အသက် ၉၁ နှစ်အရွယ်မှာ ဒေးလ်ဂရေးဘီရက်ဆန်ဒါးစ် အမည်ရတဲ့ အဘိုးအိုဟာ ကမ္ဘာ့အရှည်ဆုံးလူလျှောက်တောင်တက်လမ်းမကြီးတွေထဲက တစ်ခုဖြစ်တဲ့ အက်ပါလာချီယန်တောင်တက်လမ်းကို ပြီးမြောက်အောင် လျှောက်နိုင်ခဲ့လို့ အသက်အကြီးဆုံးတောင်တက်သမားဖြစ်လာခဲ့ပါတယ်။
ဒေးလ်က သူ အသက် ၈၂ နှစ်အရွယ် ၂၀၁၇ ခုနှစ်မှာ အသက်ကြီးဆုံးတောင်တက်သမားစံချိန်ကို ပထမဆုံးချိုးခဲ့ဖူးပါတယ်။ အဲ့ဒီနောက် သူ့ရဲ့တွဲဖက်တောင်တက်သမား MJ Nimblewill Nomad Eberhart က ၂၀၂၁ ခုနှစ် အသက် ၈၃ နှစ်မှာ ဒီစံချိန်ကို ချိုးသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒေးလ်က သူ့ရဲ့စံချိန်ကို ပြန်လည်ရယူဖို့ အချိန်တန်ပြီလို့ တွေးမိခဲ့ပြီး ပြီးဆုံးအောင်လုပ်ဖို့ လပေါင်းများစွာကြာမြင့်ခဲ့ပါတယ်။
၁ နှစ်အတွင်း ဒီလမ်းတစ်လျှောက်လုံးကို စတင်တဲ့နေရာကနေ အဆုံးအထိ ပြီးမြောက်အောင် လမ်းလျှောက်တက်တာကို Thru Hiking လို့ ခေါ်ပါတယ်။ ဒေးလ်က ၆ လ အတွင်းလုပ်နိုင်ခဲ့ပါတယ်။ သူ အခုလိုလုပ်နိုင်ခဲ့တာက တစ်သက်တာတက်ကြွလှုပ်ရှားစွာ နေထိုင်ခဲ့တဲ့ ဘဝနေထိုင်မှုပုံစံကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒေးလ်က ရေတပ်ဆေးရုံမှာ တာဝန်ထမ်းဆောင်စဉ်က လှံတံငါးဖမ်းတာနဲ့ ရေငုပ်ပြိုင်ပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့တာပါ။ သူက Pepperdine University ကနေ Parks and Recreation ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး အဲ့ဒီနောက် ရေတပ်ကို ပြန်မသွားခင် သူရှိခဲ့တဲ့ နယ်ပယ်မှာ ၄ နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။

၁၉၈၀ ခုနှစ်က ဖိလစ်ပိုင်မှာ တာဝန်ထမ်းဆောင်စဉ် ဇနီးဖြစ်သူနဲ့ တွေ့ဆုံကာ လက်ထပ်ခဲ့ပါတယ်။ တပ်ထဲမှာ ၃၇ နှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၂ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါတယ်။ ဒေးလ်ရဲ့ အမှတ်တရအဖြစ်ဆုံးစွန့်စားခန်းကတော့ အသက် ၈၀ အရွယ်မှာ ရက်ပေါင်း ၈၀ အတွင်း မစ္စစ္စပီမြစ်တစ်လျှောက် လှေလှော်ခတ်ခဲ့တာပါ။ သူဟာ အသက် ၈၇ နှစ်အရွယ်မှာ Grand Canyon တောင်ကြားကို ဖြတ်သန်းတက်ဆင်းတဲ့ တောင်တက်စံချိန်ကို တင်ခဲ့ပါတယ်။ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တာပါ။
အခုဆို သူ့ရဲ့ ကိုယ်ပိုင် Grand Canyon စံချိန်ကို ချိုးဖို့ မျှော်လင့်နေပါတယ်။
Ref: 91-Year-Old Becomes Oldest Hiker to Complete the Appalachian Trail and Says He’s Not Done Setting Records Yet
WL (ရိုးရာလေး)

