ယူကရိန်းမှာ စစ်ပွဲအတွင်း မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ အသက် ၉ နှစ်သမီးလေး ဂါလီယား (Galia) ဟာ သူ့မိခင်ကို ရည်စူးပြီး လက်ရေးစာတစ်စောင်ရေးသားခဲ့ပါတယ်။ ဂါလီယားက ကျူးကျော်စစ်စတင်ကတည်းက ရုရှားတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ဘိုရိုဒရန်ကာ (Borodyanka) မှာ သူ့မိခင်ကို ဆုံးရှုံးခဲ့ရတာပါ။
ယူကရိန်းပြည်ထဲရေးဝန်ကြီးရဲ့အကြံပေးပုဂ္ဂိုလ် အန်တန် ဂီရာစချန်ကို (Anton Gerashchenko) က ဂါလီယားရဲ့လက်ရေးစာဓာတ်ပုံကို တွစ်တာမှာ မျှဝေခဲ့ပါတယ်။ ဂါလီယားဟာ ဒီစာကို မတ်လ ၈ ရက်နေ့က ရေးသားခဲ့တာပါ။ ဂါလီယားရဲ့လက်ရေးစာလေးကတော့ “မေမေ၊ ဒီစာက အမေ့ရဲ့လက်ဆောင်ပါ။ အမေက သမီးကို အကြောင်းပြချက်မရှိဘဲ ပြုစုပျိုးထောင်ခဲ့တာလို့ထင်ရင် မှားတယ်။ သမီးဘဝရဲ့ ၉နှစ်တာအတွက် ကျေးဇူးတင်ပါတယ်။ သမီးရဲ့ ငယ်ဘဝအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အမေက ကမ္ဘာပေါ်မှာ အကောင်းဆုံးအမေပါပဲ။ သမီး အမေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကောင်းကင်ဘုံမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်။
ကောင်းကင်ဘုံရောက်ပါစေလို့ ဆုတောင်းပါတယ်။ သမီးတို့ ကောင်းကင်ဘုံမှာ တွေ့ကြမယ်။ ကောင်းကင်ဘုံရောက်ဖို့ ကိုယ့်ကိုယ်ကို ကောင်းကောင်းကျင့်ကြံနေထိုင်နိုင်ဖို့ ကြိုးစားပါမယ်”တဲ့။ ဂါလီယားရဲ့မိခင် သေဆုံးခဲ့တဲ့ မြို့က အခြေအနေတွေက ပိုပြီးဆိုးရွားတယ်လို့ယူကရိန်းသမ္မတက ပြောကြားခဲ့ပါတယ်။ မကြာသေးခင်ကမှ ယူကရိန်းတပ်တွေက ရုရှားတပ်ဖွဲ့တွေဆီက မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အဲဒီမြို့ရဲ့ အုတ်ကျိုးအုတ်ပဲ့တွေကြားမှာ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့အထိ ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေတဲဲ့ဒေသခံတွေကို ရှာဖွေဖို့ ကြိုးစားနေခဲ့ရပါတယ်။
အခုဆိုရင် ရုရှားကျူးကျော်စစ်အတွင်း သေဆုံးခဲ့တဲ့ ယူကရိန်းပြည်သူ ၂၄၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။
Ref: CBSNews “9-year-old girl pens heartbreaking letter to her mom who died in Ukraine: “We will meet in heaven”
WL (ရိုးရာလေး)