ဖက်ရှင်လောကမှာ လှုပ်ရှားနေဆဲ ကမ္ဘာ့အသက်အကြီးဆုံး မော်ဒယ်

10.1.24-yyl-3.jpg

အမေရိကန်မော်ဒယ် ကာမန်ဒဲလ်အော်ရီဖစ်ဟာ ဖက်ရှင်လောကမှာ လှုပ်ရှားနေဆဲဖြစ်တဲ့ အသက်အကြီးဆုံး မော်ဒယ်ပါပဲ။ သူ့အသက်က ၉၂ နှစ် ရှိနေပါပြီ။ ၁၃ နှစ်သမီးအရွယ်မှာ ဘဲလေးအကသင်တန်းသွားရင်း ဘတ်စ်ကားပေါ်မှာ ဓာတ်ပုံဆရာတစ်ဦးရဲ့ ဇနီးနဲ့ ဆုံခဲ့ပြီး ဓာတ်ပုံမော်ဒယ်အဖြစ် ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒီတုန်းက သူ့ဓာတ်ပုံတွေ မအောင်မြင်ခဲ့ပေမဲ့ နောက် ၂ နှစ်အကြာမှာတော့ Vogue မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင် ဖြစ်လာခဲ့တာပါ။

ကာမန်ဒဲလ်အော်ရီဖစ်ဟာ မနှစ်တုန်းက Vogue Czechoslovakia မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင် ဖြစ်ခဲ့ပြီး ဖက်ရှင်လောကမှာ လှုပ်ရှားနေဆဲ အသက်အကြီးဆုံး မော်ဒယ်အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

နယူးယော့ခ်မြို့မှာ ဖတဆိုးသမီးလေးအဖြစ် ကြီးပြင်းခဲ့ရတဲ့ ကာမန်ဒဲလ်အော်ရီဖစ်ရဲ့ငယ်ဘဝက ခက်ခဲကြမ်းတမ်းလွန်းခဲ့ပါတယ်။ အာဟာရချို့တဲ့ပြီး ပိန်လှီနေတဲ့ သူ့ခန္ဓာကိုယ် အရွယ်အစားကြောင့် ဓာတ်ပုံမော်ဒယ်လုပ်တဲ့အခါ ဝတ်စုံထဲမှာ ပိတ်စတွေ၊ တစ်သျှူးစတွေ ထိုးသွင်းပြီး ပြည့်ပြည့်ဖြိုးဖြိုး ပုံပေါ်အောင် လုပ်ခဲ့ရတာပါ။ သူ့အိမ်မှာ တယ်လီဖုန်းမရှိလို့ Vogue မဂ္ဂဇင်းက သူ့ကို မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်တဲ့အကြောင်း လူလွှတ်ပြီး ပြောခိုင်းခဲ့ရတာပါ။

မော်ဒယ်အလုပ်ကလည်း မိသားစု စားဝတ်နေရေးအတွက် လုံလောက်တဲ့ငွေကြေး မရလို့ သူတို့သားအမိနှစ်ယောက် စက်ချုပ်ပြီး ငွေရှာရပါတယ်။ ကာမန်ဒဲလ်ဟာ ပထမအိမ်ထောင်နဲ့ ကွဲပြီးချိန်မှာ ဓာတ်ပုံဆရာ ရစ်ချက်ဟိုင်းမန်းနဲ့ လက်ထပ်ခဲ့ပေမဲ့ ၁၉၅၈ ခုနှစ်မှာ မော်ဒယ်အလုပ်ကနေ အနားယူဖို့ ဆုံးဖြတ်လိုက်တာကြောင့် ရစ်ချက်ဟိုင်းမန်းရဲ့ စွန့်ပစ်ခြင်း ခံခဲ့ရပါတယ်။

သူဟာ ငွေကြေးအခက်အခဲကြောင့် ၁၉၇၈ ခုနှစ်မှာ ဖက်ရှင်လောကထဲ ပြန်ဝင်လာခဲ့ပြီး တစ်ကျော့ပြန် အောင်မြင်မှုတွေ ရခဲ့တာပါ။ လှပမှုကို ထိန်းသိမ်းနိုင်တဲ့ သူ့ရဲ့လျှို့ဝှက်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ်ကြောင့်ပါပဲလို့ ကာမန်ဒဲလ်က ဆိုပါတယ်။

Ref: 92-Year-Old Woman Is the World’s Oldest Working Model

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top