ဝေဖန်သံတွေကို တိုးတိတ်စေပြီး လက်ခုပ်သံတွေ ဆူညံစေခဲ့သူ ဖိုးသော်

Phoe-Thaw-DA-4782.jpg

အောင်မြင်မှုတစ်ခု၏ နောက်ကွယ်တွင် မြောက်များစွာသော ဝမ်းနည်းဖွယ် စိတ်ပျက်ဖွယ်ဇာတ်လမ်းများရှိပေသည်။ ONE Championship တွင် ၈ ပွဲထိ အနိုင်ပွဲရရှိထားပြီး လက်ရှိ ONE ဖယ်သာဝိတ်တန်း ပြိုင်ပွဲတွင် ၈၈ ရာခိုင်နှုန်းအထိ အလဲထိုး၊ ဒိုင်ပွဲရပ် စံချိန်ရရှိထားသူ ဖိုးသော်သည် တစ်ချိန်တစ်ခါက ၎င်းကို ကိုယ်ခံပညာ အားကစားလောကတွင် အောင်မြင်မှုရလိမ့်မည်မဟုတ်ဟု လူအများ၏ ထင်ကြေးပေးခံခဲ့ရသူဖြစ်သည်။

အသက်အရွယ် ကြီးရင့်မှ ကိုယ်ခံပညာ အားကစားလောကကို ဝင်ရောက်လာမှုသည် ဖိုးသော်၏ ရူးမိုက်သော စိတ်ကူးယဉ်ဆန်သည့် အိပ်မက်တစ်ခုသာ ဖြစ်သည်ဟု ၎င်းကို လူတချို့က ကဲ့ရဲခဲ့ကြသည်။ သို့သော် ထိုသူတို့သည် ကမ္ဘာပေါ်၌ ဖြစ်ပေါ်လာသည့် ခမ်းနားသည့် အောင်မြင်မှုတိုင်းသည် ၎င်းတို့၏ စိတ်ကူးယဉ်ဆန်သည့် အိပ်မက်မှ ဖြစ်တည်လာသည်ကို မေ့လျော့နေဟန်ရှိသည်။

မြန်မာ့ရိုးရာ လက်ဝှေ့လောကကို ၂၀၁၄ ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့သည့် ဖိုးသော်အတွက် အခက်အခဲပေါင်း မြောက်များစွာက စတင်ဆီးကြိုနေခဲ့သည်။

“ဒီအရွယ်ကြီးရောက်တော့မှ ရိုးရာလက်ဝှေ့စသင်ဖို့ဆိုတာ အရူးထတာပဲ။ ဖြစ်မလာနိုင်ဘူး ဆက်လုပ်မနေနဲ့တော့ အချိန်ကုန်တယ်” ဆိုသည့် ဝေဖန်သံများသည် ဖိုးသော်ကို စိတ်ပိုင်းဆိုင်ရာအရ များစွာ ထိုးနက်ခံခဲ့ရသည်။

အသက်အရွယ်ပိုင်းအရ ရိုးရာလက်ဝှေ့ပွဲ စီစဉ်သူများသည် ဖိုးသော်ကို ကြိုက်နှစ်သက်ခြင်းမရှိပေ။ ထိုကြောင့် ဖိုးသော်သည် အတန်အကြာအထိ ပွဲမပြိုင်ရဘဲ ဖြစ်ခဲ့သည်။ မျိုးဆက်သစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားသော်လည်း အသက်အရွယ် ကြီးရင့်သူ တစ်ဦးဖြစ်သဖြင့် အစပိုင်းတွင် ယှဉ်ပြိုင်ခွင့် မရခဲ့ပေ။

“ကျွန်တော် ပြိုင်ဖို့ဆိုပြီး စီစဉ်ပေးခဲ့တဲ့ ပွဲအတော်များများဟာ ပျက်တာများတယ်။ အသက်အရွယ်အရ ကျွန်တော့်ကို ပွဲမပေးကြဘူး။ နောက်ပြီး မျိုးဆက်သစ်ပွဲတွေမှာလည်း အကောင်ကြီးနေတာကြောင့် ပွဲမရပြန်ဘူး။ အထူးသဖြင့် အဲဒီအချိန်တုန်း လူတွေရဲ့ ယုံကြည်မှုကိုလည်း ကျွန်တော်မရသေးဘူးပေါ့” ဟု ဖိုးသော်က ၎င်း၏ အတိတ် အခက်အခဲများကို ပြောပြခဲ့သည်။

သို့သော် ဖိုးသော်ကို မယုံကြည်သူများ တစ်ကမ္ဘာလောက်ပင်ရှိစေကာမူ ဖိုးသော်ကို အပြည့်အဝ ယုံကြည်ပေးပြီး စိတ်ဓာတ်ကျဆင်းနေသော ၎င်းကို အဆက်မပြတ် အားပေးခဲ့သူတစ်ဦးတော့ ရှိသေးသည်။ ၎င်း၏ အားပေးမှုများကြောင့်ပင် ဖိုးသော်သည် ONE Championship နှင့်အတူ အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသူမှာ အဖြူရောင်သွေးသစ်ကလပ်အသင်း၏ နည်းပြဆရာ ဦးအောင်ပွဲမောင်ပင်ဖြစ်သည်။

“ကျွန်တော့်ကို လက်ရှိနေရာအထိ ရောက်အောင် လမ်းကြောင်းပေါ် တွန်းတင်ပေးခဲ့တာ ဆရာအောင်ပွဲမောင်ပါ။ ကျွန်တော့်ကို လုံးဝ ယုံကြည်ပြီးတော့ ကျွန်တော်ရဲ့ ဖြစ်ချင်တဲ့ စိတ်ကို မြင်အောင်ကြည့်ပြီးတော့ အားပေးခဲ့တယ်။ အဲ့အချိန်တုန်းက ဆရာကလွဲလို့ ကျွန်တော်မှာ ယုံကြည်တဲ့သူ အားပေးတဲ့သူ မရှိခဲ့ဘူး။ ဆရာက မင်းဖြစ်ချင်တဲ့ စိတ်တစ်ခုရှိရင် ဖြစ်ကိုဖြစ်ရယ်ဆိုပြီး အားပေးခဲ့တယ်။ သင်ကြားပြသပေးခဲ့လို့ ဒီနေ့မှာ ဖိုးသော်ဆိုပြီး လူတွေသိလာကြတာပါ” ဟု ၎င်းက ရင်ဖွင့်ခဲ့သည်။

ဖိုးသော်သည် ပထမဆုံးသော ပွဲဦးထွက် ရိုးရာလက်ဝှေ့ပွဲအဖြစ် ၎င်းထက် ကိုယ်ခန္ဓာပိုမိုထွားကြိုင်း သာလွန်လှသည့် ဂျာမနီနိုင်ငံသား စောနီကိုး (မြန်မာအမည်) နှင့် ယှဉ်ပြိုင်ခဲ့ရသည်။

“ကျွန်တော်ပထမဆုံး ရိုးရာလက်ဝှေ့ ပွဲဦးထွက်မှာ နိုင်ငံခြားသားစောနီကိုးနဲ့ ၄ချီပွဲပါ။ ကျွန်တော်နဲ့ထိုးရမယ့် နိုင်ငံခြားသားက ကျွန်တော့်ထက် အကောင်လည်းကြီးတယ်။ အရပ်လည်းပိုမြင့်တယ်။ ကီလိုလည်း ကျွန်တော့်ထက်ပိုများနေတဲ့အတွက် ဝိတ်မမျှလို့ မထိုးခိုင်းတော့ဘူး ပွဲပျက်တယ်ဆိုပြီး ကျွန်တော့်ဆရာက ပြောတယ်။” ဟု ၎င်း၏ ပွဲဦးထွက်ပွဲ ပျက်လုပျက်ခင်အဖြစ်အပျက်ကို ဖိုးသော်က ပြန်ပြောပြသည်။

ဖိုးသော်သည် ပွဲပျက်မည်စိုးရိမ်သဖြင့် ပွဲစီစဉ်သူများကို ညှိနှိူင်းပြီး ပြိုင်ဘက်စောနီကိုးသည် မိမိထက်ဝိတ်များနေသော်လည်း ပွဲကိုဆက်လက်ယှဉ်ပြိုင်ခွင့်ပြုရန် တောင်းဆိုပြီး ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော် ၎င်းနှင့် ပြိုင်ဘက်၏ ခန္ဓာကိုယ် ဝိတ်မမျှသည့်အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး အနည်းဆုံး သရေပွဲရအောင် ယှဉ်ပြိုင်ခဲ့ရသည်။

တစ်နေ့တွင် ဖိုးသော်အတွက် အလွန်ကြီးမားသော အခွင့်အလမ်းတစ်ခု ရောက်ရှိလာခဲ့သည်။ ONE Championship သည် မြန်မာရိုးရာ လက်ဝှေ့ ကစားသမားများထဲမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို စိတ်ပါဝင်စားသူများက ရှာဖွေနေသည်။ ၎င်း၏ ဆရာဖြစ်သူ ဦးအောင်ပွဲမောင်က ဖိုးသော်ကို ပွဲတစ်ပွဲထိုးရန် စီစဉ်ထားကြောင်းပြောကြားခဲ့သည်။ ထိုအချိန်တွင် ဖိုးသော်သည် ONE Championship တွင် ဝင်ရောက် ကစားရမည်ကို မသိရှိသေးပေ။

“ကျွန်တော်ပွဲနည်းနည်း ဝေးသွားတာကြောင့် ဆရာ့ဆီမှာ ပွဲလေးဘာလေးမရှိဘူးလားဆိုပြီး ချိတ်ပေးဖို့ပြောတာပေါ့။ အဲ့အချိန်မှာ ဆရာက ကျွန်တော်ကို မင်းပွဲတစ်ပွဲထိုးရမယ်ဆိုပြီးပြောလာတာ။ အဲ့တုန်းက ONE Championship မှာ ကစားရမယ်မှန်း လုံးဝ မသိသေးဘူး” ဟု ဖိုးသော်က ဆိုသည်။

ဖိုးသော်သည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ONE Championship ပွဲဦးထွက်အဖြစ် ONE: Kingdom of Warriors ပြိုင်ပွဲတွင် ပြည်တွင်းပြိုင်ဘက် ကြယ်စင်ထူးကို ပထမအချီတွင် အနိုင်ရရှိခဲ့သည်။ လက်ရှိအချိန်တွင် ဖိုးသော်သည် ONE: Championship နှင့်အတူ ၉ ပွဲ ကစားထားပြီး ၈ ပွဲ အနိုင်ရရှိထားကာ ရှုံးပွဲတစ်ပွဲသာရှိသည်။ အနိုင်ရရှိထားသော ၈ ပွဲတွင် စောဘဦးနှင့် ယှဉ်ပြိုင်ခဲ့သည့် ONE: Hero’s Dream ပြိုင်ပွဲတစ်ပွဲသာ ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိထားသည်။ ထို့ကြောင့် ONE ဖယ်သာဝိတ်တန်း၏ အလဲထိုး၊ ဒိုင်ပွဲရပ် အနိုင်ရရှိသည့် အများဆုံး ကစားသမားစာရင်းတွင် မှတ်တမ်းတင်ခံထားရခြင်းဖြစ်သည်။

ဖိုးသော်၏ ကြိုးစားအားထုတ်မှုကြောင့် တစ်ချိန်က ၎င်းရင်ဆိုင်ခဲ့ရသည့် ဝေဖန်ကဲ့ရဲ့သံများသည် ပျောက်ကွယ်သွားခဲ့ပြီး အားကစားကွင်းအတွင်း မြန်မာ့ဂုဏ်ဆောင် ကိုယ်ခံပညာအားကစားသမားတစ်ဦးအဖြစ် အားလုံး၏ အားပေးမှုကို ရရှိနေပြီဖြစ်သည်။ ယခုအချိန်တွင်မူ “ဖိုးသော် . . . ဖိုးသော်” ဆိုသည့် အားပေးသံများသည် အားကစားရုံကြီးတစ်ခုလုံး လျှံထွက်သွားစေလောက်အောင် ကျယ်လောင်လျက်ရှိပြီး၊ တစ်ချိန်က ဝေဖန်ကဲ့ရဲသံများသည် ဘုရားပွဲတော်အတွင်းက အပ်ကျသံကဲ့သို့ တိုးတိတ်သွားလေပြီဖြစ်သည်။

အောင်တိုဘာလ ၁၃ ရက်နေ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ONE: Century I တွင် ဖိုးသော်သည် ရှုံးပွဲမရှိသေးသည့် တောင်ကိုရီးယားပြိုင်ဘက် Yoon Chang Min နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အခက်အခဲတိုင်းကို ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လတို့ဖြင့် ကျော်ဖြတ်လာခဲ့သည့် ဖိုးသော်သည် ယခုအကြိမ်တွင်လည်း အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မည်ဟု မြန်မာပရိသတ်များက ယုံကြည်လျက်ရှိသည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ကျင်လည်ကျက်စားလျက်ရှိသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top