ဘုရားကျောင်းကနေ အစပြုပြီး တောင်ကိုရီးယားပြည်နယ် ၁၇ ခုလုံးကို ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့

Untitled-1-3.png

ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်တွန်းလှန်ရာမှာ စံနမူနာအဖြစ် သတ်မှတ်ခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံဟာ နိုင်ငံတစ်ဝန်း ကူးစက်မှုသစ် ဖြစ်ပွားမယ့်အခြေအနေ ကြုံနေရတယ်လို့ အရာရှိတွေက ပြောပါတယ်။ အခုနောက်ဆုံး ရောဂါကူးစက်မှုဟာ Presbyterian ခရစ်ယာန်ဘုရားကျောင်းကနေ အစပြုခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ တစ်ဝန်းမှာရှိတဲ့ ပြည်နယ် ၁၇ ခုလုံးကို ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း လူနာသစ် ရာဂဏန်းလောက် တွေ့ရှိနေပါတယ်။ အဲဒီအတွက် လူတစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို တိုးမြှင့်ချမှတ်ထားသလို ဆိုးလ်မြို့မှာ နှာခေါင်းစည်းမတပ်မနေရ အမိန့် ထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယားအစိုးရက စာသင်ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ရမလားဆိုတာ ချင့်ချိန်သုံးသပ်နေပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဆေးရုံတွေမှာ ခုတင်တွေ လူပြည့်နေသလို ကျန်းမာရေးစနစ်ရဲ့လုပ်ဆောင်နိုင်စွမ်းကလည်း မိုင်ကုန်နီးပါးဖြစ်နေလို့ ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို ထပ်မံတိုးမြှင့်ဖို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက အစိုးရကို တိုက်တွန်းထားပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ထိရောက်တဲ့ ထိတွေ့မှုရာဇဝင် ခြေရာခံစနစ်က တစ်နာရီမှာ ရောဂါကူးစက်ခံရဖွယ်ရှိသူ ၁၀၀၀ လောက်ကို ခြေရာခံဖော်ထုတ်နိုင်စွမ်းရှိပေမဲ့ အခုနောက်ဆုံး ဖြစ်ပွားနေတဲ့ ကူးစက်ပျံ့နှံ့မှုတွေမှာ လူနာသစ် ၂၀ ရာခိုင်နှုန်းရဲ့ ရောဂါကူးစက်ခံရမှုဇစ်မြစ်ကို မဖော်ထုတ်နိုင်သေးဘူးလို့ ကိုရီးယားနိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ(KCDC) က ဝန်ခံထားပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ကိုဗစ်-၁၉ ရောဂါကို စတင်ရင်ဆိုင်ခဲ့ရတာပါ။ အဲဒီကူးစက်ပျံ့နှံ့မှုဟာ ဆိုးလ်မြို့ရဲ့တောင်ဘက် ၁၂၄ မိုင်အကွာမှာရှိတဲ့ ဒယ်ဂူမြို့က ရှင်ချွန်းဂီခရစ်ယာန် ဘုရားကျောင်းမှာ ရောဂါကူးစက်ရာကနေ စတင်ပျံ့နှံ့ခဲ့တာပါ။ ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံက ထိတွေ့မှုရာဇဝင်ခြေရာခံမှုနဲ့ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုတွေကို အင်တိုက်အားတိုက် ဆောင်ရွက်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာပဲ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရင်တစ်ခေါက်က အခြေအနေနဲ့ မတူတော့ပါဘူး။ လူနာသစ် တော်တော်များများဟာ လူ ၁၀ သန်းကျော် နေထိုင်တဲ့ ဆိုးလ်မြို့ အနီးတစ်ဝိုက်မှာ နေကြသူတွေပါ။

သူတို့ရဲ့ဘုရားကျောင်းကို ပိတ်ပစ်ဖို့ ပူးပေါင်းကြံစည်မှုတစ်ရပ်အနေနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့အောင် လုပ်ခဲ့တာဖြစ်မယ်လို့ လက်ယာစွန်းရောက် ဝတ်ပြုသူ တော်တော်များများက ယုံကြည်နေကြပါတယ်။ ဒီအချက်က စိုးရိမ်စရာပါ။ အဲဒီသူတွေက ရောဂါကူးစက်ခံရဖွယ် ရှိနေကြပြီး သက်ဆိုင်ရာကို ဆက်သွယ်ဖို့လည်း ငြင်းဆန်နေကြပါတယ်။ နောက်ထပ်စိုးရိမ်စရာတစ်ချက်ကတော့ ရှင်ချွန်းဂီဘုရားကျောင်းမှာ ရောဂါကူးစက်မှု ဖြစ်ပွားတုန်းက ကူးစက်ခံရသူအများစုဟာ အသက် ၂၀ ဝန်းကျင်ရှိသူတွေ ဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရောဂါကူးစက်ခံရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ ပါဝင်နေတာပါပဲ။ ဆာရန်ဂျေးဘုရားကျောင်းအဖွဲ့ဝင်တွေဟာ လက်ယာဝါဒ ကွန်ဆာဗေးတစ်တွေဖြစ်ပြီး သမ္မတ မွန်ဂျေအင်ကို ကွန်မြူနစ်ဝါဒီ၊ တရုတ်နဲ့ မြောက်ကိုရီးယားရဲ့ ရုပ်သေးရုပ်အဖြစ် သဘောထားနေကြသူတွေပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမဖြစ်ခင် သူတို့အဖွဲ့က အပတ်စဉ်စနေနေ့တိုင်း ဆိုးလ်မြို့လယ်မှာ စုဝေးကြပြီး ကျယ်လောင်တဲ့ အော်ဟစ်သံတွေနဲ့အတူ မွန်ဂျေအင်ကို ရှုတ်ချတဲ့အနေနဲ့ အိမ်ပြာတော်ကို ဖြတ်သန်းချီတက်လေ့ရှိပါတယ်။ ကိုဗစ်-၁၉ လူနာတွေ မြင့်တက်လာအောင်လုပ်ပြီး ဆာရန်ဂျေးဘုရားကျောင်းကို ချေမှုန်းမယ့် အစီအစဉ်နောက်ကွယ်မှာ မွန်ဂျေအင်ပါဝင်နေလိမ့်မယ်လို့ သင်းအုပ်ဆရာမ လီဟေဆွတ်က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို လိုလားသူတွေက ဘုရားကျောင်းထဲကို စိမ့်ဝင်လာပြီး ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဆာရန်ဂျေးဘုရားကျောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ အဲဒီလို မကောင်းမြင်အယူအဆတွေကြောင့် ထိတွေ့မှုရာဇဝင် ခြေရာခံသူတွေ အခက်တွေ့နေကြပါတယ်။ လက်ရှိအချိန်အထိ ဆာရန်ဂျေးဘုရားကျောင်းရဲ့ အဖွဲ့ဝင် ၈၇၅ ယောက်ကျော် ရောဂါကူးစက်ခံထားရပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ အဖွဲ့ဝင်ရာချီ ကျန်ရှိသေးပြီး သူတို့က တခြားသူတွေကို ထပ်ဆင့်ကူးစက်နိုင်ဖွယ်ရှိတယ်လို့ ကျန်းမာရေးအရာရှိတွေက ယုံကြည်နေကြပါတယ်။

ဘုရားကျောင်းအဖွဲ့ဝင်တွေဟာ သြဂုတ်လ ၁၅ ရက်က လူသောင်းချီပါဝင်ခဲ့တဲ့ ဆိုးလ်မြို့လယ် စုဝေးပွဲကို ကျင်းပခဲ့ကြပါတယ်။ အဲဒီစုဝေးပွဲမှာ ပါဝင်သူအများစုက အသက် ၅၀ ကျော် အရွယ်ရှိသူတွေပါ။ စုဝေးပွဲအပြီး စစ်ဆေးမှုအရ ရောဂါပိုးကူးစက်ခံထားရသူ ၂၀၀ လောက် တွေ့ရှိခဲ့ပါတယ်။ စုဝေးပွဲမှာ ပါဝင်ခဲ့တဲ့ ဘုရားကျောင်းအဖွဲ့ဝင်အားလုံးရဲ့စာရင်းကို ထုတ်ပေးဖို့ ဆာရန်ဂျေးဘုရားကျောင်းထံကနေ အစိုးရက တောင်းထားပေမဲ့ စာရင်းမရခဲ့ပါဘူး။ အဲဒါကြောင့် ပြီးခဲ့တဲ့ သောကြာနေ့ညမှာ ရဲတပ်ဖွဲ့က ရှာဖွေခွင့်ဝရမ်း ထုတ်ခိုင်းပြီး ဘုရားကျောင်းကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြပါတယ်။ ဘုရားကျောင်းအဖွဲ့ဝင်တွေက ထိတွေ့မှုရာဇဝင် ခြေရာခံရှာဖွေသူတွေကို အော်ဟစ် ကျိန်ဆဲနေတဲ့ ရုပ်သံမှတ်တမ်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

သြဂုတ်လ ၁၅ ရက် စုဝေးပွဲမှာ တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြစေဖို့ စောင့်ကြပ်ကြည့်ရှုခဲ့တဲ့ ရဲအရာရှိ ၇ ယောက်လည်း ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ တောင်ကိုရီးယားနိုင်ငံတစ်ဝန်းမှာရှိတဲ့ ဘုရားကျောင်းတွေကနေ အွန်လိုင်းကနေ ဝတ်ပြုပွဲကျင်းပကြဖို့ တိုက်တွန်းထားပေမဲ့ ဘုရားကျောင်း ၁၇ ခုကနေ မလိုက်နာခဲ့ဘူးလို့ ဆိုးလ်မြို့ အစိုးရအဖွဲ့က ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ကတော့ သတင်းမှား ဖြန့်ဝေတဲ့ လှုပ်ရှားမှုလုပ်နေသူတွေအပါအဝင် ဗိုင်းရပ်စ်တွန်းလှန်တိုက်ဖျက်ရေး စည်းမျဉ်းတွေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်သူတွေကို အပြစ်ပေးအရေးယူဖို့ တိုက်တွန်းထားပါတယ်။

Ref: BBC” South Korea on brink of nationwide virus outbreak, officials warn”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top