မြန်မာအမျိုးသမီး မျိုးဆက်သစ် လက်ဝှေ့မယ် (သို့မဟုတ်) ကယန်းအမျိုးသမီးလေး မူဘယ်ရောနီကာ

4.jpg

မူဘယ်ရောနီကာဟာ အမျိုးသမီးအများစု စိတ်မကူးရဲကြတဲ့ လက်ဝှေ့လောကထဲကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းခဲ့သူဖြစ်ပြီး မူဘယ်ရောနီကာကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ရှိ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကဖုကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။

တောင်သူအလုပ်ကိုလုပ်ကိုင်ကြတဲ့ မူဘယ်ရောနီကာရဲ့ မိဘများဟာ အပျိုအရွယ်ဖြစ်သူသမီးကို စိုးရိမ်စိတ်နဲ့ လက်ဝှေ့ထိုးဖို့ ခွင့်မပြုခဲ့ပေမဲ့ သူမရဲ့ အိပ်မက်ကို တစိုက်မတ်မတ်လျှောက်လှမ်းခဲ့ပြီး သူမအသက် ၁၆ နှစ်၊ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ တခြားသောအမျိုးသမီး ၃ ယောက်နှင့်အတူ နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်းကို ရောက်သွားခဲ့ပါတယ်။

အားကစားလေ့ကျင့်ရေးစခန်းမှာ ၉ တန်း၊ ၁၀ တန်းကျောင်းတက်ခဲ့ရပေမဲ့ ၁၀ တန်းအရောက်မှာ ဆီးဂိမ်းပြိုင်ပွဲနီးကပ်လာတဲ့အတွက် ပညာရေးက နုတ်ထွက်ခဲ့ပါတယ်။ မူဘယ်ရောနီကာဟာ နေပြည်တော် လေ့ကျင့်ရေးစခန်းမှာလည်း နိုင်ငံလက်ရွေးစင်တစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားလေ့ကျင့်ခဲ့ပြီး အားကစားရုံမှရတဲ့လစာအနက် အနည်းငယ်ကိုသာသုံးကာ ပိုသမျှကို ကဖုကျေးရွာရှိ သူမရဲ့ မိဘတွေကို ပြန်လည်ထောက်ပံ့ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နေပြည်တော်မှာ ၂ နှစ်ခန့် လေ့ကျင့်ရေးဆင်းခဲ့ပြီး ရန်ကုန်ကို ရောက်လာခဲ့တဲ့အခါ ၂၀၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူမအတွက် နိုင်ငံတကာပွဲဦးထွက်ဖြစ်ပြီး အတွေအကြုံနုနယ်သူ တစ်ယောက်ဖြစ်ပေမဲ့ နိုင်ငံတကာ အမျိုးသမီးလက်ဝှေ့ ကြေးတံဆိပ်ဆုကို ဆွတ်ခူးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။

အတွေ့အကြုံမရှိတဲ့ လူသစ်တန်းတစ်ယောက်ဖြစ်ပေမဲ့ နိုင်ငံတကာပြိုင်ပွဲမှာလည်း ဆုတံဆိပ်ရယူနိုင်ခဲ့ပြီး ခံစားခွင့်များရှိလာတာကြောင့် မိဘများကို ပိုမိုထောက်ပံ့လာနိုင်တဲ့အတွက် သူမအနေနဲ့ ဝမ်းသာမိတယ်လို့ မူဘယ်ရောနီကာကဆိုပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံခြားပွဲတွေအနက် စင်္ကာပူနဲ့ ဂျပန်နိုင်ငံတို့မှာ ၂ ကြိမ် ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြည်တွင်းမှာတော့ ပွဲပေါင်းများစွာကို ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်နေပါပြီ။ ဆုတံဆိပ်များအနေနဲ့ ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ်  ၁ ခုနဲ့ ကြေးတံဆိပ် ၁ ခုကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံလက်ရွေးစင် တစ်ယောက်ဖြစ်ဖို့ဆိုတဲ့ မူဘယ်ရောနီကာရဲ့ အိပ်မက်တွေဟာလည်း ပြည့်ဝလာခဲ့ပါပြီ။

ပင်ပန်းကြမ်းတမ်းတဲ့ အားကစားဖြစ်တဲ့ လက်ဝှေ့ကို ဝါသနာပါသူတစ်ယောက်ဆိုပေမဲ့ မူဘယ်ရောနီကာဟာ တခြားဖက်မှာ သိမ်မွေ့နူးညံတဲ့ အနုပညာဖြစ်တဲ့ သီချင်းဆိုခြင်းကိုလည်း ဝါသနာပါသူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာမှာလည်း ဇ မသေးတဲ့ မူဘယ်ရောနီကာဟာ Myanmar Idol ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲမှာ Top 20 အဆင့်ထိ တက်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ မူဘယ်ရောနီကာဟာ လက်ဝှေ့လောကမှ အနားယူသွားရင်တော့ အဆိုတော် တစ်ယောက် ဖြစ်ချင်ပါသေးတယ်လို့ သူမရဲ့ အိပ်မက်တစ်ခုကို ဖွင့်ဟခဲ့ပါသေးတယ်။

မူဘယ်ရောနီကာဟာ လတ်တလော အချိန်မှာလည်း ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဩဂုတ်လ၂ဝရက် ညနေ ၆ နာရီ၊ သုဝဏ္ဏအားကစားရုံမှာ ကျင်းပသွားမယ့်  2nd MYANMAR LETHWEI WORLD CHAMPIONSHIP ပြိုင်ပွဲမှာ မူဘယ်ရောနီကာဟာ အမျိုးသမီး ကီလို ၆၀ တန်းကနေ ကော်စတာရီကာ နိုင်ငံသူ မောနီကာဘားနီး(စ်)မီနာ နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀ ရက်နေ့မှာ မူဘယ်ရောနီကာ တစ်ယောက် မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဘယ်လို ယှဉ်ပြိုင်သွားမလဲဆိုတာကို ရိုးရာလေးနဲ့အတူ ဆက်လက်စောင့်ကြည့်လိုက်ရအောင်။

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top