မြန်မာနိုင်ငံမှာ လူဦးရေ (၁.၂) သန်း အလုပ်လက်မဲ့ဖြစ်နေ

wcms_814785.jpg

ရန်ကုန်၊ ဇူလိုင် (၃၁)

၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်အတွင်းမှာ မြန်မာနိုင်ငံက လူဦးရေ (၁.၂) သန်း အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်ချိန်နဲ့ အလုပ်လက်မဲ့ဖြစ်မှုတွေကိုကြည့်မယ်ဆိုရင် အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေအပေါ်မှာ ပိုပြီးသက်ရောက်မှုရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) ရဲ့  အစီရင်ခံစာ ဖော်ပြချက်အရ သိရပါတယ်။

“ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရလဒ်အဖြစ်၊  မြန်မာနိုင်ငံဟာ အလုပ်အကိုင်ရှားပါတဲ့ စီးပွားရေးဖိစီးမှုဒဏ်ကို ရင်ဆိုင် နေရတယ်။ အသက်မွေးမှုလုပ်ငန်းတွေကလဲ ခြိမ်းခြောက်မှုအောက်ရောက်နေတယ်။ ဒါပေမဲ့ အခု ခန့်မှန်းတွက်ချက်မှုက ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ အလုပ်အကိုင်တွေက ပြင်းပြင်းထန်ထန်နဲ့ လျင်လျင်မြန်မြန် ပိုဆိုးဝါးလာပြီး မြန်မာနိုင်ငံကို အလွန်အမင်းဆင်းရဲနွမ်းပါးသွားအောင် တွန်းပို့သွားနိုင်တယ်ဆိုတာကို ပြသနေပါတယ်” လို့ မြန်မာနိုင်ငံ ILO ရဲ့ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ ကိုယ်စားလှယ် Mr Donglin Li က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံအတွင်းက လုပ်သားဈေးကွက်အခြအနေဟာ သိသိသာသာ ဆိုးရွားလာနေတာဖြစ်ပြီး စီးပွားရေးလုပ်ငန်း ကဏ္ဍအားလုံး ရိုက်ခတ်ခံနေရပေမယ့် အဲ့ဒီထဲမှာ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်း နဲ့ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေဟာ အထိအနာဆုံးလုပ်ငန်းတွေထဲမှာ ပါဝင်နေပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ အဲ့ဒီလုပ်ငန်းတွေရဲ့ အလုပ်အကိုင်ဟာ ခန့်မှန်းခြေ (၃၅) ရာခိုင်နှုန်း၊ (၃၁) ရာခိုင်နှုန်း နဲ့ (၂၅) ရာခိုင်နှုန်းတွေကို အသီးသီးလျော့ကျ သွားခဲ့ပြီး သက်ဆိုင်ရာအလုပ်လုပ်ချိန်တွေ ပိုမိုဆုံးရှုံးသွားတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

Photo- အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top