သြစတြေးလျဓာတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ရဲ့ နမူနာပိုးမွေးနိုင်ခဲ့ပြီ

yyl-002-18.jpg

သြစတြေးလျနိုင်ငံက သိပ္ပံပညာရှင်တွေဟာ တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ပထမဆုံး ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ပြန်လည်ဖန်တီးနိုင်ခဲ့တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးမှုနဲ့ ကုသမှုလုပ်ဖို့ ကြိုးပမ်းရာမှာ အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်နေပါတယ်။ သြစတြေးလျသိပ္ပံပညာရှင်တွေက သူတို့ရဲ့တွေ့ရှိမှုတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)ထံ မျှဝေပေးပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေကလည်း ကိုရိုနာဗိုင်းရပ်စ်သစ်ကို ပြန်လည်ဖန်တီးနိုင်ခဲ့ပြီး ဇီဝမျိုးဗီဇအစီအစဉ်(genome sequence)ကို မျှဝေပေးပို့ခဲ့ပေမဲ့ ပြန်လည်ဖန်တီးထားတဲ့ ဗိုင်းရပ်စ်ကိုတော့ ပေးပို့ခဲ့ခြင်းမရှိပါဘူး။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၁၀၆ ယောက် သေဆုံးခဲ့ပြီး လူ ၄၅၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ ထိုင်း၊ ပြင်သစ်၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေအပါအဝင် တခြားနိုင်ငံ(၁၅)နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းဆုံး (၄၇)ဦး ရှိနေပါတယ်။ တရုတ်နိုင်ငံပြင်ပမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရလို့ သေဆုံးသူမရှိသေးပါဘူး။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Peter Doherty Institute for Infection and Immunity အထူးဓာတ်ခွဲခန်းက သုတေသီတွေဟာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရသူတစ်ယောက်ဆီကနေ ထုတ်ယူထားတဲ့ ဗိုင်းရပ်စ်ပိုးကနေ ပိုးမွေးနိုင်ခဲ့တာဖြစ်ပါတယ်။ ”ဒီလို မတော်တဆဖြစ်ရပ်မျိုးအတွက် ဟိုးအရင် နှစ်တွေကတည်းက ကျွန်တော်တို့ စီစဉ်ထားခဲ့လို့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် အဖြေထုတ်နိုင်ခဲ့တာပါ”လို့ Peter Doherty Institute for Infection and Immunity ရဲ့ ဒေါက်တာ မိုက်ကက်တန်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးဖို့အတွက် ဓာတ်ခွဲခန်းထဲမှာ မွေးမြူထားတဲ့ ဗိုင်းရပ်စ်ပိုးကို အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ရောဂါလက္ခဏာမပြသေးတဲ့အဆင့်(မြုံနေတဲ့အဆင့်)မှာ တခြားသူတွေကို ကူးစက်နိုင်စွမ်းရှိပါတယ်။ အခုလို ပိုးမွေးနိုင်ခဲ့တဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ရောဂါလက္ခဏာမပြသေးသူတွေကို ကြိုတင်စမ်းသပ်မှုတွေ လုပ်နိုင်ဖို့ ရှိနေပါတယ်။

Ref:BBC

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top