နှလုံးရောဂါဖြစ်နိုင်ခြေပိုများစေတဲ့ ကျန်းမာရေးအခြေအနေ (၄) မျိုး

4-4-2022-yyl-31.jpg

ကမ္ဘာ့တစ်ဝှမ်းမှာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေက လူတွေကို စိုးရိမ်ပူပန်မှုတွေဖြစ်စေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ နှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွက ကမ္ဘာ့တစ်ဝှမ်းမှာ သေဆုံးခြင်းဖြစ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်တုန်းက နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ သေဆုံးခဲ့သူ ခန့်မှန်းခြေ ၁၇.၉ သန်းရှိပြီး အဲဒီအထဲက ၈၅ရာခိုင်နှုန်းက နှလုံးရောဂါနဲ့ဉီးနှောက်သွေးကြောပြတ်ခြင်းတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

နှလုံးရောဂါနဲ့ နှလုံးရပ်တာတွေက ပြင်းထန်ရုံသမာက အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်နိုင်တဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေမှာ အဖြစ်များဆုံးရောဂါအမျိုးအစားတွေထဲက တချို့ဖြစ်ပါတယ်။ လူငယ်တွေအပါအဝင် လူတော်တော်များများက နှလုံးရောဂါစွဲကပ်လာနေကြပါတယ်။ လူတော်တော်များများက လူနေမှုပုံစံပြောင်းလဲခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ချဖြစ်ကြပါတယ်။ တချို့ကျန်းမာရေးအခြေအနေတွေကလည်း နှလုံးရောဂါဖြစ်နိုင်ခြေကို များစေပါတယ်။ ဒါကြောင့် အောက်မှာဖော်ပြပေးမယ့် ကျန်းမာရေးအခြေအနေရှိတဲ့သူတွေက နှလုံးရောဂါဖြစ်နိုင်ခြေများတဲ့အတွက် သတိထားဖို့ အရေးကြီးပါတယ်။

သွေးတိုးရောဂါ

သွေးဖိအားများတာ (သို့) သွေးတိုးရောဂါက ‌သွေးလွှတ်ကြောနံရံနဲ့ အခြားသွေးကြောတွေကို ဆန့်ကျင်ပြီး သွေဖိအားမြင့်မားလာပြီး နှလုံးဆီ သွေးစီးဆင်းမှုနဲ့ အောက်ဆီဂျင်စီးဆင်းမှုကို လျော့ကျသွားစေတဲ့အခါမှာ ဖြစ်လာတဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ ဒါက ခန္ဓာကိုယ်တစ်ခုလုံးဆီ သွေးတွေ ပို့လွှတ်ဖို့ နှလုံးကို ပိုပြီး အလုပ်လုပ်စေပါတယ်။ ဒီအခြေအနေက နှလုံးရောဂါဖြစ်နိုင်ခြေပိုများလာစေပါတယ်။

မကောင်းတဲ့ LDL ကိုလက်စထရော ပမာဏများခြင်း

LDL (Low-density lipoprotein) နဲ့ HDL (High-density lipoprotein) ဆိုပြီး သွေးအတွင်းကိုလက်စထရောအမျိုးအစား (၂) မျိုးရှိပါတယ်။ မကောင်းတဲ့ကိုလက်စထရောဖြစ်တဲ့ LDL ကိုလက်စထရောက သွေးကြောတွေကို ပိတ်ဆို့စေပြီး နှလုံးအတွက် အန္တရာယ်ရှိပါတယ်။ သွေးကြောမှာ မကောင်းတဲ့ကိုလက်စထရောတွေများလာတာက နှလုံး၊ ဉီးနှောက်၊ ကျောက်ကပ်နဲ့အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းမှုကို လျော့ကျပြီး သွေးလွှတ်ကြောကို ကျဉ်းမြောင်းသွားစေနိုင်ပါတယ်။ ကောင်းတဲ့ကိုလက်စထရော HDL ကတော့ အမျိုးမျိုးသောနှလုံးရောဂါတွေကို ကာကွယ်ပေးပါတယ်။

အဝလွန်ခြင်း

ကိုယ်အလေးချိန်များတာက နှလုံးရောဂါနဲ့အခြားနှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေမြင့်မားစေနိုင်တဲ့ နောက်ထပ်ကျန်းမာရေးအခြေအနေပါ။ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာအရ အဝလွန်ခြင်းက မကောင်းတဲ့ကိုလက်စထရောတွေကို ပိုပြီးမြင့်မားခြင်းနဲ့ ကောင်းတဲ့ကိုလက်စထရောတွေကို လျော့နည်းသွားခြင်းနဲ့ ဆက်စပ်ပါတယ်။ အဝလွန်ခြင်းက နှလုံးရောဂါအပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ အဝလွန်ခြင်းက နာတာရှည်ကျန်းမာရေးပြဿနာတော်တော်များများရဲ့အရင်းအမြစ်လည်းဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

ဆီးချိုရောဂါ

သွေးအတွင်းသကြားပမာဏမြင့်မားတာက ရေရှည်မှာ သွေးကြောတွေ ကျုံ့တာ၊ ကျဉ်းတာ၊ ပျက်စီးတာတွေဖြစ်လာစေနိုင်ပါတယ်။ ခန္ဓာကိုယ်က ရှိပြီးသားသကြားဓာတ်တွေကို အသုံးမပြုနိုင်ကတည်းက ဆီးချိုရောဂါက သွေးအတွင်း သကြားဓာတ်တွေများလာစေတဲ့အတွက် အဲဒီလိုဖြစ်လာရတာပါ။ သွေးတွေကို နှလုံးကနေ သယ်ဆောင်ပေးတဲ့၊ နှလုံးဆီသယ်ဆောင်လာတဲ့ သွေးကြောတွေကို ပိတ်ဆို့ပျက်စီးစေနိုင်ပါတယ်။

သတိထားသင့်တဲ့ နှလုံးရောဂါလက္ခဏာရပ်တွေ

American Heart Association အရ နှလုံးရောဂါရဲ့ သတိပေးလက္ခဏာရပ်တွေကတော့

  • ရင်ဘတ်အောင့်တာ၊ ရင်ထဲနေလို့မကောင်းတာ
  • အသက်ရှုကြပ်တာ
  • လက်တစ်ဖက် (သို့) လက်နှစ်ဖက်လုံး၊ နောက်ကျော၊ လည်ပင်း၊ မေးရိုး (သို့) အစာအိမ် အပါအဝင် ခန္ဓာကိုယ်အပေါ်ပိုင်းမှာ နာကျင်တာ၊ မအီမသာဖြစ်တာ
  • ချွေးထွက်ပြီး ချမ်းသလိုခံစားရတာ (သို့) မူးဝေတာတို့ဖြစ်ပါတယ်။

Ref: 4 health conditions that can make you more prone to heart attack

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top