ဘန်တန်ဝိတ်တန်း ဘုရင်နှစ်ပါးရဲ့ထိပ်တိုက်ရင်ဆိုင်ပွဲ

10-3-2020-yyl005.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ပဉ္စမမြောက်ပြိုင် ပွဲဖြစ်တဲ့ ONE: HEART OF HEROES ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်ကျရင် ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဟိုချီ မင်းမြို့က Phu Tho Indoor Stadium မှာကျင်းပမယ့် အဆိုပါပြိုင်ပွဲဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ်ပြု လုပ်တဲ့ပြိုင်ပွဲဖြစ်ပြီး စိတ်လှုပ်ရှားစရာ တွဲဆိုင်းတွေပါဝင်နေပါတယ်။ အဓိကခေါင်တွဲဆိုင်းက ONE ဘန်တန်ဝိတ်တန်း Kickboxing ကမ္ဘာ့ ချန်ပီယံတွဲဆိုင်းဖြစ်ပြီး လက်ရှိချန်ပီယံ ရုရှားအားကစားသမား Alaverdi “Babyface Killer” Ramazanov နဲ့ စိန်ခေါ်သူ ထိုင်းအားကစား သမား Nong-O Gaiyanghadao တို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။

သူတို့နှစ်ယောက်ဟာ Eight Limb လို့ခေါ်တဲ့ မွေထိုင်းအားကစားနည်းရဲ့ထင်ရှားတဲ့အားကစားသမားတွေဖြစ်ပြီး လတ်တလောအနေအ ထားမှာလည်း နိုင်ပွဲဆက်နေပါတယ်။ အသက် ၂၅ နှစ်အရွယ် Ramazanov ဟာ IFMA မွေထိုင်း ကမ္ဘာ့ချန်ပီယံဆုကို ၃ ကြိမ်ရရှိဖူးသလို ရုရှားမွေထိုင်းချန်ပီယံဆုကိုလည်း ၁၂ ကြိမ် ရရှိဖူးပါတယ်။ Venum Training Camp Thailand အသင်းသား Ramazanov ဟာ မျက် နှာက ချစ်စရာကလေးငယ်ရုပ်ဖြစ်ပေမယ့်လည်း ထိုးလုံးသတ်ပေါက်တွေက ကြောက်စရာကောင်းတာကြောင့် Babyface Killer ဆိုတဲ့ ကြိုးဝိုင်းနာမည်နဲ့ လိုက်ဖက်လွန်းပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ ONE Championship နဲ့ စတင်လက်တွဲခဲ့ပြီး စင်ကာပူအခြေစိုက် အ ဖွဲ့အစည်းနဲ့အတူ ၆ ပွဲယှဉ်ပြိုင်ကစားအပြီး ၄ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ပွဲက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က မလေးရှားနိုင်ငံမှာပြုလုပ်တဲ့ ONE: MARK OF GREATNESS ပြိုင်ပွဲ ဖြစ်ပြီး တရုတ်အားကစားသမား Zhang Chenglong ကို အမှတ်နဲ့အနိုင်ယူကာ ဘန်တန်ဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့ပါတယ်။ Chenglong က တရစပ်ဖိထိုးပေမယ့်လည်း Ramazanov ကတော့ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းအေးအေးထား ကာ ပြိုင်ဘက်ရဲ့အမှားကို စောင့်ထိုးခဲ့တာကြောင့် အမှတ်ပေးဒိုင်လူကြီး ၃ ဦးစလုံးရဲ့အနိုင်ပေးမှုနဲ့အတူ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင် ခွင့်ရခဲ့တာပါ။ သူ့ရဲ့အားသာချက်က ပြိုင်ဘက်ရဲ့အမှားကို ရှာတွေ့နိုင်ရေးအတွက် အချိန်ပေးစောင့်ကြည့်တတ်တာဖြစ်ပြီး အားနည်း ချက်ကို ရှာတွေ့ပြီဆိုတာနဲ့ အညှာအတာမရှိ ထိုးသတ်တဲ့အချက်ပါပဲ။

အသက် ၃၃ နှစ်အရွယ် Nong-O ကတော့ မွေထိုင်းလောကရဲ့ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်ပြီး စုစုပေါင်း ပွဲ ၃၀၀ ကျော် ယှဉ်ပြိုင် ထားပါတယ်။ နာမည်ကျော် Evolve MMA အသင်းသား Nong-O ဟာ ထိုင်းနိုင်ငံရဲ့မွေထိုင်းချန်ပီယံဆုတံဆိပ်ပေါင်း များစွာကိုပိုင်ဆိုင် ထားပြီး Lumpinee Stadium၊ Rajadamnern Stadium၊ Toyota Vigo Marathon၊ ထိုင်းနိုင်ငံရဲ့လိုက်ဝိတ်၊ ဘန်တန်ဝိတ်၊ စူပါဘန် တန်ဝိတ် စတဲ့ပြိုင်ပွဲတွေရဲ့ချန်ပီယံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ ONE Championship နဲ့ ပူးပေါင်းခဲ့ပြီး လက် ရှိအချိန်အထိ ၆ ပွဲယှဉ်ပြိုင်ထားရာမှာ ပွဲတိုင်းအနိုင်ရထားပါတယ်။ Evolve MMA ရဲ့နည်းပြတစ်ယောက်ဖြစ်တဲ့ Nong-O ဟာ ကစားသ မားဘဝတစ်လျှောက် ၃၁၆ ပွဲထိုးသတ်ထားရာမှာ ၂၆၁ ပွဲနိုင်၊ ၅၄ ပွဲ ရှုံးနိမ့်ထားပါတယ်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ဘန်ကောက်မှာပြုလုပ်တဲ့ ONE: CLASH OF LEGENDS ပြိုင်ပွဲမှာ တရုတ်အားကစားသမား Han Zi Hao ကို အမှတ်နဲ့အနိုင်ယူကာ ပထမဆုံးအကြိမ်ပေးအပ်တဲ့ ONE ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးထားတဲ့ Nong-O ဟာ သူ့ရဲ့ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်ဖို့ကြိုးစားခဲ့တဲ့ ပြိုင်ဘက် ၃ ယောက်ကိုလည်း အောင်မြင်စွာကျော်ဖြတ်ပြခဲ့ပါ တယ်။ သူ့ရဲ့ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူဖို့အတွက် စိန်ခေါ်ထိုးသတ်ခဲ့သူတွေက ဂျပန်အားကစားသမား Hiroaki Suzuki၊ ပြင်သစ်အားကစားသမား Brice Delval၊ ထိုင်းအားကစားသမား Saemapetch Fairtex တို့ဖြစ်ပြီး အကောင်းဆုံး ထိုး သတ်ကာ ချန်ပီယံစစ်မှန်ကြောင်း ပြသခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ သူဟာ မတူခြားနားတဲ့ အားကစားနည်းတစ်ခုရဲ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထပ်မံရယူနိုင်ရေးအတွက် Ramazanov ကို စိန်ခေါ်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ မွေထိုင်းနဲ့ Kickboxing ဆိုတာ တူသယောင်ယောင် ရှိပေမယ့်လည်း Kickboxing မှာ တံတောင် ရိုက်ခွင့် မပေးတာက အဓိကကွဲလွဲချက်ဖြစ်ပါတယ်။ မွေထိုင်းအားကစားသမားတွေဟာ တံတောင်ရိုက်ချက်ကို ပုံမှန်အသုံးပြုနေကြသူ တွေဖြစ်ပြီး အဆိုပါ တံတောင်ရိုက်ချက်ကပဲ နိုင်ပွဲရယူပေးလေ့ရှိပါတယ်။ ဒါကြောင့် မွေထိုင်းကစားသမားတစ်ယောက် Kickboxing ပွဲ ထိုးမယ်ဆိုရင် လေ့ကျင့်ရေးမှာ တံတောင်မသုံးဖို့ ခက်ခက်ခဲခဲ ပြင်ဆင်ရလေ့ရှိပါတယ်။ ကိုယ်နေ့တိုင်း နှစ်နှစ်ခြိုက်ခြိုက်ပြုလုပ်နေတဲ့ အ ရာတစ်ခုကို မလုပ်ဖို့ ချက်ချင်း တားမြစ်ပိတ်ပင်လိုက်သလိုပါပဲ။

ဒါပေမဲ့လည်း Nong-O ကတော့ သူ့ရဲ့ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်မှုနဲ့ သမိုင်းကောင်းကို အခြေခံကာ Ramazanov ရဲ့ဘန်တန်ဝိတ် တန်း Kickboxing ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ထိုးသတ်တော့မှာ ဖြစ်ပါတယ်။ Ramazanov ကလည်း ပြိုင်ဘက်အပေါ် ရိုသေလေး စားသမှုရှိပေမယ့် ကိုယ့်ရဲ့နယ်မြေထဲ ကျူးကျော်ဝင်ရောက်ကာ ရာဇပုလ္လင်ကို ထိပါးနှောင့်ယှက်လာတဲ့အပေါ် ဒီအတိုင်း လက်ပိုက်ကြည့် နေမှာတော့ မဟုတ်ပါဘူး။ အစွယ်ချွံလို့ နယ်ကျွံလာသူကို နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ အားခဲထားပါတယ်။ သူတို့နှစ် ယောက်စလုံးဟာ ဘန်တန်ဝိတ်တန်းရဲ့ဘုရင်တွေဖြစ်ကြပြီး ပထမဆုံးတွေ့ဆုံမှုမှာ Ramazanov ကပဲ လက်ရှိချန်ပီယံခါးပတ်ကို ဆက် လက်ကာကွယ်နိုင်မလား၊ Nong-O ကပဲ မတူညီတဲ့ အားကစားနည်းနှစ်ခုရဲ့ချန်ပီယံအဖြစ် သတ်မှတ်ခံရမလားဆိုတာ ရင်ခုန်စိတ်လှုပ် ရှားစရာပါပဲ။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top