တူးမြောင်းမှာ ရေနစ်နေတဲ့ လမ်းလျှောက်ခါစ ကလေးလေးကို ကယ်တင်ပေးခဲ့တဲ့ ဆယ်ကျော်သက်ဟီးရိုးလေး

7-5-2020-yyl-032.jpg

အင်္ဂလန်နိုင်ငံရဲ့ ကောင်တီ West Yorkshire က ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ ကယ်မစောင့်ရှောက်သူနတ်အဖြစ် အမည်တွင်နေပါတယ်။ ဘာလို့လဲဆိုရင် အဲဒီကောင်လေးက ရေနစ်နေတဲ့ လမ်းလျှောက်ခါစကလေးလေးကို တူးမြောင်းအတွင်း ခုန်ချပြီး ကယ်တင်ခဲ့လို့ပါပဲ။ အသက် (၁၅) နှစ်အရွယ်သာ ရှိသေးတဲ့ ရိုင်လေ ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူ့ရဲ့ခွေးလေး (၂) ကောင်နဲ့ လမ်းလျှောက်နေတဲ့အချိန် အဖော်မပါတဲ့ကလေးလေးတစ်ယောက် တူးမြောင်းထဲပြုတ်ကျနေတာကို မြင်တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ သူလည်း ကုတ်အင်္ကျီ၊ ဖိနပ်တွေကို ချွတ်ပြီး (၁၅) လအရွယ် ရက်ဂီကို ကယ်တင်ဖို့ တူးမြောင်းထဲ ခုန်ချခဲ့ပါတယ်။

ရိုင်လေက သူ ခုန်ချဖို့ကို နှစ်ကြိမ်လောက်တောင် မစဉ်းစားခဲ့ဘူးလို့ ပြောပါတယ်။ “ကျွန်တော် အဲ့နားမှာ ရှိနေခဲ့ပြီး အချိန်မီသူ့ကို ကယ်တင်နိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ကလေးလေး ရေထဲကျနေတာမြင်တော့ စဉ်းစားဖို့ အချိန်တောင်မရှိပါဘူး။ ကျွန်တော် ဖိနပ်နဲ့ ကုတ်အင်္ကျီကို ချွတ်ပြီး ဒိုင်ဗင်ထိုးချခဲ့တာပါ။ အရာအားလုံးက စက္ကန့်အနည်းငယ်လေးနဲ့ ဖြစ်ပျက်ခဲ့တာပါ။ ကျွန်တော် တူးမြောင်းအောက်ခြေရောက်တော့ သူ့ကို ဖမ်းဆွဲနိုင်ခဲ့ပါတယ်။ ကျွန်တော် အတော်လေးတည်ငြိမ်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမဲ့ ရေက အရမ်းအေးပြီး ကျွန်တော့်နှလုံးက မြန်နေပါတယ်။ နောက်ဆုံးမှာတော့ ကလေးလေး အဆင်ပြေပါတယ်။ ကျွန်တော်သာ အဲနားမှာမရှိရင် စက္ကန့် (၃၀) လောက် နောက်ကျပြီးမှ လမ်းလျှောက်ခဲ့ရင် ကလေးလေး သေဆုံးနိုင်ပါတယ်” လို့ ရိုင်လေက ပြောပါတယ်။

ရိုင်လေက ရေထဲမှာ ကလေးလေးကို ကိုင်ထားပြီး အကူအညီအော်တောင်းခဲ့ပါတယ်။ ဖြတ်သွားတဲ့အမျိုးသား (၂) ဦးက ပြေးလာခဲ့ပါတယ်။ အဲဒီအမျိုးသားတွေ ထွက်သွားတဲ့အခါမှာ ကြောက်လန့်နေတဲ့ ရက်ဂီက ငိုခဲ့ပါတယ်။ အဲဒါကြောင့် ရိုင်လေက “မစိုးရိမ်ပါနဲ့။ မင်းနား ငါရှိပါတယ်” လို့ ပြောပြီး စိတ်တည်ငြိမ်သွားအောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရက်ဂီရဲ့ မိခင် ရေဗက္ကာဟန်တန်ကတော့ ရိုင်လေ ကယ်တင်ပြီးတဲ့နောက်မှာ သူ့သားနဲ့ တွေ့ဆုံခဲ့ကြပြီး သူ ဥယျာဉ်ထဲရောက်နေတုန်း ရက်ဂီကို အိမ်ထဲမှာ ရှိနေတယ်လို့ပဲ ထင်ခဲ့တာလို့ ပြောပါတယ်။ တူးမြောင်းက ရေဗက္ကာတို့ရဲ့ အိမ်နောက်ဘက်မှာရှိတာဖြစ်ပါတယ်။

“ရိုင်လေက ကျွန်မရဲ့သားနဲ့ ကျွန်မရဲ့ဘဝကို ကယ်တင်ခဲ့တဲ့အတွက် ကျွန်မတို့ရဲ့အစောင့်အရှောက်နတ်ဖြစ်တယ်လို့ ကျွန်မ ပြောနေတာပါ။ ရိုင်လေက ဘယ်သူဆိုတာနဲ့ သူ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို ရက်ဂီသိပြီး ကြီးပြင်းသွားရမှာပါ။ သူက ကျွန်မတို့ရဲ့စူပါဟီးရိုးပါပဲ။ အိမ်နီးနားချင်းတစ်ဦးက ကျွန်မအိမ်ကို ပြေးလာပြီး ရက်ဂီက တူးမြောင်းထဲမှာလို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်မအတွက် ကမ္ဘာကြီး ရပ်တန့်သွားခဲ့ပါတယ်။ ကျွန်မ တော်တော်လေး ထိတ်လန့်သွားခဲ့ပါတယ်။ ကျွန်မရဲ့ ကလေးကို မြင်လိုက်တဲ့အခါမှာ ကျွန်မ ဘယ်လောက် သက်သာရာရခဲ့လဲဆိုတာ ပြောမပြတတ်လောက်အောင်ပါပဲ။ ကျွန်မ ရိုင်လေကို ကျေးဇူးတင်စကားပြောရုံနဲ့ မလုံလောက်ပါဘူး။ သူ့ကို ပိုက်ဆံတချို့နဲ့ ကတ်တစ်ခုကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ပိုက်ဆံက ကျွန်မအတွက် သူ လုပ်ပေးခဲ့တဲ့အရာကို ဖုံးသွားနိုင်မှာမဟုတ်ပါဘူး” လို့ ရေဗက္ကာက ပြောပါတယ်။

ရိုင်လေရဲ့အကြောင်းကို သိသွားခဲ့တဲ့သူတွေက ရိုင်လေအတွက် ရန်ပုံငွေရှာပေးဖို့အတွက် Gofundme ပေ့ချ်ကို ထောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်ဟီးရိုးလေးက ပိုက်ဆံယူဖို့ ငြင်းဆိုခဲ့ပြီး အဲဒီအစား ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို လှူဒါန်းပေးဖို့ လူတွေကို တောင်းဆိုခဲ့ပါတယ်။ ရေဗက္ကာကလည်း သူ့သားကို ကယ်တင်ပေးခဲ့တဲ့အတွက် ရိုင်လေကို Pride of Britain Award ဆုကို ပေးဖို့အတွက် ကန်ပိန်းတစ်ခုကို လုပ်ဆောင်ထားပါတယ်။

Ref: Teenage Hero Saves Toddler From Drowning In Canal

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top