ဗြိတိန်နိုင်ငံရဲ့အသက်အငယ်ဆုံးလမ်းပြခွေးလေးကျင့်ပေးသူဖြစ်လာခဲ့တဲ့ ဆယ်ကျော်သက်

13-7-2022-12.jpg

အသက် ၁၉ နှစ် အရွယ် တိရစ္ဆာန်ချစ်သူလေး ရိုဝီနာ စမစ်ဟာ ဗြိတိန်မှာ အသက်အငယ်ဆုံးလမ်းပြခွေးလေးကျင့်ပေးသူဖြစ်လာခဲ့ပါတယ်။ သူက (၁၃) ပတ်သား အနက်ရောင်လာဘရာဒေါ ခွေးပေါက်လေးကို လမ်းပြခွေးဖြစ်လာဖို့ လေ့ကျင့်ပေးမှာပါ။

ရိုဝီနာက သူ့မိခင် ရှီလာချ် ကာရီရဲ့အကူအညီနဲ့ လီလီဆိုတဲ့ အဲဒီခွေးလေးကို ပြုစုစောင့်ရှောက်ဖို့ စေတနာ့ဝန်ထမ်းလုပ်ခဲ့တာပါ။ ရိုဝီနာတို့သားအမိက ခွေးလေးကို (၁) နှစ်လောက် မွေးထားပြီး မျက်မမြင်တွေအတွက် လမ်းပြခွေးတစ်ကောင်ဖြစ်လာဖို့ လေ့ကျင့်ပေးသွားရမှာပါ။

အသက်အငယ်ဆုံးလမ်းပြခွေးလေးကျင့်ပေးသူ ရိုဝီနာ စမစ်နဲ့ ခွေးလေး လီလီ

ရိုဝီနာက လီလီ ကို Guide Dogs for the Blind Association အဖွဲ့အစည်းဆီ ပြန်မပေးခင် အခြေခံအမိန့်နဲ့ ညွှန်ကြားချက်တွေကို သင်ကြားပေးရမှာပါ။ အဲဒါမှ အဖွဲ့အစည်းက နောက်ထပ်လိုအပ်တာတွေ သင်ကြားပေးပြီး လီလီကို ပိုင်ရှင်ဖြစ်လာမယ့်သူနဲ့ တွဲပေးနိုင်မှာဖြစ်ပါတယ်။ ရိုဝီနာက သူ့အမေနဲ့အတူ လုပ်နိုင်ဖို့ စေတနာ့ဝန်ထမ်းအဖြစ် အဖွဲ့ထဲဝင်ခဲ့တာပါ။ သူ အပြင်သွားတဲ့အခါ အိမ်မှာ သူ့အမေ (ဒါမှမဟုတ်) သူ့အဖေ ရှိနေမှာမို့ ခွေးလေးကို ပြုစုစောင့်ရှောက်ရတာ ပိုအဆင်ပြေစေမှာဖြစ်တဲ့အတွက်ကြောင့်ပါ။

လီလီက ရိုဝီနာတို့မိသားစုနဲ့အတူ အချိန်ဖြုန်းရတာ ကြိုက်နှစ်သက်လို့ ရိုဝီနာက ပြောပါတယ်။ ရိုဝီနာတို့မိသားစုမှာ ကြက်တွေ၊ သိုးတွေရှိတဲ့အတွက် လီလီက သူတို့တွေနဲ့နေရတာလည်း သဘောကျပါတယ်။ လီလီက သိုးတွေကို ရိုဝီနာရဲ့အမေ အစာကျွေးတာကြည့်နေတာကိုလည်း သဘောကျနေတာပါ။

ရိုဝီနာ လေ့ကျင့်သင်ကြားပေးမယ့် ခွေးပေါက်လေး လီလီ

ရိုဝီနာ လမ်းပြခွေးလေ့ကျင့်ပေးတဲ့စေတနာ့ဝန်ထမ်းလုပ်နေတာကို သူ့ရဲ့သူငယ်ချင်းတွေက မအံ့ဩကြပါဘူး။ သူက အမြဲတမ်း ခွေးတွေနဲ့ပတ်သက်တဲ့အလုပ်တွေ လုပ်နေတဲ့အတွက်ကြောင့်ပါ။ ဒီအလုပ်လုပ်တာကို သူ့သူငယ်ချင်းတွေက သဘောကျပြီး ဒါက ကောင်းတဲ့အရာတစ်ခုဖြစ်တယ်လို့ ထင်ကြပါတယ်။

လီလီကို ပြန်ပေးရတဲ့အချိန်ကျ ရိုဝီနာအတွက် ခက်ခဲလိမ့်မယ်လို့ တချို့က ပြောကြပါတယ်။ ရိုဝီနာကတော့ အဆင်ပြေမှာပါလို့ ပြောပါတယ်။ အစကတည်းက ခွေးလေးကို အမြဲခေါ်ထားလို့မရဘူးဆိုတာ သိထားလို့ပါတဲ့။

ရိုဝီနာက စွတ်ဖားခွေးတွေနဲ့ ဟတ်စကီခွေးတွေနဲ့အတူ အလုပ်လုပ်ရင်း ဖင်လန်နိုင်ငံကို ရောက်ဖူးပါတယ်။ အခုနှစ်ဆောင်းရာသီမှာ သူက အဲဒီကို ပြန်သွားဖို့ စီစဉ်ထားပါတယ်။ အဲဒီအချိန် သူမရှိတဲ့အခါ လီလီကို သူ့အမေက စောင့်ရှောက်ပြီး လေ့ကျင့်သင်ကြားပေးသွားမှာပါ။

Ref: Metro “Teen becomes Britain’s youngest guide dog trainer at 19”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top