အောင်လအန်ဆန်ကို အောင်မြင်မှုများရအောင် ပံ့ပိုးပေးနေသည့် Hard Knocks 365

yyl-31-021.jpg

ONE Championship ၏ လက်ရှိ တစ်ဦးတည်းသော ဝိတ်တန်းနှစ်ခု ချန်ပီယံနှင့် မြန်မာတို့၏ အမျိုးသား သူရဲကောင်း “မြန်မာစပါးအုံး” အောင်လအန်ဆန်သည် လတ်တလောတွင် အမေရိကန် နိုင်ငံမှ Hard Knocks 365 အားကစားရုံတွင် လေ့ကျင့်နေသူ ဖြစ်သည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ စတင်ကာ အဆိုပါ အားကစားရုံတွင် လေ့ကျင့်ခဲ့ပြီး နာမည်ကျော် နည်းပြကြီး Henri Hooft ၏ သင်ကြားပြသမှုအောက်တွင် တစ်ပွဲထက် တစ်ပွဲ သိသိသာသာ လက်စွမ်း ပိုကောင်း လာနေကြောင်း ပရိသတ်များ သတိထား မိခဲ့ကြသည်။

Hard Knocks 365 ဆိုတာ ဘာလဲ

အမေရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ ဖို့တ်လောက်ဒါဒေး မြို့တွင် တည်ရှိသော Hard Knocks 365 အားကစားရုံသည် ကိုယ်ခံပညာ အားကစားနှင့် အခြား အားကစား များကို အထူးပြု လေ့ကျင့်ပေးသည့် နေရာတစ်ခု ဖြစ်သည်။ အဆိုပါ အားကစားရုံကို ကြီးကြပ်နေသူ များမှာ NFL နည်းပြဟောင်း Tony Villani၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမားဟောင်းကြီး Mario Sperry၊ နာမည်ကြီး ကိုယ်ခံပညာ အားကစား နည်းပြကြီး Henri Hooft နှင့် အမေရိကန် နပမ်းသမားဟောင်း Greg Jones တို့ ဖြစ်ကြသည်။ Hard Knocks 365 ကို ဖလော်ရီဒါ ပြည်နယ်တွင် သာမက အမေရိကန် တစ်နိုင်ငံလုံးတွင်ပါ အကောင်းဆုံး အားကစားရုံများထဲမှ တစ်ခုဟု သတ်မှတ် ကြသည်။

အဆိုပါ အားကစားရုံတွင် လာရောက်လေ့ကျင့်နေသူများထဲတွင် ပြိုင်ပွဲအသီးသီး၌ အောင်မြင်ကျော်ကြားနေကြသည့် နာမည်ကြီး အားကစား သမား အမြောက်အမြား ပါဝင်နေသည်။ ထင်ရှားသည့် ကစားသမား အချို့မှာ UFC ပြိုင်ပွဲ၏ လက်ရှိ ဝယ်တာဝိတ်တန်း ချန်ပီယံ Kamaru Usman၊ UFC ပြိုင်ပွဲသမိုင်း တစ်လျှောက် အရပ်အရှည်ဆုံး ကစားသမား Stefan Struve၊ ONE Championship ၏ ဖယ်သာဝိတ်တန်း ချန်ပီယံ Martin “The Situ-Asian” Nguyen နှင့်Bellator ပြိုင်ပွဲမှ ရှုံးပွဲမရှိ ပွဲတိုင်းနိုင် ကစားသမား Adam Borics စသူတို့ ဖြစ်ကြသည်။ ထို့ပြင် UFC နှင့် Bellator တို့မှ ချန်ပီယံ မဟုတ်သည့် အခြား နာမည်ကြီး ကစားသမား အများအပြားလည်း လေ့ကျင့် နေသည်။ ထို့ကြောင့် အောင်လအန်ဆန်သည် လက်စွမ်း ထက်မြက်သည့် လေ့ကျင့်ဖော် များနှင့်အတူ တွဲဖက် လေ့ကျင့်နေ ရသဖြင့် လက်စွမ်း တရိပ်ရိပ်တက်နေခြင်း ဟုလည်း ဆိုနိုင်သည်။

အောင်လအန်ဆန်နဲ့ ဘယ်လိုလက်တွဲမိခဲ့သလဲ

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက အောင်လအန်ဆန်သည် ၎င်း၏ ကစားသမားဘဝကို နောက်တစ်ဆင့် မြှင့်တင်ပေးနိုင်မည့် အားကစားရုံ တစ်ခုကို အသည်းအသန် လိုက်လံရှာဖွေနေခဲ့သည်။ ထိုစဉ်က ONE Championship တွင် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဖြစ်နေပြီ ဖြစ်သည့် အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်လုပွဲကစားရန် ရှိနေသလို ၎င်း၏ မစ်ဒယ်ဝိတ်ခါးပတ် အတွက်လည်း ကာကွယ်ရမည့် ပွဲများ ရှိနေသည်။ ထို့ကြောင့် ၎င်းကို ပိုမိုစနစ်ကျနစွာ လေ့ကျင့်ပေး နိုင်မည့် နည်းပြနှင့် အားကစားရုံကို ဖလော်ရီဒါ ပြည်နယ်အထိ သွားရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ဖလော်ရီဒါတွင် အောင်လအန်ဆန်၏ ပထမဦးတည်ချက်မှာ Hard Knocks 365 မဟုတ်သေးဘဲ UFC ကစားသမား အများစု အခြေစိုက်ရာ American Top Team အားကစားရုံ ဖြစ်ပြီး လက်ရှိအားကစားရုံနှင့် ကီလိုမီတာ အနည်းငယ်သာဝေးသည့် နေရာတွင် တည်ရှိသည်။ သို့သော် ယင်းအားကစားရုံနှင့် ချိတ်ဆက်ခြင်း မပြုရသေးမီ Hard Knocks 365 မှ နည်းပြ Henri Hooft နှင့် တွေ့ဆုံဆွေးနွေး ဖြစ်ခဲ့ပြီး နှစ်ဦးနှစ်ဘက် လိုလားချက်များ ညှိနှိုင်းအဆင်ပြေခဲ့သဖြင့် ယင်းအားကစားရုံကိုသာ ရွေးချယ်ဖြစ် ခဲ့ခြင်းဖြစ်သည်။

“အဲဒီမှာရှိတဲ့ လူတိုင်းက တစ်ယောက်ကို တစ်ယောက် ပိုကောင်းအောင် လုပ်ပေးနေကြတယ်။ သူတို့က တကယ့်ကို အတည်ကြီး လုပ်နေကြတာ။ ဒါကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအနေနဲ့ လုပ်နေတာ ဖြစ်လို့ ဒီလို ပတ်ဝန်းကျင်မျိုးကို ကျွန်တော် သဘောကျတယ်။ အဲဒီမှာ လေ့ကျင့်ရေးစခန်း နှစ်ကြိမ်ဝင်ပြီး ပထမဆုံး ပြိုင်တဲ့ ၂ ပွဲစလုံး ပြိုင်ဘက်ကို ဒိုင်ပွဲရပ်ဖြင့် အလဲထိုးနိုင်ခဲ့တယ်။ ဒါလောက်ဆို ကျွန်တော် ဘယ်လောက် ပိုကောင်းလာတယ် ဆိုတာ သိသာပါတယ်”ဟု အောင်လအန်ဆန်က ပြီးခဲ့သည့် နှစ်အတွင်းက ပြုလုပ်ခဲ့သည့် ONE Championship နှင့် အင်တာဗျုးတွင် ပြောပြခဲ့ဖူးသည်။

Hard Knocks 365 ကြောင့် ဘာတွေတိုးတက်သလဲ

အောင်လအန်ဆန်သည် Hard Knocks 365 သို့ စတင်ရောက်ရှိချိန်မှ စတင်ကာ ယခုအထိ ပွဲတိုင်းကို ဒိုင်ပွဲရပ်ဖြင့် အလဲထိုးရလဒ်ဖြင့် ဆက်တိုက် အနိုင်ယူခဲ့သည်ကို တွေ့ရသည်။ နောက်ဆုံး ကစားသည့်ပွဲတွင် ဟဲဗီးဝိတ်တန်းမှ ဆင်းကာ စိန်ခေါ်လာသည့် Brandon Vera ကိုပင် အလဲထိုးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အောင်လအန်ဆန်၏ လက်စွမ်း မည်မျှအထိ တိုးတက်လာသည်ကို မြင်သာစေသည်။ ယင်းအားကစားရုံသို့ မရောက်မီက ကစားခဲ့သည့် ONE Championship ပွဲပေါင်း ၇ ပွဲတွင် ၆ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ရှိခဲ့ပြီး အလဲထိုး နိုင်ပွဲတစ်ပွဲနှင့် မြေပြင်ချုပ်ကွက်ဖြင့် ၃ ပွဲ အနိုင်ရရှိသည်။ ထို့ပြင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကျစ်လစ်သန်မာမှု အပိုင်းတွင်လည်း ပြစ်ချက် မရှိအောင် ပြီးပြည့်စုံသည့် အနေအထား ရောက်အောင် ပြင်ဆင်နိုင်ခဲ့သည်။

“နည်းပြက ကျွန်တော့်ကို ယုံကြည်တယ်။ အခြေခံဆန်တဲ့ နည်းစနစ်တွေ သင်ပေးတယ်။ သူတို့က ကျွန်တော့်ကို အကွက်ဆန်းတွေ သိပ်ပြီး မသင်ပါဘူး။ ရိုးရိုးလေးနဲ့ တကယ် အသုံးဝင် ထိရောက်တဲ့ အကွက်တွေကိုပဲ သင်ပေးတာပါ။ ကျွန်တော့် မြေပြင် နပမ်းပညာမှာ အားနည်းချက်တွေ ရှိတယ်။ ဒါတွေကို Greg Jones နဲ့ Kenny Monday တို့လို အရမ်းအဆင့်မြင့်တဲ့ နပမ်းဆရာကြီးတွေနဲ့ သေချာ ပြန်သင်ပေးတယ်။ သူတို့နဲ့ တွဲလုပ်ရင်း ကျွန်တော့် နပမ်းပညာ ပိုကောင်းလာတယ်။ Henri Hooft က Kickboxing နဲ့ မတ်တပ်ရပ် တိုက်ခိုက်မှု အပိုင်းကို ရိုးရိုးလေး သင်ပေးတယ်။ ဒါပေမယ့် အဲဒါက အရမ်းထိရောက်ပြီး ကျွန်တော်နဲ့ အလုပ်ဖြစ်တယ်” ဟု အောင်လအန်ဆန်က ပြောပြခဲ့သည်။

ခြင်္သေ့တွေ ကြားက ခြင်္သေ့

အောင်လအန်ဆန်နှင့် Hard Knocks 365 တွင် အတူလေ့ကျင့်နေသည့် Martin Nguyen ပြောဖူးသည့် ဆိုရိုးစကား တစ်ခွန်း ရှိသည်။ ယင်းမှာ “ခြင်္သေ့ ဖြစ်ချင်ရင် ခြင်္သေ့တွေနဲ့ အတူလေ့ကျင့်ရတယ်”ဟူသည့် စကားဖြစ်ပြီး အဆိုပါ ဆိုရိုးစကားက အောင်လအန်ဆန် နှင့်လည်း တိုက်ဆိုင်နေသည်ဟု ဆိုရမည် ဖြစ်သည်။ ယခင် အားကစားရုံဟောင်းတွင် နည်းစနစ်အသစ်များ သင်ယူနိုင်မှုနှင့် စနစ်တကျ လေ့ကျင့် ညွှန်ကြားပေးမှုများ အားနည်းခဲ့သည့် အောင်လအန်ဆန်သည် ပွဲပေါင်း ၃၂ ပွဲ ကစားအပြီးတွင် ၁ဝ ပွဲအထိ ရှုံးနိမ့်ခဲ့သဖြင့် ၆ဝ ရာခိုင်နှုန်းသာ အောင်မြင်မှု ရှိခဲ့သည်။ Hark Knocks 365 တွင် လေ့ကျင့်သည့် နောက်ပိုင်း ၅ ပွဲဆက် အနိုင်ရကာ ရာနှုန်းပြည့် အနိုင် ရလဒ်ဖြင့် ချီတက်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် အောင်လအန်ဆန်သည် ၎င်း၏ မိသားစုကိုပင် ဖလော်ရီဒါသို့ ပြောင်းရွှေ့ နေထိုင်စေကာ လေ့ကျင့်မှုများထဲ အာရုံစိုက်၍ ကောင်းသည်ထက် ကောင်းအောင် ပြင်ဆင်နေသည်ကို တွေ့ရသည်။ ထိုသို့ မိသားစုနှင့်အတူ နေထိုင်ကာ လေ့ကျင့်ခြင်းက ၎င်း၏ လက်စွမ်း ပိုကောင်းလာစေရန် အထောက်အကူ တစ်ခုဖြစ်သည်ဟုပင် အောင်လအန်ဆန်က ပြောပြခဲ့ဖူးသည်။

“လေ့ကျင့်ရေးစခန်း ဝင်နေတဲ့အချိန်မှာ မိသားစုနဲ့ ခွဲနေရတော့ ကောင်းကောင်း အိပ်မပျော်ဘူးဗျ။ ကျန်ခဲ့တဲ့ ဇနီးသည်နဲ့ လူမမယ် သားငယ်လေးကို လွမ်းနေရတာ။ ဒါကြောင့် သူတို့ကို ဒီခေါ်ပြီး ပြောင်းနေခိုင်းလိုက်မှ အချိန်ပြည့် တစ်နှစ်လုံး လေ့ကျင့်နိုင် သွားတာ။ လေ့ကျင့်ရေးက ပြန်လာတဲ့အချိန် ဇနီးနဲ့ သားရဲ့ မျက်နှာကို မြင်ရတယ်။ သူတို့နဲ့အတူ ညစာစားရတယ်။ အတူ အိပ်ယာဝင်ရတယ်။ ဒါလေးတွေက ဘာမှမဆန်းပေမယ့် ကျွန်တော့်အတွက်တော့ ဘဝရဲ့ စည်းစိမ်တွေ ပါပဲ” ဟု အောင်လအန်ဆန်က ဆိုခဲ့သည်။

အောင်လအန်ဆန်၏ လက်တွဲခေါ်မှု

အောင်လအန်ဆန်သည် အကောင်းဆုံးများကို ရရှိသည့်အခါ အပေါင်းအသင်း များနှင့် မျှဝေတတ်သူ တစ်ဦးဖြစ်သည်။ အောင်လအန်ဆန်သည် ONE Championship မှ ကစားဖော် မိတ်ဆွေ Martin Nguyen ကို Hard Knock 365 သို့ ခေါ်ယူကာ ၎င်းနှင့်အတူ လေ့ကျင့်ရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် Nguyen သည် သြစတြေးလျမှ ပြောင်းရွှေ့လာကာ ယင်းအားကစားရုံတွင် လာရောက် လေ့ကျင့်နေပြီ ဖြစ်သည်။

အောင်လအန်ဆန် လက်တွဲခေါ် ခဲ့သည့် နောက်ထပ် ကစားသမား တစ်ဦးမှာ “Dragon Leg” တီရဲလ်ထန် ဖြစ်သည်။ ၎င်းကဲ့သို့ မြန်မာပြည်ဖွား အားကစား သမားတစ်ယောက် ဖြစ်သည့် တီရဲလ်ထန်ကို အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာစေရန် Hard Knock 365 သို့ လာရောက် လေ့ကျင့်စေပြီး အနီးကပ် လမ်းညွှန်မှုများ ပြုလုပ်ပေး နေကြောင်း တွေ့ရသည်။

“ဒီမှာရှိတဲ့သူတွေ တစ်အုပ်စုလုံးက ကျွန်တော်နဲ့ ချက်ချင်းကို မိတ်ဆွေ ဖြစ်သွားကြတယ်။ သူတို့နဲ့ ဆိုရင် ကျွန်တော် ပိုကောင်းလာမယ် ဆိုတာ ကောင်းကောင်းသိတယ်။ သူတို့က အဆင့်မြင့် ကစားသမားတွေ ဖြစ်ပြီး ကျွန်တော့်ကို အမြဲတမ်း ကူညီဖို့ အသင့်ဖြစ်နေသလို အမြဲလည်း တွန်းအားပေး နေကြတယ်။ ဒါက ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေမှာပါ။ ဒါဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် ကျတဲ့ ကိုယ်ခံပညာ အားကစား ခန်းမပါပဲ။ ဒီလေ့ကျင့်ရေးတွေက ကျွန်တော့်ကို နောက်တစ်ဆင့် ခေါ်သွားလိမ့်မယ်”ဟု အောင်လအန်ဆန်က ယုံကြည်စွာ ပြောခဲ့သည်။

ONE : Master of Fate ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Mall Of Asia Arena အားကစားကွင်းတွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်းပေါင်း ၁၄ဆိုင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top