ နှိမ့်ချတတ်သူတစ်ယောက်ပါ။

လူတွေနဲ့ စကားပြောဆို ဆက်ဆံရတာကို မကြိုက်ပေမဲ့ သူ့ကို သင်္ချာမေးခွန်းတွေ လာမေးရင်တော့ စိတ်ရှည်ရှည်နဲ့ ရှင်းပြလေ့ရှိပါတယ်။ မူလတန်းကျောင်းသားလေးတွေ လာမေးရင်တောင် သူက တစ်ဆင့်ချင်း ရှင်းပြတတ်သူပါ။ တရုတ်နိုင်ငံရဲ့ ရှာမှရှားတဲ့ သင်္ချာပါရမီရှင်လို့ ဂုဏ်သတင်းကြီးနေပေမဲ့ ဝေဒေါင်ယီကတော့ ပကာသနတွေကို ဂရုမစိုက်ဘဲ ဆံပင်ဖွာလန်ကျဲ၊ အဝတ်အစား ဖရိုဖရဲနဲ့ ပီကင်းတက္ကသိုလ်ပရိဝုဏ်ထဲက လူတွေနဲ့ဝေးရာ ချောင်တစ်ချောင်မှာ သင်္ချာစာအုပ်ကိုင်ပြီး လေ့လာမြဲ လေ့လာဆဲပါပဲ။

Ref: min.news ” Rejecting Harvard and having an IQ comparable to Einstein, he became popular with his “bachelor face”?”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top