မျက်စိ၊ နှာခေါင်းမပါတဲ့ကလေး မွေးဖွားလာလို့ ဆရာဝန်ကို တာဝန်မှဆိုင်းငံ့

yyl-001.jpg

မျက်စိ၊ နှာခေါင်းနဲ့ ဦးခေါင်းခွံ တစ်စိတ်တစ်ပိုင်းမပါဘဲ မွေးဖွားလာတဲ့ ကလေးငယ်ကြောင့် ပေါ်တူဂီနိုင်ငံသား သားဖွားဆရာဝန် တစ်ယောက်ကို တာဝန်ကနေ ဆိုင်းငံ့လိုက်ပါတယ်။ ကလေးငယ် ရိုဒရီဂိုကို အခုလအစောပိုင်းက မွေးဖွားခဲ့တာပါ။ ရိုဒရီဂိုရဲ့ မိဘတွေဟာ ပုဂ္ဂလိကဆေးရုံမှာ သားဖွားဆရာဝန် ကာဗယ်ဟိုနဲ့ ultrasound (၃)ကြိမ် ရိုက်ခဲ့ပေမဲ့ သူတို့ကလေး ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပုံမှန်မဟုတ်တာကို မမွေးရသေးခင်အချိန်အထိ မသိခဲ့ပါဘူး။

ဒေါက်တာကာဗယ်ဟိုက သန္ဓေသားရဲ့ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်စရာရှိတယ်လို့ မပြောခဲ့ဖူးပါဘူး။ ကလေးမိခင်က ကိုယ်ဝန်(၆)လသားအရွယ်မှာ တခြားဆေးရုံတစ်ခုကိုသွားပြီး အသေးစိတ်မြင်ရတဲ့ 5D ultrasound ရိုက်ခဲ့ပါတယ်။ အဲဒီလိုရိုက်ရာမှာ သန္ဓေသားအခြေအနေ ပုံမှန်မဟုတ်တာကို သတိထားမိခဲ့လို့ ဒေါက်တာကာဗယ်ဟိုကို ပြောခဲ့ပေမဲ့ ကာဗယ်ဟိုက စိုးရိမ်စရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ”တစ်ခါတရံ ကလေးမျက်နှာက မိခင်ရဲ့ဗိုက်နဲ့ ကပ်နေလို့ ultrasound ရိုက်ရင် မျက်နှာတစ်စိတ်တစ်ပိုင်း မပါတာမျိုး ဖြစ်တတ်တယ်လို့ ကာဗယ်ဟိုက ရှင်းပြပါတယ်”လို့ ရိုဒရီဂိုရဲ့အဒေါ်က ပြောပါတယ်။

ရိုဒရီဂိုကို မွေးဖွားလာချိန်မှာ နာရီပိုင်းပဲ အသက်ရှင်မယ်လို့ ပြောခဲ့ပေမဲ့ တစ်ပတ်ကြာတဲ့အထိ ရိုဒရီဂိုက အသက်ရှင်နေဆဲပါပဲ။
အဲဒီဖြစ်ရပ်ကြောင့် လူသိရှင်ကြား ဖြစ်လာပြီးနောက်မှာတော့ လွန်ခဲ့တဲ့နှစ်တွေက ဒေါက်တာကာဗယ်ဟိုရဲ့ တာဝန်ပေါ့ဆတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာကောင်စီ အရာရှိတွေက သူ့ကို ဆရာဝန်အဖြစ်ကနေ ဆိုင်းငံ့ထားပါတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top