(၁၀) နှစ်ကြာပျောက်ဆုံးနေတဲ့စူပါမားကတ်ဝန်ထမ်းကို သေဆုံးလျက်ပြန်လည်တွေ့ရှိ

190722163539-larry-ely-murillo-moncada-exlarge-169.jpg

ကောင်းဆယ်လ် ဘလပ်ဖ်စ်မြို့ရဲ့No Frills Supermarket မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း လာရီ အယ်လီ မူရီလို မွန်ကာဒါ (Larry Ely Murillo-Moncada) ဆိုသူ အမျိုးသားဟာ ၂၀၀၉ခုနှစ် နိုဝင်ဘာ (၂၈) ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့တာပါ။ မကြာသေးခင်ကမှ အလုပ်သမားတွေက အဲဒီစူပါမားကတ်အဟောင်းကနေ ရေခဲသေတ္တာတွေ၊ နရံကပ်ပစ္စည်းစင်တွေကို ဖယ်ထုတ်ရင်းနဲ့ ရေခဲသေတ္တာရဲ့နောက်ထဲမှာ လာရီရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးတွေက လာရီရဲ့မိဘတွေဆီက DNA နဲ့ တိုက်စစ်ခဲ့ပြီး ရုပ်အလောင်းရဲ့အဝတ်အစားတွေက ပျောက်ဆုံးနေခဲ့တဲ့အချိန်တုန်းက ဝတ်ဆင်ခဲ့တဲ့ဝတ်စုံနဲ့ အတူတူပါပဲ။ အဲဒီအချိန်တုန်းက လာရီက စိတ်ပျက်အားငယ်မှုတွေဖြစ်ခဲ့ပြီး အိမ်ကနေ ထွက်သွားခဲ့ပြီးတဲ့နောက်မှာ လာရီပျောက်ဆုံးနေတယ်လို့ မိဘတွေက ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။ သူ့ရဲ့မိဘတွေက သူ သောက်သုံးနေရတဲ့ ဆေးတွေကြောင့် မဆင်မခြင်အပြုအမူတွေလည်း လုပ်ခဲ့တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

အခုဆိုရင် စုံစမ်းစစ်ဆေးရေးတွေက လာရီက အိမ်ကထွက်သွားပြီး စူပါမားကတ်ကို လာခဲ့ပြီးတဲ့နောက်မှာ ရေခဲသေတ္တာရဲ့ထိပ်ကို တက်ခဲ့တာကြောင့် ပြုတ်ကျသွားတာဖြစ်နိုင်ပြီး အဲဒီမှာ ကုန်ပစ္စည်းတွေ သိုလောင်ရာနေရာအဖြစ် အသုံးပြုတဲ့နေရာအလွတ်ရှိပါတယ်။ ဝန်ထမ်းတွေက ခဏတဖြုတ်နားချင်တဲ့အခါမျိုးမှာ အဲဒီနေရာကို လူမသိအောင် သွားနားလေ့ရှိပါတယ်။ ရေခဲသေတ္တာနဲ့ နရံကြားမှာ (၁၈) လက်မကွာဟနေတဲ့ အထဲကို လာရီ ပြုတ်ကျသွားခဲ့ပြီး အဲဒီမှာ ပိတ်မိနေခဲ့တဲ့ပုံပါပဲ။ အကူအညီတောင်းတဲ့အော်သံကို အအေးခန်းဖိအားရဲ့ဆူညံသံက ဖုံးသွားတာဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

ရင်ခွဲစစ်ဆေးတဲ့အခါမှာလည်း တစ်စုံတစ်ယောက်ရဲ့လက်ချက်ကြောင့် သေဆုံးရတဲ့လက္ခဏာမျိုးမတွေ့ရှိရဘဲ မတော်တဆသေဆုံးရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: CNN “Grocery store employee missing for 10 years found behind store’s cooler”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top