ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေရဲ့အချက်အလက်တွေရယူခဲ့တဲ့ ယူကရိန်းဟက်ကာတွေကို တရားစွဲဆို

facebook2.jpg

“သင့်ရဲ့မျက်လုံးအရောင်က သင့်အကြောင်းဘာပြောလဲ” ဆိုတဲ့ခေါင်းစဉ်လိုမျိုး အွန်လိုင်းဉာဏ်စမ်းမေးခွန်းတွေကို အသုံးပြုပြီး ယူကရိန်းနိုင်ငံက ဟက်ကာတွေက ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေရဲ့အချက်အလက်တွေကို ရယူခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောကြားလိုက်ပါတယ်။

ဟက်ကာတွေက အသုံးပြုသူတွေရဲ့အင်တာနက်ဘရောက်ဇာတွေကို ထိန်းချုပ်ဖို့နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်သတင်းအချက်အလက်တွေကိုရယူနိုင်ဖို့ Facebook Feature တစ်ခုကို အသုံးပြုခဲ့တာကြောင့် ဖေ့စ်ဘွတ်ခ်က ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ ဟက်ကာတွေကို တရားစွဲဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံသားနှစ်ဦးဖြစ်သူ အန်ဒရေး ဂိုဘချော့ပ် (Andrey Gorbachov) နဲ့ ဂလက်ဘ် စလက်ချက်စကီး (Gleb Sluchevsky) တွေဟာ “သင့်မှာ တော်ဝင်အမျိုးအနွယ်သွေးရှိလား”၊ “သင်က Yin ဆိုရင် သင်ရဲ့ Yangက ဘယ်သူလဲ”၊ “ ရာသီစက်ဝန်းသင်္ကေတအရ သင်ဟာ ဘယ်လိုခွေးအမျိုးအစားလဲ” လိုမျိုး အွန်လိုင်းမေးခွန်းတွေနဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေကို သူတို့အကောင့်တွေနဲ့ ဝင်ရောက်ဖြေဆိုအောင် ဆွဲဆောင်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းဟက်ကာအဖွဲ့အစည်းက ရုရှားလူမျိုးနဲ့ ယူကရိန်းလူမျိုး ပြောရေးဆိုခွင့်ရှိသူတွေရဲ့အကောင့်တွေကို ပစ်မှတ်ထားခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေ အသုံးပြုခဲ့တဲ့ အင်တာနက်ဘရောက်ဇာ (၆၀၀၀) ကျော်လည်း ပါဝင်ခဲ့တယ်လို့ ဖေ့စ်ဘွတ်က ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ဖေ့စ်ဘွတ်ခ်နဲ့ အခြားလူမှုကွန်ယက်ဆိုက်တွေကို ဟက်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခဲ့တာကြောင့် Developer နှစ်ယောက်လုံးကို ဖေ့စ်ဘွတ်ခ်က တရားစွဲဆိုခဲ့ပါတယ်။ အဲဒီလိုတရားစွဲဆိုလိုက်ခြင်းအားဖြင့် အလားတူ မရိုးသားတဲ့လုပ်ဆောင်ချက်တွေမရှိအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်ကြောင်း၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

အဲဒီအဖွဲ့အစည်းကို (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ဖေ့စ်ဘွတ်ခ်ဟာ နာမည်အတုအယောင်တွေကိုအသုံးပြုပြီး မသမာမှုကို လုပ်ဆောင်နေတဲ့ဟက်ကာတွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အင်တာနက်ဘရောက်ဇာဖန်တီးသူတွေအပါအဝင် အခြားကုမ္ပဏီတွေကိုလည်း သတိပြုဖို့ ဖေ့စ်ဘွတ်ခ်က ပြောခဲ့ပါတယ်။

Ref: CNN “Ukrainian hackers used quizzes to access private Facebook data, company says”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top