စကားသိက္ခာ ထိန်းသိမ်းရာ၏

editorial_14_10_2019.jpg

“တိတ်တိတ်မနေ၊ ဆိုပါချေလည်း၊ မပြေမပြစ်၊

အထစ်ထစ်လျှင်၊ ကျစ်လျစ်မရှိ၊ အညိညိတည်း၊

ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့၊ အကျိုးအကြောင်း၊

ကောင်းကောင်းမမှန်၊ သမ္ဗာန်ပါဌ်လျှောက်၊

ရှေ့နောက်မညီ၊ အစီအလျဉ်၊ အဆင်မသင့်၊

တဖြင့်တပါး၊ ရယ်ဘွယ်များခဲ့ … “

ဒါကတော့ စကားပြောတဲ့အခါ၊ စာရေးတဲ့အခါမှာ သိက္ခာရှိရှိ ပြောကြ၊ ရေးကြဖို့ ရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစာဖြစ်ပါတယ်။ အကျိုးအကြောင်း ဆီလျော်ပြေပြစ်မှုမရှိဘဲ ဆင်ကန်းတောတိုး ပြောဆိုမှုတွေက လူပုံအလယ်မှာ ရယ်စရာဖြစ်ရလိမ့်မယ်လို့ ဆုံးမသတိပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စကားသိက္ခာနဲ့ပတ်သက်လို့ ဝေဖန်စရာ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၂ နာရီအချိန်က နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာ၊ သစ်ချို (မျိုးသန့်ခြံ)လူထုတွေ့ဆုံပွဲမှာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောကြားချက်က လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ရပ်ရွာတာဝန်ရှိသူတွေက အခြေခံပညာရေးဝန်ထမ်းဖြစ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ နေရေးထိုင်ရေးအခက်အခဲကို တင်ပြပြီး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီတောင်းဆိုမှုနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ”ကျွန်တော်ပြောတာ အကောင်းဘက်က ကြည့်ပြောတာပါ။ ဝန်ထမ်းအိမ်ရာမရှိတာ ကောင်းတယ်။ ဆရာ၊ ဆရာမတွေ ရပ်ထဲ၊ ရွာထဲနေတဲ့အခါကျတော့ ဒီက ရွာသူ၊ ရွာသားနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ထွက်မသွားမှာ၊ မဟုတ်ရင် ဆရာ၊ ဆရာမ လိုအပ်ချက်တွေ ဖြစ်သွားမယ်။လူငယ်တွေက လိုက်ပြီး ရည်းစားစကားပြောပေါ့။ အဲဒါမှ မြဲမှာ။ ရပြီနော် ဆရာမ၊ ဝန်ထမ်းအိမ်ရာက လောလောဆယ် တည်ဆောက်ပေးဖို့ အစီအစဉ်မရှိသေးပါ”လို့ ပြောခဲ့ပါတယ်။

လူထုတွေ့ဆုံပွဲမှာ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်က ပညာရေးဝန်ထမ်း ဆရာမတွေကို အကြမ်းဖက်ခံရမှု၊ ဘဝလုံခြုံရေးထိခိုက်မှု ဖြစ်အောင် အားပေးလှုံ့ဆော်ရာရောက်တယ်လို့ အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။ အခြေခံပညာကဏ္ဍအတွက် ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာစီစဉ်ပေးမှု အားနည်းလို့ ရပ်ဝေးကလာတဲ့ ဆရာ၊ ဆရာမတွေဟာ ရပ်ရွာက စီစဉ်ပေးတဲ့ တစ်နိုင်၊ တစ်ပိုင်အိမ်တွေ၊ ရပ်မိ/ရပ်ဖ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွေမှာ တည်းခိုကြရပါတယ်။

ဝန်ကြီးဌာန(ဒါမှမဟုတ်)ရပ်ရွာကနေ ဝန်ထမ်းအိမ်ရာတွေ စီစဉ်ပေးရင်လည်း ကျောင်းဝန်းထဲမှာ စီစဉ်ပေးတာဖြစ်ပြီး တချို့နေရာတွေက လူနေအိမ်တွေနဲ့ အလှမ်းဝေးတဲ့အတွက် ကျူးကျော်ဝင်ရောက်တာ၊ ညစ်ညမ်းတဲ့စိတ်ထားနဲ့ အမျိုးသမီး အတွင်းခံတွေ ခိုးယူတာ၊ သူတို့ကို မလိုက်လျောတဲ့ အမျိုးသမီး ပညာရေးဝန်ထမ်းတွေကို လူငယ်တွေက ရိုင်းရိုင်းပျပျ ပြောဆိုဆက်ဆံတာ၊ အဓမ္မပြုကျင့်ဖို့ ကြံစည်တာတွေရှိပြီး အဲဒီဖြစ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အလွန်အားနည်းတယ်လို့ အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပညာရေးဝန်ထမ်းတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးဖို့၊ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပေးနိုင်ဖို့ အလေးအနက်ထား စီမံဆောင်ရွက်ပေးရမယ့်အစား အမျိုးသမီး ပညာရေး ဝန်ထမ်းတွေကို ရွာသူ၊ရွာသားတွေက နှောင့်ယှက်အောင် လှုံ့ဆော်ရာရောက်တဲ့စကား ပြောကြားမှုအတွက် အပြင်းအထန်ကန့်ကွက်ပြီး အရေးယူပေးဖို့ အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ကော်မတီက တောင်းဆိုထားပါတယ်။

ပညာရေးကဏ္ဍ မြှင့်တင်ဖို့ ကြိုးစားရာမှာ ဆရာ၊ ဆရာမတွေရဲ့ နေရေးထိုင်ရေး၊ လုံခြုံရေးက အဓိကအရေးပါတဲ့ အကြောင်းအရာတစ်ရပ်ပါ။ အထူးသဖြင့် ဝေးလံခေါင်သီတဲ့ဒေသတွေမှာ ပညာရေးစနစ် ကောင်းမွန်လာစေဖို့ဆိုရင် ဆရာ၊ ဆရာမတွေရဲ့ နေရေး၊ ထိုင်ရေး၊ လုံခြုံရေးကိုလည်း ဦးစားပေးဆောင်ရွက်ပေးဖို့ လိုပါတယ်။ လုပ်ငန်းခွင်လုံခြုံမှုမရှိရင် တာဝန်ထမ်းဆောင်ချင်သူ နည်းပါးလာမှာဖြစ်လို့ အဲဒီဒေသရဲ့ပညာရေးလည်း အားနည်းသွားမှာပါ။ ဒါဟာ အခြေခံပညာရေးကဏ္ဍမှာ ကြုံတွေ့နေတဲ့ စိန်ခေါ်မှုတစ်ရပ်၊ ဖြေရှင်းဖို့ လိုအပ်နေတဲ့ အကြောင်းအရာတစ်ရပ် ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ပဲခူးတိုင်းဝန်ကြီးချုပ်က သူ့ရဲ့ပြောကြားချက်အတွက် ပြန်တောင်းပန်ခဲ့ပါတယ်။ တိုင်းဒေသကြီးတစ်ခုလုံးကို လှည့်လည်သွားလာတဲ့ အတွေ့အကြုံအရ ကျေးရွာတွေရောက်တဲ့အခါ ဆရာတွေ မြဲနေတာတွေ့လို့ မေးလိုက်ရင် အိမ်ထောင်ကျနေတာ တွေ့ရတဲ့အတွက် အခုလို ပေါ့ပေါ့ပါးပါး ပြောလိုက်မိတာဖြစ်ပြီး ထိခိုက်နစ်နာတဲ့သူတွေကို အနူးအညွှတ် တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။ ” ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်လေး”ရတယ်ဆိုတဲ့ စာချိုးလို ဆိုရရင်တော့ ” ပေါ့ပေါ့ပါးပါး ပြောလိုက်ခါမှ ဆေးကြောင့်လေး”ရတဲ့ကိန်း ဆိုက်သွားတာတော့ အမှန်ပင်။

ZT (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top